မြန်မာ့စီးပွား ဘာဆက်လုပ်ကြမလဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ နေပြည်တော်တွင် ခမ်းခမ်းနားနားဆောင်ရွက်သွားခဲ့သည်။ ဘာဆက်လုပ်ကြမလဲ။

ထိုအခမ်းအနားတွင် သေသေချာချာသိလိုက်ရသည်မှာ တစ်ခုရှိသည်။ အစိုးရသည် စီးပွားရေးဘက်သို့ ပြန်လှည့်လာပြီ၊ အာရုံစိုက်လာပြီ။ မလှည့်၍လည်း မဖြစ်တော့။ စီးပွားရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုအတွင်း စီးပွားရေးလုပ်ငန်းရှင်များအတွင်း စိုးရိမ်ပူပန်မှု အတော်မြင့်တက်လာသည်။ နောက်ကျသည်ဟု ပြောလျှင်ရသော်လည်း better late than never ‘ဘယ်တော့မှ မလုပ်ခြင်းထက် နောက်ကျခြင်းက ပိုကောင်းသည်’ဟူသော စကားရှိသည် မဟုတ်ပါလား။

စီးပွားရေးလုပ်ငန်းရှင်ဆိုသည် သူတို့တွင် မည်သည့်နိုင်ငံရေးအမြင်ရှိရှိ တက်လာသော အစိုးရများနှင့် ရန်သူ မဖြစ်ချင်ကြ။ တိတ်တိတ်ဝေဖန်ချင် ဝေဖန်မည်၊ အစိုးရနှင့် ပြိုင်ဘက်နိုင်ငံရေးပါတီများကို ငွေကြေး ထောက်ပံ့ချင် ထောက်ပံ့မည်၊ လူသိရှင်ကြားမူ ထုတ်မပြောလိုကြ။ ယခုအခါ စီးပွားရေးလုပ်ငန်းရှင်များထဲတွင် စီးပွားရေးအခြေအနေကို ပေါ်ပေါ်တင်တင်ဝေဖန်ပြောဆိုသူ တစ်စတစ်စများလာသည်။ ယင်းသည် သူတို့၏ စိုးရိမ်မှုကို ဖော်ပြသည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် “ဒီလိုတွေ့ဆုံရတဲ့ အကြောင်းရင်းကတော့ ဦးကျော်တင့်ဆွေနဲ့ ဦးသောင်းထွန်းက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကျွန်မတို့က ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေကို သိပ်ပြီးတော့ ဂရုမစိုက်ဘူးလို့ ထင်နေကြတယ်လို့ ပြောလို့ ဒီလိုတွေ့ဆုံရတာပါ။ ကျွန်မတို့ ဂရုစိုက်တယ်ဆိုတာ ပြောချင်တာပါ။ ဂရုမစိုက်လို့လည်း မဖြစ်ပါဘူး။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းဆိုတာ ကျွန်မတို့လို ဖွံ့ဖြိုးတိုးတက်စနိုင်ငံအတွက် အင်မတန်မှ အရေးပါပါတယ်”ဟု အစချီကာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ခြင်းသည် နိုင်ငံ့စီးပွားရေးကို အစိုးရက ဦးစားပေးကြောင်း ပြသည့်အပြင် ‘ပြည့်ဝမ်းဗိုက်’ ဟု တင်စားကြသော စီးပွားရေးလုပ်ငန်းရှင်များကို ဂရုစိုက်ကြောင်း ပြသခြင်းဖြစ်သည်။

ဩဂုတ် ၂၇ ရက်နေ့ နေပြည်တော်တွေ့ဆုံပွဲသည် ဩဂုတ် ၂၁ ရက်နေ့ Singapore Lecture နှင့်လည်း ချိတ်ဆက်နေသည်။ စင်ကာပူတွင် မေးခွန်းမေးသူများသည် မြန်မာ့စီးပွားရေးနှင့် စီးပွားရေးမူဝါဒများ အကြောင်းကို အတော်လေးမေးသွားသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖြေသည့်အပြင် အတူလိုက်ပါသွားသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဝန်ကြီးဦးသောင်းထွန်းကိုပါ ပွဲထုတ်ပြီး ဖြေစေခဲ့သည်။

Wish List မှသည် ကုန်းရုန်းလုပ်ကြချိန် တန်ပြီ

မြန်မာ့စီးပွားရေးတကယ်တက်စေလိုလျှင် ကုန်းရုန်းလုပ်ကြချိန် တန်ပါပြီ။ အချိန်သိပ်မကျန်တော့ပါ။

မူဝါဒများသည် ကိုယ်လိုချင်သည်များကို တန်းစီချရေးထားသည့် Wish List ဆုတောင်းစကားများ ဆန်ဆန်သာဖြစ်နေလျှင် မည်သည့်အခါမျှ မူဝါဒရည်မှန်းချက်ပြည့်ဝမည် မဟုတ်ပါ။ “သမီးလေး ကြီးလာရင် ဘာလုပ်ချင်လဲ” ဟုမေးသည့်အခါ “အာကာသယာဉ်မှူးဖြစ်ချင်တယ်” ဟူသော ရည်မှန်းချက်ဆန်ဆန်သာဖြစ်ပြီး ဘယ်အချိန်တွင် ဖြစ်အောင် ဘယ်လိုလုပ်မည်ဟူသော စီမံချက်မပါလျှင် အချည်းနှီးသာ ဖြစ်မည်။

ဘယ်ရည်မှန်းချက်ဘယ်အချိန်ပြီးရမည်ဟု Time Line အချိန်ဇယားနှင့်တကွ အကောင်အထည်ဖော်ရမည်။ မည်မျှကောင်းသော မူဝါဒဖြစ်စေ အချိန်ဇယားမပါပါက Wish List အဆင့်မှ တက်မည် မဟုတ်ပါ။

အကောင်အထည်ဖော်မည့်သူ

အချိန်ဇယားနှင့်တကွ မူဝါဒထွက်လာလျှင်ပင် အကောင်အထည် ဖော်မည့်သူများ လိုနေသေးသည်။ မြန်မာ့စီးပွားရေး၏ အခြေခံပြဿနာမှာ အခြားသော မြန်မာ့ရေးရာနယ်ပယ်များကဲ့သို့ပင် အကောင်အထည်ဖော်မည့်သူ implementer များ ရှားပါးခြင်းဖြစ်သည်။ အကောင်အထည်ဖော်နိုင်မည့် သူများ ဝန်ကြီးဌာနများ၏ ရှေ့တန်းတွင် နေရာရလာပါမှ မြန်မာ့စီးပွားရေးရှေ့သို့ ရွေ့ပါလိမ့်မည်။ နောက်ကျန်သော ၂ နှစ်အတွင်း ဝန်ကြီးအသစ်များ ရောက်လာခြေနည်းသည့်အတွက် လုပ်နိုင်ကိုင်နိုင်သော အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်ဒုညွှန်ကြားရေးမှူးချုပ်များကိုသာ မျှော်ရပေမည်။

ဗျူရိုကရေစီယန္တရားဆိုသည်မှာ အဖွဲ့အစည်းကြီးလေလေ ရွေ့ရန်နှေးကွေးလေဖြစ်သည်။ အစိုးရ မဟုတ်သော ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ၊ NGO များတွင်ပင် အရွယ်အစား ကြီးလာသည်နှင့်အမျှ ဆုံးဖြတ်ချက်များသည် အကောင်အထည်ဖော်ရန် ကြာမြင့်တတ်သည်။ အစိုးရဝန်ကြီးဌာနများသည် နိုင်ငံအတွင်း အကြီးဆုံးသောအဖွဲ့အစည်းများ ဖြစ်သည်။ ထိုဝန်ကြီးဌာနများတွင် လုပ်နေကျ လုပ်ရိုးလုပ်စဉ်များကို တော်လှန်ပြောင်းလဲပစ်မည့် တော်လှန်ရေးသမားများ လိုသည်။ မလိုဘဲ သုံးနေသည့် အသုံးစရိတ်များကို လျှော့ချဖြတ်တောက်ပြီး တကယ်လုပ်ရမည့် အသုံးစရိတ်ဘက်သို့ ပို့ပေးရန်မူ လိုအပ်သည်။

ဝန်ကြီးဌာနများသည် သူ့အကန့်အသတ်နှင့် သူ ရှိနေသည့်အတွက် အချို့ကိစ္စများတွင် ပြင်ပသို့ လွှဲအပ်ဆောင်ရွက်စေခြင်း outsourcing များ လုပ်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသင့်သည်။

တွေ့ဆုံပွဲများ အလုပ်ဖြစ်စေလို

ဒေါ်အောင်ဆန်းစုကြည်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့သည့် ပွဲတွင် အချိန်ပေးသည်ကို တွေ့ရသည်။ မိန့်ခွန်းပြောသည့် အခမ်းအနား၊ ရခိုင်အရေးလှူသူ ငါးဦး အခွန်အများဆုံးထမ်းသူ ငါးဦးနှင့် တွေ့ဆုံပွဲအပြင် ညနေညစာစားပွဲပါ တက်လိုက်သည်။ ဒုဝန်ကြီးဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲလည်း ကျင်းပသည်။ ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံကို ဦးဆောင်မောင်းနှင်နေသည့် ပုဂ္ဂိုလ်ကြီးများ၏ အဖိုးတန်အချိန်များ၊ စီးပွားရေးခေါင်းဆောင်များ၏ အချိန်များသည် နိုင်ငံ့စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းလျှင် အကောင်းဆုံးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောအပြီးတွင် မေးခွန်းမေးခွင့် သို့မဟုတ် တောင်းဆိုခွင့် သို့မဟုတ် ရှင်းပြခွင့်ကို စီးပွားရေးလုပ်ငန်းရှင်သုံးဦးလောက်သာ ရလိုက်သည်။ အမေးအဖြေကဏ္ဍကို နာရီဝက်ပေးထားသော်လည်း ဆွေးနွေးသူများ အချိန်ကြာကြာယူသည့်အတွက်ကြောင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဆွေးနွေးသဖြင့် လည်းကောင်း မေးခွန်းမေးတင်ပြသူ သုံးဦးဖြင့် အပြီးသတ်သွားခြင်း ဖြစ်သည်။

ယခုကဲ့သို့ဆွေးနွေးပွဲများသည် Brain Storming ခေါ် အကြံထုတ်သည့် ပွဲများ ဖြစ်သင့်သည်။ မကြောက်မရွံ့ရင်းရင်းနှီးနှီးဆွေးနွေးနိုင်အောင် ပွဲအခင်းအကျင်းထိုင်ခုံနေရာချထားပုံမှ အစ စီစဉ်သင့်သည်။ သို့မှသာ နိုင်ငံ့စီးပွားရေးအတွက် အကြံဉာဏ်ကောင်းများ ထွက်ပေမည်။

ထိုသို့အကြံထုတ်ပွဲများသည် စီးပွားရေးလုပ်ငန်းနယ်ပယ်အလိုက်လည်း ဖြစ်သင့်သည်။

အကြံထုတ်ရာတွင်မြန်မာ့စီးပွားတိုးတက်အောင် မည်သည့် နယ်ပယ်များကို ဦးစားပေးဆောင်ရွက်ရမည်ဆိုသည့် ဦးစားပေးရှာဖွေ ခြင်းကို ပထမဆုံးလုပ်သင့်သည်။ ဦးစားပေးဆိုပြီး နယ်ပယ်၂၀ ခန့် ဆွဲထုတ်လာယူလျှင်မ ‘ဦးစားပေး’မဟုတ်တော့သဖြင့် နယ်ပယ်သုံးခုလောက်သာ နာမည်စာရင်းထွက်အောင် ကြိုးစားသင့်သည်။

နိုင်ငံအတွက် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်သင့်သည့်အချိန်တွင် လုပ်ရပေမည်။ နိုင်ငံ့စီးပွားရေးကို အပြောမဟုတ် တကယ်လုပ်သင့်နေပါပြီ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *