ထောင်နှင့် ပြည်သူ အူတူတူ

မစည်ကားအပ်သည့် အရပ်ဒေသများတွင် အကျဉ်းထောင်များပါဝင်သော်လည်း မြန်မာလူထုကတော့ တစ်သုတ်ပြီး တစ်သုတ် ထောင်ထဲကို လှိမ့်ဝင်လျက်ရှိနေကြသည်။

လက်ရှိဖြစ်တည်နေသည့် နိုင်ငံ၏အခြေအနေများအရလည်း ဆက်လက်၍ ထောင်ထဲသို့ သွားနေကြဦးမည့်ပုံ။

မူးယစ်ဆေး၊ လာဘ်ပေးလာဘ်ယူကိစ္စတို့ကို အရှိန်မြှင့် တိုက်ဖျက်လျက်ရှိနေသလို ထူပြောလှပြီး တရားရုံးများအနေနှင့် နိုင်နင်းအောင် စီရင်ခြင်းမပြုနိုင်ဘဲ စိတ်ပျက်ရသည့် ရာဇဝတ်မှုများနှင့် မတရားမှုများကလည်း အကျဉ်းထောင်များကို ပို၍ စည်ကားလာစေသည်။

အဆိုပါအနေအထားတို့ကား မြန်မာပြည်သူလူထုအတွက် စိတ်ကျေနပ်စရာအခြေအနေ အမှန်ဖြစ်ပါ၏လော။

“အရင်က ထောင်ဆိုတာက သမားရိုးကျပဲ။ ရာဇဝတ်အကျဉ်းသားတွေပဲ အများဆုံးရှိတာ” ဟု မန္တလေး၊ မြစ်ကြီးနား၊ ကလေး စသည့် ထောင်တို့တွင် တာဝန်ယူခဲ့ဖူးသည့် အငြိမ်းစားထောင်မှူးကြီးတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့် (စာရေးဆရာ ဇေယျာမင်းသျှင်) က ဆိုသည်။

ယခုမူ ထိုသို့မဟုတ်တော့။

လူဆိုး၊ သူခိုး၊ ဂျပိုးမှသည် အနု ၏ပညာ၊ စာပေ၊ သတင်းမီဒီယာတို့အလယ် အရာရှိများ၊ ပညာရှင်များ၊ နောက်ဆုံး တရားရေးကဏ္ဍ၏ အရေးကြီးပုဂ္ဂိုလ်များအထိ နယ်ပယ်စုံ၊ အရွယ်စုံတို့က နရသိန် ညီလာခံသို့ တက်ရောက်လျက်ရှိကြ၏။

ထောင်အရာရှိတစ်ဦးက နာမည်ကို ခေါ်ငင်၍ လူစစ်ရာတွင် တပည့်ဖြစ်သူက ပြန်လည်ဖြေဆိုနေပုံကို ကာတွန်းဆရာတစ်ဦးက မကြာသေးခင်ကပင် ယခုလို သရုပ်ဖော် ထေ့ငေါ့ထားသည်။
“မင်းသား”
“ရှိ”
“အဆိုတော်”
“ရှိ”
“ဒါရိုက်တာ”
“ရှိ”
“အယ်ဒီတာ၊ စာရေးဆရာ၊ သတင်းထောက်”
“ရှိ”
“တရားသူကြီး၊ ဥပဒေအရာရှိ၊ ရဲမှူး”
“ရှိ”
“လူသတ်၊ မုဒိမ်း၊ သူခိုး၊ ဓားပြ”
“ထောင်မဆံ့တော့လို့ အပြင်ကို ခဏလွှတ်ထားတယ် အာစရိ” ဟူ၍ ဖြစ်သည်။

ကာတွန်း ကိုခေတ်၏ လက်ရာ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ၄၆ ခုသော အကျဉ်း ထောင်များတွင် အကျဉ်းသားများဖြင့် ပြည့်နေသည်။ စာရင်းအတိအကျ မသိရသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား သိန်းဂဏန်းဝန်းကျင် ရှိနေသည်။

အချို့ဆိုလျှင် သတ်မှတ်ထားသည့် ဆံ့ဝင်ဦးရေထက် ပိုမို၍ လက်ခံနေရသည်။ အင်းစိန်အကျဉ်းထောင်ဆိုလျှင် ရှိသင့်သည့်ပမာဏထက် နှစ်ဆကျော်လျက်ရှိကာ ကျပ်ကျပ်တည်းတည်း။ ၎င်းတို့ကို ကြပ်မတ်ထိန်းချုပ်သည့် ဝန်ထမ်းနှင့်မမျှ။ ဝန်ထမ်းဦးရေသည် ဖွဲ့စည်းပုံအင်အား ပြည့်မီခြင်းမရှိသည့်အတွက် လုပ်ငန်းတာဝန်များကို ပုံမှန်ထက် နှစ်ဆ၊ သုံးဆ ခန့် ပိုလုပ်နေရသည်။

လိုအပ်သည်ထက် ပိုမိုစွာလက်ခံထားရှိနေရသည်က အကျဉ်းသားများအနေနှင့်လည်း အကျဉ်းသားအခွင့်အရေးဆုံးရှုံးစေသလို ကူးစက်ရောဂါကဲ့သို့သော အန္တရာယ်တို့ကို စိုးရိမ်ရသည်။

“ကူးစက်ရောဂါ ကျရောက်လိုက် လို့ရှိရင်… အခုဒါ မကျရောက်သေးလို့။ တကယ် ဝမ်းရောဂါသာကျရောက်ခဲ့မယ်ဆိုရင် အဲဒီထောင်ထဲမှာ ပြစ်ဒဏ်ခံနေရတဲ့လူတွေသည် အားလုံးနီးပါးလောက် သေဆုံးကုန်မှာပဲ” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

အကျဉ်းထောင်ဝန်ထမ်းများအနေနှင့်လည်း အုပ်ချုပ်ရေးမနိုင်မနင်းဖြစ်ပေါ်စေပြီး ထောင်တွင်း ကမောက်ကမဖြစ်စဉ်များ ပေါ်ပေါက်တတ်သည်။ မကြာသေးခင်ကပင် ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် ကြီးမားသည့်ထောင်ဖောက်မှု ဖြစ်ပွားခဲ့သေးသလို ရဲစခန်းအချို့မှလည်း အချုပ်ဖောက်ပြေးမှုများ ဖြစ်ပေါ်ခဲ့သည်။

အကျဉ်းသားများ ထူထပ်များပြားနေခြင်းက ထောင်တာဝန်ရှိသူများအနေနှင့်လည်း ဥပဒေနှင့်အညီ အုပ်ချုပ်ပြုမူရန် အခက်တွေ့စေသည်။ လာဘ်ပေးလာဘ်ယူမှုကိုလည်း ပိုဖြစ်စေသည်။ ကောင်းမွန် သည့် အိပ်စရာနေစရာရဖို့၊ ကျပ်တည်း သည့် ထောင်များတွင် မနေရဖို့ စသဖြင့်။

အကျဉ်းထောင်များတွင် အကျဉ်းသားများ များပြားနေခြင်း၏ လက္ခဏာသည် မည်သို့ ပြဆိုနေသနည်း။

အကျဉ်းထောင်များ စည်ကားနေခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံအနေနှင့် နိုင်ငံရေး၊ လူမှုရေးအခြေအနေ ဆိုးရွားပျက်ပြားနေခြင်းကို ပြဆိုနေခြင်း ဖြစ်သည်။

“အကျဉ်းထောင်မှာ လူတွေများတာ ဘယ်ကောင်းမလဲဗျာ။ အဆိုအမိန့် လေးတစ်ခုတောင်ရှိတယ်မဟုတ်လား၊ စာကြည့်တိုက်တံခါးတွေပိတ်ရင် အကျဉ်းထောင်တံခါးတွေ ပွင့်သွားလိမ့်မယ်ဆိုတာလေ” ဟု စာရေးဆရာလည်းဖြစ်၊ အငြိမ်းစား ခရိုင်တရားသူကြီးတစ်ဦးလည်း ဖြစ်သည့် ဆရာပြေလွင်မြင့်က ဆိုသည်။

မြန်မာ့လူ့ဘောင်တွင် စာကြည့်တိုက်တံခါးတို့ ပိတ်ခံခဲ့ရသည်မှာ နှစ်များစွာ။ ထိုအတောအတွင်း ပြည်သူတို့ အသိပညာနှင့် ဗဟုသုတတို့ ချို့ငဲ့ခဲ့ရသည်။ ဥပဒေရေးရာနှင့်ပတ်သက်၍လည်း အသိငတ်ခဲ့သည်။ ယင်းမှ ပြည်သူ့နီတိနှင့် ကိုယ်ကျင့်တရားပညာတို့ ဆင်းရဲသွားခဲ့သည်။

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ယိုယွင်းပျက်စီးနေတယ်ဆိုတဲ့ ကောက်ချက်ကို ချလို့ရတာပေါ့” ဟု အကျဉ်းထောင်များတွင် လူစည်ကားနေခြင်းနှင့်ပတ်သက်၍ ၎င်းက မှတ်ချက်ပြုသည်။

မည်သို့ လုပ်ကြမည်နည်း။

နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးတိုးတက်ကောင်းမွန်သည့် ဥရောပ၏ အချို့နိုင်ငံများဆိုလျှင် အကျဉ်းထောင်များတွင် အကျဉ်းသား မရှိဖြစ်နေခြင်းကြောင့် ပိတ်ပစ်လိုက်သည်များ ရှိသည်။

အကျဉ်းထောင်များတွင် စည်ကားသိုက်မြိုက်ဖြစ်နေသည်ကမူ နိုင်ငံပုံရိပ်အတွက် မကောင်းလှ။ အကျဉ်းသားများ၏ စားရေးသောက်တာကိစ္စအတွက် နိုင်ငံတော်၏ ပြည်သူလူထုကပင် တာဝန်ယူထားရပြန်ရာ အကျဉ်းသားများပြားလျှင် ပြည်သူအနေနှင့် စရိတ်ပိုထောင်းမည်။ လုပ်အားများ အကျဉ်းထောင်အတွင်း ရောက်နေသဖြင့် ဆုံးရှုံးနစ်နာပြန်သည်။

သို့သော် လက်ရှိမြန်မာ့တရားဥပဒေစိုးမိုးရေးကဏ္ဍကလည်း အခြေအနေဆိုးရွားလျက်ရှိနေပြန်သည်။ တရားဥပဒေစိုးမိုးရေးကို တွန်းတင်နေရသည့် မနည်းအခြေအနေတွင်သာ ရှိနေသေးသည်။

လက်ရှိအကျဉ်းသားများ၏ အများစု (၇၀ ရာခိုင်နှုန်း) သည် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသူများ ဖြစ်သည်။ အစိုးရအနေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စကို မြှင့်တင်ထားသလို အဂတိလိုက်စားမှုကိုလည်း အလားတူပင် ဆောင်ရွက်လျက်ရှိသည်။ လောလောဆယ်တွင် ကနဦးဆိုခဲ့သည့်အတိုင်း နယ်ပယ်စုံမှ ပုဂ္ဂိုလ်များကို တစ်သုတ်ပြီး တစ်သုတ် ဆွဲသွင်းလျက်ရှိသည်။

အခြားတစ်ဖက်တွင် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အားစိုက်လုပ်ဆောင်လာသည်နှင့်အမျှ အကျဉ်းထောင်တွင် လူပိုများလာနိုင်သည်။ ဥပဒေချိုး ဖောက်လျှင် မည်သူမဆို ထောင်ထဲဝင်ရမည်ဆိုသည့် သဘော။

အဆိုပါကိစ္စတို့ကို ဖိဖိစီးစီးဆောင်ရွက်မည်ဆိုပါက လူများစွာကို အကျဉ်းထောင်သို့ ပို့ရဦးမည်ဖြစ်သည်။ လက်ရှိတွင်ပင် ထောင်က မဆံ့မပြဲ။

ထောင်တို့ကို ချဲ့ရမည့်ကိန်းလော။

ထောင်ချဲ့ရန်ထက် မလိုအပ်ဘဲ ပြည်သူများကို ထောင်ထဲ၊ အချုပ်ထဲ မထည့်ရန် လိုအပ်သည်ဟု ဦးခင်မောင်မြင့် (ဇေယျာမင်းသျှင်) က ဆိုသည်။

ယင်းက ထစ်ခနဲရှိ အမှုဖွင့်၊ တရားစွဲလျက်ရှိသည့် မြန်မာ့လူ့ဘောင်နှင့်မူ အခက်တွေ့မည့်ပုံ။ သည်ဘက်ခေတ်များတွင် အသေရဖျက်မှုကိစ္စအပါအဝင် တရားမမှုများက ပို၍ ထူပြောလာသည်။ ဆက်သွယ်ရေးဥပဒေ၏ နာမည်ကျော် ၆၆ (ဃ) ပုဒ်မတွင် စန်းအပွင့်ဆုံး ပုဒ်မတစ်ခု ဖြစ်လာသည်။

မလိုအပ်ဘဲ ပြည်သူများ ထောင်ထဲ၊ အချုပ်ထဲ မရောက်စေရန် ရဲတပ်ဖွဲ့တို့၊ ဥပဒေအရာရှိတို့က ပြုလုပ်နိုင်သည်။ ပြဿနာများကို လူမှုရေးနည်းနာတို့ဖြင့် ညှိနှိုင်းဖြန်ဖြေကာ ကျေအေးစေခြင်းမျိုး။ တစ်ခါတစ်ရံတွင် တရားစွဲဆိုခံရသူတို့ကို အာမခံပေးခြင်းဖြင့်လည်း အချုပ်မှလွတ်စေနိုင်သည်။ အာမခံပေးခြင်း၊ မပေးခြင်းကိစ္စတွင်ပင် ပြဿနာတို့က ရှိနေပြန်သည်။

ပြီးလျှင် လူတို့ကို ကိုယ်ကျင့်တရားဆိုင်ရာ၊ ဥပဒေဆိုင်ရာ အသိပညာပေးမှုဖြင့် ကြိုတင်ကာကွယ်လုပ်ငန်းစဉ် လုပ်နိုင်သည်။
ထိုသို့ဖြင့် ထောင်သို့ အဝင်လျော့စေမည်။

“ထောင်ကို ချဲ့ရမလားဆိုတာထက် လူတွေ ဥပဒေကို လိုက်နာတဲ့အကျင့်တွေ ပျိုးထောင်ပေးတဲ့ဘက်ကို ပိုပြီးတော့ ရောက်စေချင်တယ်ပေါ့” ဟု ဆရာပြေလွင်မြင့်က ဆိုသည်။

နောက်တစ်နည်းကား ကျခံလျက်ရှိသည့် အကျဉ်းသားအရေအတွက်ကို လျှော့ချခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထောင်ခါခြင်းဖြစ်သည်။

သို့သော် ယင်းကိစ္စတွင်လည်း ပြဿနာတို့ ရှိနေပြန်သည်။

လူဆိုး၊ သူခိုးများကို အပြင်လောကသို့ လွှတ်ပေးလိုက်လျှင် ပို၍ရာဇဝတ်မှုထူပြောကာ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမည့်အရေး ဖြစ်သည်။

ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန်လက်ထက်က ယင်းသို့သော အခြေအနေပေါ်ပေါက်ခဲ့ရာ ပြည်သူလူထုက ယခုထက်တိုင် အမြင်မကြည်လှ။

အငြိမ်းစားထောင်မှူးကြီးဖြစ်သူ ဦးခင်မောင်မြင့်ကမူ စနစ်တကျလွှတ်တတ်လျှင် အဆင်ပြေသည်ဟု ဆိုသည်။

အကျဉ်းထောင်မှ အကျဉ်းသားများကို ပြန်လည်လွှတ်ပေးရာတွင် နှစ်မျိုးနှစ်စားရှိပြီး ပထမတစ်မျိုးမှာ လူမှုရေး၊ စီးပွားရေးကိစ္စ စသည့် တရားမမှုဖြင့်ကျသည့် သာမန်အကျဉ်းသားနှင့် ဒုတိယတစ်မျိုးမှာ ခိုးဆိုးလုယက်၊ လူသတ်၊ မုဒိမ်း စသည့် ရာဇဝတ်အကျဉ်းသားများ ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ရိုးရိုးအကျဉ်းသားတို့ကို ထောင်တံခါးမ ကြီးမှ လွှတ်ပေးလိုက်၍ ရသော်လည်း ရာဇဝတ်သားများကို လွတ်ငြိမ်းခွင့်ပြုရာ တွင် ဇာတ်လမ်းရှည်သည်။

ရဲတပ်ဖွဲ့အရာရှိတို့ကိုခေါ်၍ ၎င်းတို့ ကို ဇာစ်မြစ်နောက်ခံအကြောင်းအချက်အလက်များနှင့်တကွ ရဲထံသို့ အပ်လိုက်သည်။ ရဲက စစ်ဆေးမေးမြန်း၊ ခံဝန်ကတိပြုချက်များ ရေးထိုးစေ၍ မည်သည့်ဒေသ၊ မည်သည့်နယ်မြေသို့ပြန်၍ မည်သည့်အလုပ်အကိုင်ကို လုပ်ကိုင်စားသောက်မည်နည်းဆိုသည့် မှတ်တမ်းများ ရယူထားသလို သက်ဆိုင်ရာ နယ်မြေရဲစခန်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ အဆိုပါ အကျဉ်းသားအနေနှင့်လည်း တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် သတ်မှတ်ချက် တစ်ခုအတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ပုံမှန်အစီရင်ခံနေရမည် ဖြစ်သည်။

အဆိုပါ လုပ်ထုံးလုပ်နည်းများက ရှေးကတည်းကရှိနေခဲ့သည့် အကျဉ်းထောင်လက်စွဲ၊ ရဲလက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည်။

နောက်ပိုင်းတွင် ယင်းသို့ စနစ်တကျ မလုပ်ဆောင်ကြတော့ဟု ဦးခင်မောင်မြင့် က ဆိုသည်။

ရဲတပ်ဖွဲ့က အကျဉ်းထောင်သို့ မော်တော်ယာဉ်ဖြင့် လာရောက်ခေါ်ငင်သော်လည်း စခန်းအထိ ခေါ်မသွားတော့။လမ်းမှာပင် လွှတ်ပေးလိုက်ရာ အဆိုပါ လွတ်ငြိမ်းအကျဉ်းသားများအနေနှင့် လွတ်လပ်စွာ ပြည်သူလူထုအတွင်း တိုးဝင်ပျောက်ကွယ်သွားနိုင်သည်။ တချို့ ခြေရာ ပျောက်သွားသည်။

“အဲဒီတော့ ဒီလူဆိုးလူမိုက်တွေက လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေ ဘာမှမရှိဘဲနဲ့ လူထုအတွင်းကို ရောက်သွားတယ်” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

“ရဲလုပ်ငန်းစနစ်ပျက်ကွက်ခြင်းကြောင့် ဖြစ်တာ။ လူတွေကို လွတ်ငြိမ်းချမ်းသာပေးလို့ ရာဇဝတ်မှုတွေ ထူပြောလာတာမဟုတ်ဘူး”

မြန်မာ့လူ့ဘောင်အနေနှင့် ထောင်ထွက်များနှင့်ပတ်သက်ပြီး သဘောထားများက အမျိုးမျိုးရှိနေပါသည်။

ပုံမှန်အားဖြင့် အကျဉ်းထောင်ဆိုသည်က လူ့အဖွဲ့အစည်းက လက်မခံသည့်အပြုအမူနှင့် ပြစ်မှုတို့ကို ကျူးလွန်သူတို့အား သီးသန့်ထိန်းသိမ်း၍ ၎င်းတို့၏ အမူအကျင့်နှင့် အတွေးအခေါ်များ ပြောင်းလဲသွားစေရန် ပြုပြင်ပေးသည့် ကျောင်းတော်သဖွယ်ဖြစ်သည်။ ပြီးလျှင် လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ပြီဟု ယူဆရလျှင် ပြန်လွှတ်ပေးမည်။

တစ်နည်းအားဖြင့် လူဆိုး၊ သူခိုး၊ ဂျပိုးနှင့် မကောင်းမှုလုပ်သူများကို ထိန်းသိမ်းရာနယ်မြေအဖြစ်လည်း ယေဘုယျရှုမြင်ကြသည်။

လက်တွေ့တွင် အခြေအနေတို့သည် ထိုသို့ ဟုတ်မနေ။

လူဆိုးဖြစ်မှ ထောင်ကျမည်ဟု တရားသေတွက်ဆ၍ မသင့်။ အများအကျိုးသယ်ရွက်သယ်ပိုးသူ လူတော်လူကောင်းများ ထောင်ကျခဲ့ရသည့် ကာလရှည်တစ်ခုသည် မြန်မာနိုင်ငံတွင် အထင်အရှားရှိနေခဲ့ဖူးသလို လက်ရှိအချိန်အထိပင် ယင်းကိစ္စနှင့်ပတ်သက်၍ ဝိဝါဒကွဲပြား စရာတို့လည်း ရှိနေသည်။

အစိုးရကို ဝေဖန်ထောက်ပြသူ၊ သတင်းလုပ်ငန်းလုပ်ကိုင်သူ စသည်တို့ကိုလည်း ထောင်ထဲတွင် ရှိနေသည်။ အချို့အနေနှင့် ထောင်ကလွတ်မှ နာမည်ကျော်၊ သူရဲကောင်းဖြစ်သွားသည်များလည်း ရှိပြန်သည်။ ထောင်ကျဖူးမှ လူရာဝင်ဆိုသည့် အဖြစ်များလည်းရှိသည်။ အခြေ အနေ၊ အကြောင်းအချင်းအရာ အမျိုးမျိုးနှင့် ဖြစ်သည်။

ယင်းကား မြန်မာ့လူ့ဘောင်၏ လွဲမှားခဲ့သည့် စနစ်များ၊ လုပ်ကိုင်ပုံအမှားများမှ ဆင်းသက်ခဲ့ခြင်းလည်း ဖြစ်သည်။

မကြာသေးခင်က PACE (ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့) က ကောက်ယူသည့်စစ်တမ်းတွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အချင်းချင်းအကြား ယုံကြည်မှု လျော့နည်းလာနေသလို ထောင်ထွက်များနှင့်လည်း အိမ်နီးချင်းအဖြစ် အတူနေရန်မလိုလားကြဟု ဖော်ပြထားသည်။

လွတ်ငြိမ်းချမ်းသာခွင့်များကို အစိုးရများအနေနှင့် အခါအားလျော်စွာ ပြုတတ်ကြသည်။ လက်ရှိသမ္မတ ဦးဝင်းမြင့်လက်ထက်တွင်ပင် ပြီးခဲ့သည့် မြန်မာနှစ်ဆန်းကာလက လုပ်ဆောင်ခဲ့သေးသည်။

လွတ်ငြိမ်းချမ်းသာခွင့်သည် အကျဉ်းထောင်တွင် နှစ်ရှည်လများ နေပြီးသူများ၊ အနည်းဆုံး ပြစ်ဒဏ်၏ သုံးပုံနှစ်ပုံကျခံပြီးသူများ၊ မိမိ၏လုပ်ရပ်ကို နောင်တရနေသူများ၊ မတရားဖမ်းဆီးအကျဉ်းကျခံရသူများအတွက်မူ သင့်လျော်ပါသည်။

သို့သော် မဆံ့မပြဲဖြစ်နေသည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖြေရှင်းရေးကိုမူ သဘောမကျလှဟု ဆရာပြေလွင်မြင့်က ဆိုသည်။

“လူများနေတာ၊ လွတ်ငြိမ်းချမ်းသာနည်းနဲ့ ဖြေရှင်းတဲ့နည်းလမ်းကို ကျွန်တော်က တရားသူကြီးတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာလုပ်လာတဲ့ အတွေ့အကြုံအရ ပြောရရင်တော့ သာမန်အားဖြင့် မကြိုက်ပါဘူး”

ထိုသို့ဖြင့် ထောင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အူကြောင်ကြောင် ဖြစ်နေရသည်။

နာမည်ကျော် လှတောသားတို့၏ ပုံပြင်တစ်ပုဒ် ရှိပါသည်။

လှတောရွာတွင် ဆရာဝန်တစ်ဦးသည် တာဝန်ကျ၍ ဆေးခန်းဖွင့်၏။ လှတောသားတို့က တော်တန်ရုံဖြင့် နာဖျားခဲလှသည်။ အကယ်၍ နာဖျားခဲ့သည်ရှိသော်လည်း သာမန်ညောင်ညအာဂန္တု ဖျား၊ ရိုးရာဆေးနည်းဖြင့် ကုလိုက်လျှင် ပျောက်။ ဆရာဝန်ထံ သွားစရာမလို။ တစ်ခါတော့ လူတစ်ယောက် အတော်နေမကောင်းဖြစ်၍ ဆရာဝန်ထံ မသွားချင် သွားချင်ဖြင့် သွားလိုက်ရသည်။ ဆရာဝန် က ဆေးထိုး၊ ဆေးတိုက်လိုက်သည်။

ဖြစ်ချင်တော့ အဆိုပါလူနာသည် သေဆုံးသွားသည်။ ရက်တချို့ကြာတော့ လူနာတစ်ယောက် မဖြစ်မနေမို့ ဆရာဝန်ထံ သွားရပြန်သည်။ ယင်းလူနာလည်း ကံဆိုးစွာပင် သေဆုံးသွားပြန်သည်။ သည်လိုနှင့် နောက်ထပ် တစ်ယောက်။ ကြာလာလေလျှင် လှတောသားတို့က မခံ မရပ်နိုင်တော့။ သည်လိုနှင့် အထက်က အစိုးရလူကြီးမင်းများထံ စာတင်သည်။

သူတို့စာက သည်လို။

လက်ရှိဆရာဝန်ကို နေရာပြောင်းရွှေ့ချထားပေးပါ၊ သို့မဟုတ်က သချုင်္ိင်း ကုန်းကို ချဲ့ပေးပါဟူ၍။

အကျဉ်းထောင်နှင့်ပတ်သက်၍ အူကြောင်ကြောင်ဖြစ်ရသည့် မြန်မာလူထုအနေနှင့်လည်း မည်သို့ တောင်းဆိုရပါမည်နည်း။

အကျဉ်းထောင်များတွင် လူက ပြည့်။ အပြင်တွင်လည်း ရာဇဝတ်မှုထူပြော။ တရားဥပဒေစိုးမိုးရေးကို ဖိလုပ်မည်ဆိုပါကလည်း နောက်ထပ် ထပ်ဖမ်း၊ ထပ်ထည့်ရဦးမည်။ လွတ်ငြိမ်းခွင့်ဖြင့် ထောင်ခါရလျှင်လည်း ပြဿနာ။

ထောင်များ ချဲ့ရမည်လော။

လူမှုစနစ်ပင် ပြုပြင်ပေးရမည်လော။ 

 

ကန့်မောင်တာ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *