မူးယစ်ဆေးသတင်းပေးသူကို သမ္မတအပါအဝင် သုံးဦးသာသိ ဟုဆို

နေပြည်တော်၊ စက်တင်ဘာ၂၁

မူးယစ်ဆေးဖမ်းဆီးမိရန် တိုင်ကြားသူကို သမ္မတအပါအဝင် သုံးဦးသာ သိရှိပြီး ပြည်ထဲရေးကိုပင် အသိမပေးဘဲ  ကွယ်ဝှက်ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာလ၂၁ရက်နေ့တွင်  နိုင်ငံတော်သမ္မတရုံး မီဒီယာတွေ့ဆုံခန်းတွင် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပိုင်ရှင်မဲ့နှင့် လက်ကြီးသမားများကို အဓိကဖမ်းရန် ဦးတည်ထားသော်လည်း တိုင်ကြားသူသတင်းပေးအပါအဝင် မူးယစ်သတင်းအရ အသေးအဖွဲကိစ္စများကို မိနေခြင်းဖြစ်ပြီး အသေးအမွှားများကိုလည်း လွှတ်ပေးထားရန် မဖြစ်နိုင်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ယင်းကြောင့် တိုင်ကြားသတင်းပေးသူကို သံသယမရှိ တိုင်ကြားပေးစေလိုကြောင်း ၎င်းက ထပ်လောင်းပြောသည်။

တိုင်ကြားစာကို ဒုတိယညွှန်ချုပ်မှ တစ်ဆင့် သမ္မတထံ တင်ပြပြီးသည်နှင့် ပြည်ထဲရေးကို ပို့ကာ ပြည်ထဲရေးမှ အဆင့်ဆင့်မသွားဘဲ တိုက်ရိုက်ဖမ်းဆီးရန် အစီအစဉ်ဆွဲထားခြင်း ဖြစ်သည်။

အဆင့်ဆင့်ဖမ်းဆီးခြင်းတွင် ယခင်က အစပျောက်သွားသည့် အခြေအနေများရှိခဲ့သောကြောင့် ယင်းကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ပြီး ပြည်ထဲရေးမှတစ်ဆင့် တိုင်ကြားသူနာမည်ကို ပေါက်ကြားရန် စိုးရိမ်ရသောကြောင့် ကွယ်ဝှက်ထားခြင်းဟု ၎င်းက သုံးသပ်သည်။

မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ စက်တင်ဘာလ ၁၅ ရက်နေ့အထိ စုံစမ်းဖော်ထုတ်ချက်များအရ တိုင်ကြားမှုပေါင်း ၆၉၈ မှု၊ ဆောင်ရွက်ပြီးစီးမှု ၅၀၀ မှု၊ အမှုပေါင်း၂၇၁ မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံ ၄၂၁ ဦး ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိမှုတွင် ဘိန်းဖြူ ၂၆၂၆ ဒသမ ၉၇ ဂရမ်၊ ICE ၁၆ ဒသမ ၇၁ ဂရမ်၊ ဘိန်း ၃၄,၈၆၀ ဒသမ ၈၅ ဂရမ်၊ အဆင့်နိမ့် ဘိန်း ၃၂၉ ဂရမ်၊ ဘိန်းစာမှုန့် ၅၈၀၂ ဂရမ်၊ ဘိန်းစာရွက် ၃၉၇၃ ဒသမ ၉၉ ဂရမ်၊ စိတ်ကြွဆေးပြား ၁၄၄,၄၁၁ ပြား၊ ဆေးခြောက် ၃၃၅၆ ဒသမ ၇၄ ဂရမ်၊ ဘိန်းရည် ၀ ဒသမ ၁၀ လီတာ၊ ဘိန်းဆီခဲ၂၁၇ ဒသမ ၄၀ ဂရမ်၊ ဘိန်းစေ့ ၆၀ ဂရမ်၊ စိတ်ကြွဆေးပြားအကြေမှုန့် ၁ ဒသမ ၆၅ ဂရမ်၊ သေနတ်မျိုးစုံ ၁၀ လက်၊ ကျည် မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံးတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားချက်အရ သိရသည်။

ရန်ကုန်မြို့တော်မူးယစ်ဆေးဝါး ပြတိုက်တွင် စက်တင်ဘာလ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက မူးယစ်ဆေးဝါးဈေးကွက်ကို ထိန်းချုပ်စနစ်ဖြင့် ဆောင်ရွက်နေပြီး လက်ရှိတွင် အလွယ်တကူဝယ်ယူ၍ မရတော့ကြောင်း မီဒီယာများကို ဖြေကြားခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *