ကိုယ့်လက်ထဲက အိမ်တွင်းသူခိုး

“လူလိမ်က နဖူးမှာ ကျွန်တော်လူလိမ်ပါလို့ ရေးမထားပါ။ ငွေမပေးခင် ကိုယ့်ဘာသာ ဆန်းစစ်ပါ။ အကြွေးလုံးဝမရောင်းပါ။ ပိုက်ဆံပေးမှ Items ပေးမည်။ ကိုယ့်ဘာသာ အလိမ်မခံရအောင် ဂရုစိုက်ပါ”

ယနေ့ခေတ် အွန်လိုင်းပေါ်တွင် အထက်ပါစာများကို ဖတ်မိပါက Online  Shopping လုပ်ငန်းတစ်ခုခုမှ တင်ထားသည်ဟု မထင်ပါနှင့်။ ယင်းမှာ လူငယ်များအကြား လည်ပတ်လုပ်ကိုင်နေကြသည့် ဂိမ်း Items များရောင်းချသော Facebook  Group များ Page များတွင် တွေ့ရနိုင်သည့် သတိပေးချက်များဖြစ်သည်။

ယနေ့ခေတ် နည်းပညာရေစီးကြောင်းနှင့်အတူ ဖဝါးထပ်ချပ်မကွာ လိုက်ပါဖွံ့ဖြိုးလာနေသည်က အမျိုးအစားစုံလင်လှသည့် ဗီဒီယိုဂိမ်းများဖြစ်သည်။

ကွန်ပျူတာဂိမ်း၊ Console ဂိမ်းနှင့် မိုဘိုင်းလ်ဖုန်း ဂိမ်းအမျိုးမျိုးတို့သည် နေ့စဉ် အရွယ်အစားမျိုးစုံသော ဂိမ်းဝါသနာရှင်များနှင့် ထိတွေ့လာကြသည်။ အထူးသဖြင့် DoTA 2၊ Fortnite၊  PUBG၊ CS Go၊ Mobile Legends  CoC စသည့် အင်တာနက်အခြေပြုဂိမ်းများမှာ လူငယ်များအကြား ပို၍ ရေပန်းစားလာသည်။

“ဂိမ်းတွေက ဆော့ရင်း အရှိန်တက်လာအောင် ဖန်တီးထားတာ။ ဂိမ်းထုတ်သူကလည်း အဲဒီအခြေအနေမှာ Items တွေ Power တွေ အသက်တွေ ဝယ်ဆော့ချင်လာအောင် လုပ်ထားပြီးသား။ ဒီတော့ ဆော့ရင်း ဆော့ရင်း အားမရနိုင်ဖြစ်လာပြီး ဝယ်မိကုန်ရော” ဟု ကိုနိုင်လင်းဦးက ဆိုသည်။

သူက ဒီကနေ့ခေတ် မြန်မာလူငယ်များနည်းတူ DoTA 2 ကို အသည်းအသန် ဝါသနာကြီးကြီးဆော့ကစားသူ ဒုတိယနှစ်ရူပဗေဒကျောင်းသားတစ်ဦးဖြစ်သည်။

DoTA 2 စတင်ဆော့ကစားစဉ်က သာမန်အပျင်းပြေရုံသာ ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဝါသနာကြီးသူများက မိမိတို့နှစ်သက်ရာ ဂိမ်းကစားနည်းများတွင် ပိုမြင့်မားသောအဆင့်များကိုရောက်ရန် ကြိုးပမ်းလာကြသည်။

ယခုမှ စဆော့ဖူးသူများကလည်း ရှေ့ကဝါရင့် သမ္ဘာရင့်များနှင့် ရင်ပေါင်တန်း ဆော့ချင်လာကြပြန်သည်။

ဤသို့နှင့်ပင် သက်ဆိုင်ရာဂိမ်းအလိုက် လိုအပ်သည့် Power များ၊ Ability များ၊ Artifacts များနှင့် Items များကို ရောင်းချသည့် လုပ်ငန်းများသည် ဈေးကွက်တောင်းဆိုမှုအရ အွန်လိုင်းပေါ်တွင် ပေါ်ပေါက်လာခဲ့တော့သည်။

“Items တွေ ဝယ်ကစားရတာက ပိုက်ဆံကုန်တာမှန်ပေမယ့် စမိရင် မဆုံးတော့ဘူး။ အရသာသိသွားတာကိုး။ မူရင်းဂိမ်းကုမ္ပဏီတွေက နဂိုပေးထားတဲ့ Ability တွေထက် ဝယ်သုံးတဲ့ Items တွေမှာ ထည့်ပေးထားတွေ Feature တွေ Skills တွေက အများကြီးပိုကောင်းတော့ တစ်ခါဝယ်ဆော့မိရင် နောက်ထပ်ဒီလို ကောင်းတာလေးတွေမြင်ရင် ဝယ်ချင်လာပြန်ရော။ အဲ့ဒါနဲ့ပဲ တစ်ပတ် တစ်ပတ် မုန့်ဖိုးလည်း ပြောင်တာပဲ” ဟု ကိုနိုင်လင်းဦးက ဆိုသည်။

အင်တာနက်အခြေပြုဂိမ်းများသည် ဂိမ်းကုမ္ပဏီများက စတင်ထုတ်လုပ်လိုက်ကတည်းက ယင်းကဲ့သို့သော ဂိမ်းဆော့သူများအတွက် တိုက်ရိုက်ရည်ရွယ်ထားသည့် ထုတ်ကုန်များကို မဖြစ်မနေဝယ်ယူကစားစေရန် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။

နိုင်ငံတကာတွင်မူ ငွေပေးချေရေးစနစ်များ အဆင်ပြေလွယ်ကူမှုရှိသောကြောင့် မိမိဆော့ကစားလိုသည့် ပစ္စည်းများကို အဆိုပါဂိမ်းထဲရှိ သတ်မှတ်နေရာတွင် Card စနစ်၊ Mobile Payment  စနစ်များဖြင့် ပေးချေဝယ်ယူလိုက်ရုံပင် ဖြစ်သည်။

မြန်မာပြည်တွင်တော့ ဤသို့မဟုတ်ပါချေ။ ပြည်ပဝက်ဘ်ဆိုက်များမှ ဂိမ်းဆက်စပ်ထုတ်ကုန်များကို တိုက်ရိုက်ဝယ်ယူရန် လူတိုင်းအခွင့်မသာလှချေ။ ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေပေးချေနိုင်သည့် ကတ်များမှာလည်း ပြည်တွင်းဘဏ်အချင်းချင်းပင် ငွေကြေးလွှဲပြောင်း ပေး၍ရသည်မဟုတ်။ နိုင်ငံရပ်ခြားငွေပေးချေမှုများအတွက်ဆို ပို၍ပင်ဝေလာဝေး။ VISA၊ Master စသည့်ကတ်များမှာ စတင်သည်မှာ မကြာသေးသကဲ့သို့ လူတိုင်းလက်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့် မရောက်သေးချေ။

ဤသို့သော အခြေအနေအကြောင်းကြောင်း ဖန်လာသည့်အခါ ပြည်တွင်းမှာ ဂိမ်းဝါသနာပါ၍ ပြည်ပဘဏ်ကတ်များ ကိုင်တွယ်သုံးစွဲနိုင်သူအချို့က သက်ဆိုင်ရာ Items များကိုတစ်ဆင့်ပြန်လည်ရောင်းချပေးမှုများကို လုပ်ကိုင်လာကြတော့သည်။

လူကြိုက်များနေသည့် ဂိမ်းအများစုမှာ Application ရယူခြင်းနှင့် ဂိမ်းကစားခြင်းကို အခကြေးငွေသတ်မှတ်ထားခြင်းမရှိဘဲ အချို့သော အဆင့်မြှင့်တင်ခြင်းများ၊ ထူးခြားသည့် Power များ၊ လက်နက်များနှင့် Gems များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲလိုသူများကို ရောင်းချပေးခြင်းဖြင့် ငွေကြေးအကျိုး အမြတ် ရှာဖွေလေ့ရှိသည်။

ယင်းသို့သော ဂိမ်းများကို Free-mium ဂိမ်းအမျိုးအစားဟု သတ်မှတ်ခေါ်ဆိုကြသည်။

“အရင်တုန်းကတော့ COC ပေါ့။ အဲ့တုန်းကဆို COC အကောင့်ဝယ်တာ ရောင်းတာတွေက အွန်လိုင်းမှာ သိပ်ခေတ်စားခဲ့ဖူးတယ်။ သိပ်ခေတ်ကောင်းတဲ့ ကာလတွေတုန်းက Level 120 လောက်ရောက်နေတဲ့အကောင့်တစ်ခုကို တစ်သိန်းခွဲလောက်အထိ ပေါက်ဈေးရှိခဲ့တယ်” ဟု ဂိမ်းဝါသနာရှင် ကိုအောင်ငြိမ်းချမ်းက ဆိုသည်။

အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီတစ်ခု၏ မန်နေဂျာဖြစ်သူ ၎င်းသည် ယခုအခါ Mobile Legends ပြောင်းဆော့နေသူဖြစ်သည်။

အင်တာနက်သုံး မိုဘိုင်းလ်ဂိမ်းဖြစ်သည့် Mobile Legends တွင်ပါဝင်သည့် တစ်လတစ်ကြိမ်ထွက်ဇာတ်ကောင်များကို ငွေပေးဝယ်မှရသည်။ ယင်းဇာတ်ကောင်များကို ဝယ်ယူရန် တစ်လလျှင် ကျပ် ၁၅,၀၀၀ ကုန်ကျသည်။ ယင်းတို့ကို Starlight member ဟု ခေါ်ဆိုကြသည်။

ထိုမျှမက ဇာတ်ကောင်အသွင်အပြင်၊ ဒီဇိုင်းနှင့် ၎င်း၏လက်နက်ကို ပြောင်းလဲရန်အတွက် Diamond များကို အသုံးချကြရသည်။ အဆိုပါ Diamond ၄၁၀ လျှင် ကျပ် ၅၀၀၀ ပေးရသည်။ ဖုန်းဆိုင်များတွင် အလွယ်တကူဝယ်ယူ ဝယ်ယူရရှိနိုင်သည်။

ခေတ်၏တောင်းဆိုချက်၊ လူငယ်များ၏ လိုအပ်ချက်အရ ပေါ်ထွက်လာသော ဤသို့သောဆိုင်များသည် အွန်လိုင်းပေါ်တွင် အများအပြားရှိနေသည်။

၂၀၁၄-၁၅ ဝန်းကျင်ကာလများကဆိုလျှင် လူမှုကွန်ရက်ပေါ်၌ COC အကောင့်များရောင်းရန်ရှိသည်ဆိုသည်မျိုး၊ COC အကောင့်ဖွင့်ပေးခြင်းမျိုး၊ ဖုန်းဆိုင်များတွင် ဖုန်းဝယ်လျှင်ပင် ဝယ်စဉ်ကတည်းက အဆိုပါဂိမ်းကို အကောင့်ဖွင့်ပေးသည့် ပရိုမိုရှင်းမျိုးများလည်း ရှိခဲ့ဖူးသည်။

အဆိုပါ COC ကြောင့်ပင် ဂိမ်းဆော့ရင်းဖြင့် ပိုက်ဆံရနိုင်သည်ဆိုသော အတွေးတစ်စသည် မြန်မာပြည်ရှိ ဂိမ်းကစားသူများကို အွန်လိုင်းဈေးကွက်ပေါ် တွန်းပို့လိုက်သကဲ့သို့ပင်ဖြစ်သည်။

COC က လမ်းဖောက်ပေးခဲ့ပြီး နောက်ပိုင်းတွင် ဂိမ်းနှင့် ဆက်စပ်သည့်အရာများကို ရောင်းချခြင်းက ဂိမ်းဝါသနာရှင်များအကြား ခေတ်စားလာခဲ့သည်။ Game Items များနှင့် ဂိမ်းအကောင့်များသာမက အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ဂိမ်းကစားနိုင်သည့် Stream ဝန်ဆောင်မှု အကောင့်များ၊ Top-up များ ရောင်းချမှုများလည်း တွင်ကျယ်လာခဲ့သည်။ မိုဘိုင်းလ်အခြေပြုဂိမ်းများအတွက် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုများရှိနေသကဲ့သို့ ကွန်ပျူတာဂိမ်းများအတွက်လည်း Game  Center များတွင်ရော၊ အွန်လိုင်းမှ ရောင်းချသူများထံတွင်ပါ ဝယ်ယူရရှိနိုင်နေသည်။

“ဂိမ်း Items တွေ ဝယ်ဆော့တာက သိပ်တော့အကုန်အကျများတယ်လို့ မဆိုသာပါဘူး။ လူငယ်တွေမှာလည်း သူတို့စည်းနဲ့ သူတို့ ရှိပါတယ်။ ဂိမ်းသမားတွေ တစ်ပတ်သုံးစာဟာ လူကြီးတွေ ဘီယာဆိုင်တစ်ခါသွားစာလောက် ကုန်တာမှ မဟုတ်တာ” ဟု ကိုအောင်ငြိမ်းချမ်းက လည်း ဆိုသည်။

ယနေ့ခေတ် အွန်လိုင်းပေါ်တွင် ခေတ်အစားဆုံးဖြစ်နေသည့် ဂိမ်းနှင့် ဆက်စပ်သည့် အရောင်းအဝယ်များမှာ Steam Wallet နှင့် DoTA 2 items တို့ အများဆုံးဖြစ်ကြသည်။ လူငယ်များနှင့်စ၍ လူငယ်များနှင့်သာဆုံးသည့် ဈေးကွက်ဖြစ်သည့်အားလျော်စွာ ငွေကြေးအသုံးပြုမှုပိုင်းနှင့် အပြန်အလှန်ယုံကြည်မှုပိုင်းတွင် အားနည်းမှုများ ရှိကြသည်။

ငွေမလွှဲမှုများ မှန်မှန်ကန်ကန် မရောင်းချမှုများနှင့် အဆင်ပြေသလို သတ်မှတ်ထားသည့် ပေါက်ဈေးများကြောင့် ရောင်းသူနှင့် ဝယ်သူအကြား အငြင်းပွားမှုများ၊ လိမ်လည်မှုများနှင့် ရန်မုန်းပွားမှုများလည်း ရှိလာကြပြန်သည်။

“အများဆုံးဖြစ်ကြတာက အွန်လိုင်းက ဝယ်တဲ့နေရာတွေမှာ တချို့ဝယ်သူတွေ ရောင်းသူတွေက မရိုးမသားလုပ်ကြတော့ အဆင်မပြေမှုတွေ ဖြစ်တာပေါ့။ ကျွန်တော်လည်း DoTA Items တွေ လိုင်းပေါ်ကနေ ရောင်းပါတယ်။ DoTA 2 မှာတော့ Od၊ Jugg၊ Arcana တွေ လူဝယ်များကြပါတယ်။ ကိုယ်တိုင် ပေ့ခ်ျထောင်ရောင်းရင် ပြဿနာနည်းပေမယ့် ဝယ်သူနည်းတယ်။ ဂရု(ပ်)တွေထဲ ဝင်ရောင်းရင်ကျ ဝယ်သူရှိပေမယ့် လူလိမ်လည်းပေါတယ်။ လိမ်ကြတာကတော့ ဝယ်သူဘက်ကရော ရောင်းသူဘက်ကရော နှစ်ဖက်လုံးပါပဲ” ဟု အဆိုပါ Items များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနေသူ လူငယ်တစ်ဦးဖြစ်သည့် ဟိန်းကိုကိုကဆိုသည်။

Items တစ်ခုကို ၉၅၀ ကျပ် ဝန်းကျင်ခန့် ကျသင့်လေ့ရှိပြီး အနည်းဆုံး ၁၀,၀၀၀ ဖိုးမှ စဝယ်ရသည်ဟု အဆိုပါဈေးကွက်အတွင်းမှ ဝယ်ယူဖူးသူများက ဆိုသည်။ တချို့ရောင်းချသူများသည် ပြည်တွင်းသုံး KBZ၊ CB၊ AYA၊  Yoma နှင့် AGD ဘဏ်ကတ်များနှင့် ငွေချေနိုင်ရန် စီစဉ်ပေးထားသည့်အပြင် Wave Money၊ OK$ ကျပ် နှင့် M-Pike San တို့ဖြင့်လည်း ငွေချေဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။

သို့သော်အရာရာသည် တန်ဆေး လွန်ဘေးဖြစ်သောကြောင့် သတိထားရန် လိုအပ်သည်ဟု ဆက်သွယ်ရေးလုပ်ငန်းရှင် ဦးမင်းဇော်ဦးကဆိုသည်။

“သေချာတာကတော့ အလွန်အကျွံဆော့ကစားမှုတွေဟာ လူငယ်တွေဟာ လူမှုဆက်ဆံရေးမှာ တော်တော်ကျဆင်းသွားတယ်။ ပတ်ဝန်းကျင်နဲ့ ကင်းကွာလာတယ်။ အပိုပိုက်ဆံကုန်ကျမှုတွေကလည်း မသိမသာနဲ့ တိုးလာတာပေါ့” ဟု ဦးမင်းဇော်ဦးက ဆိုသည်။

အဆိုပါအနေအထားမှာ လူငယ်များအတွက် ငွေကြေးကုန်ကျမှုရှိသည် မှန်သော်လည်း အခြားတစ်ဖက်တွင်မူ ပြည်တွင်းရှိ Game Industry အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နေပြန်ကာ စနစ်တကျထိန်းညှိလုပ်ကိုင်နိုင်ပါက အခွင့်အလမ်းကောင်းများ ရှိနေကြောင်း ကိုအောင်ငြိမ်းချမ်းက ဆိုသည်။

“ပြည်တွင်းမှာ ဝယ်လိုအားရှိနေတယ်ဆိုတဲ့ သဘောပါ။ ဂိမ်းဝါသနာရှင်တွေဟာ ဂိမ်းအရည်အသွေးသာကောင်းရင် ဂိမ်းဆော့ဖို့အတွက် ငွေသုံးရမှာ လက်မတွန့်ကျတော့ဘူးဆိုတဲ့ သဘောပေါ့။ ဒီတော့ ပြည်တွင်းက Game Developer တွေအနေနဲ့လည်း ဒီလိုဂိမ်းမျိုးတွေ ထုတ်၊ Items ရောင်းပြီး စီးပွားရှာလို့ရနိုင်တဲ့ အခွင့်အရေးရှိနေတယ်လို့ ကျွန်တော်တော့ မြင်တယ်။ အရေးကြီးတာကတော့ Card စနစ်တွေ အဆင်ပြေပြေ သုံးနိုင်ဖို့ပါပဲ။ အဲဒါအဆင်မပြေရင်တော့ မလွယ်ဘူးဗျ” ဟု ၎င်းကဆိုသည်။

အခွင့်အလမ်းများလည်းရှိပြီး ငွေကုန်ကြေးကျလည်း သိပ်မများဟုဆိုနေကြသော်လည်း ပုံမှန်ထက် ကုန်ကျစရိတ်ပိုတက်လာကြောင်း ထောက်ပြမှုများလည်းရှိသည်။

“ပိုက်ဆံသိပ်မကုန်ဘူး။ ပမာဏ နည်းနည်းပါးပါးပါဆိုပေမယ့် တစ်ပြားမှ မကုန်တာတော့ မဟုတ်ဘူးလေ။ ဂိမ်း Items တွေ ဝယ်တာအပြင် အင်တာနက်ချိတ်ပြီး အချိန်ပြည့်ဆော့နေကြတာမို့ အင်တာနက်ဖိုးကုန်ကျစရိတ်ကိုလည်း ထည့်တွက်သင့်တယ်” ဟု ဦးမင်းဇော်ဦး က ဆိုသည်။

မည်သို့ပင် လူကြီးများက အယူအဆမတူစွာ ရှုမြင်နေကြသည်ဖြစ်စေ ဂိမ်းဝါသနာရှင်များကတော့ ဂိမ်း Items များကို ဝယ်ယူဆော့ကစားနေဆဲ၊ ပိုအဆင့်မြင့်မားစွာ ဆော့ကစားခွင့်ရတိုင်း ကျေနပ်နေကြမြဲဖြစ်သည်။

တစ်ချိန်က ဗီဒီယိုအခွေငှားဆိုင်များကို အိမ်တွင်းသူခိုးဟု လူကြီးသူမအချို့ က ပြောဆိုခဲ့ကြဖူးသည်။ အခွေတစ်ခွေလျှင် ကျပ် ၁၀၀ မှ ကျပ် ၃၀၀ ခန့်သာ ကုန်ကျခြင်းဖြစ်သော်ငြား နေ့စဉ်ရက်ဆက်ဖြစ်လာချိန်တွင် ကုန်ကျစရိတ်မှာ ထင်ထားသည်ထက်ပို၍ ဝန်ဖြစ်နေတတ်သည် မဟုတ်ပါလော။

လူကြီးများက ကြိုက်ကြမည်မဟုတ်သော်ငြား ဂိမ်းဝါသနာရှင်လူငယ်များကတော့ သူတို့ငွေစကြေးစလေးများ Items များအဖြစ် ပြောင်းလဲသွားသည်ကို ပျော်နေကြဆဲပင်။

မြန်မာနိုင်ငံတွင် Game Industry  ဖွံ့ဖြိုးသည့် အခြေအနေတစ်ခု၊ ဝင်ငွေကောင်းများရရှိနိုင်သည့်အခြေအနေတစ်ခုကို စောင့်မျှော်ရဦးမည်ဖြစ်သော်လည်း လူငယ်ကြိုက်ဂိမ်းများကမူ ဂိမ်းဝါသနာရှင်များ၏ အိတ်ကပ်အတွင်းမှ မုန့်ဖိုးပဲဖိုးများကို မသိလိုက်ဘာသာ ဖဲ့ယူနေကြသည့် အိမ်တွင်းသူခိုးအသစ်တစ်မျိုးဖြစ်လာသည်။

DoTA 2 ပုံမှန်ဆော့နေသူ ကိုနိုင်လင်းဦးကလည်း ယင်းအချက်ကို မငြင်းဆိုဘဲ ထောက်ခံသည်။

“မသိသာဘူးဆိုပေမယ့် ပုံမှန်တော့ ငွေပိုကုန်နေတာ အမှန်ပါ။ အိမ်ကမိဘဆီက မုန့်ဖိုးနဲ့ ကျောင်းတက်နေရတာဆိုတော့ တစ်ခါတလေကျတော့လည်း ငွေမလည်ဘူး” ဟု သူကဆိုသည်။ 

 

မောင်မိုးဇွန်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *