နေရာပေးဖို့နဲ့ ယူနိုင်ဖို့

ပြီးခဲ့တဲ့ဆောင်းပါးမှာတုန်းက အမျိုးသမီးတွေ ခေါင်းဆောင်နေရာ ရဖို့ လိုတယ်၊ ခေါင်းဆောင်မှု အရည်အသွေးတွေဟာ အမျိုးသားရယ်၊ အမျိုးသမီးရယ်လို့မဟုတ်ဘဲ ဘယ်သူ့မှာမဆို ရှိနေနိုင်တယ်၊ ငယ်ငယ်တုန်းက ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲနဲ့ အဓိကသက်ဆိုင်တယ်ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ယောက်ျားလေးကို ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲဖြစ်အောင် ပျိုးထောင်တယ်။ မိန်းကလေးကိုတော့ ဗိုင်းကောင်းကျောက်ဖိ  ဆိုသလို ဟိုဟာမလုပ်ရဘူး၊ ဒီလိုမနေရဘူး၊ အဲဒီလိုစကား မပြောရဘူး  စသဖြင့် ဆုံးမကြတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်း၊  လေးစားမှုအားနည်း၊ မဆုံးဖြတ်ရဲတော့ဘဲ မပြတ်မသား ဖြစ်လာကြတယ်ပေါ့။

အဲဒီအခါ လုပ်ငန်းခွင်ထဲရောက်တော့ ဘာတွေဆက်ဖြစ်လဲ။ အရည်အချင်းရှိပါရက်နဲ့ ဖြစ်သင့်သလောက် နေရာမရတော့ဘူး။ ဖတ်ဖူးတာလေး တစ်ခုရှိတယ်။ တက္ကသိုလ်တွေမှာ ကျောင်းသူ ကျောင်းသားတွေကို  စစ်တမ်းကောက်တော့ အများစုက ဆရာမတွေဟာ စာအသင်အပြ ပိုကောင်းတယ်လို့ ဖြေကြပါတယ်တဲ့။ ဒါပေမဲ့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူနေကြတာကတော့ အမျိုးသားတွေဖြစ်နေတာ ပိုများတယ်။ ဘာလို့လဲ။ အမျိုးသားတွေဟာ အပြင်လူတွေနဲ့ ပိုပြီး ဆက်ဆံတတ်လို့ပါတဲ့။ စကားပြောရဲတယ်။ လုပ်ရဲကိုင်ရဲတယ်။ ခေတ်စကားနဲ့ပြောရင် ရောင်းတတ်တယ်။ ဒီတော့ လူတွေက နေရာပိုပေးတယ်ပေါ့။

အဲဒီဥပမာက စီးပွားရေးလုပ်ငန်းတွေ၊ ပရဟိတအဖွဲ့တွေမှာလည်း  ရှိတတ်တယ်။ တကယ့်ဒေါက်တိုင်တွေအဖြစ် လုပ်နေတာက အမျိုးသမီးတွေ။ ဒါပေမဲ့ လူရှေ့ထွက်ဖို့ဆို တွန့်ဆုတ်တတ်ကြတော့ ထွက်ရဲတဲ့ ယောက်ျားတွေကပဲ နေရာပိုရသွားကြတယ်။ ခုနောက်ပိုင်း အဲဒီလိုအဖွဲ့အစည်းတွေမှာ ဦးဆောင်မှု ကောင်းကောင်းပေးနေနိုင်တဲ့ အမျိုးသမီးတွေ  အများကြီးပဲ ရှိလာပါတယ်။ ဒါကိုကြည့်လိုက်ရင် အမျိုးသမီးတွေဟာ  မူလဗီဇကိုက မရဲမဝံ့ဖြစ်နေတာမျိုးမဟုတ်ဘဲ ပျိုးထောင်မယ်၊ လေ့ကျင့်မယ်ဆို ရလာနိုင်တဲ့ အလေ့အကျင့်တွေပဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။

အဲဒီလို ကိုယ်ရည်ကိုယ်သွေးပိုင်း အားနည်းနေတဲ့အခါ လူတွေက နေရာမပေးဘူး။ နေရာမရတဲ့အတွက် ကိုယ်ရည်ကိုယ်သွေးပိုင်းကလည်း တိုးတက်မလာတော့ဘူး။ ဒီလို သံသရာလည်နေတယ်။ ဒါကို ဖြတ်တောက်ပစ်ဖို့ဆိုရင် အချက်နှစ်ချက်လိုတယ်။

၁။ နေရာပေးဖို့

နေရာဆိုလို့ ရာထူး၊ အာဏာတွေကို ဆိုလိုတာမဟုတ်ဘူး။ လူဆိုတာ အဆုံးအဖြတ်ပေးရတဲ့နေရာ၊ စီမံခန့်ခွဲရတဲ့နေရာတွေ ရဖူးမှ ဒီလိုတွေ ဆုံးဖြတ်ရဲလာတာ၊ စီမံခန့်ခွဲတတ်လာတာ၊ စိတ်ဖိစီးမှုတွေ၊ Risk ယူရတာတွေ၊ မှားသွားရင် တာဝန်ခံရတာတွေနဲ့ ရင်းနှီးလာတာ။ ဒီအတွက် Exposure လို့ ခေါ်တဲ့ ထိတွေ့မှု လိုအပ်တယ်။

ငယ်ငယ်ကတည်းကလည်း ဒီလိုတွေ ဆုံးဖြတ်ရဲအောင်၊ အမှားလုပ်ရဲအောင် သင်ပေးမထားဘူး။ အကုန်လုံး မိဘကပဲ အကုန်လုပ်ပေး၊  ဆုံးဖြတ်ပေး၊ ကာကွယ်ပေးလာတော့ မလုပ်ရဲ မကိုင်ရဲတွေ ဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေးစားမှုတွေ အားနည်းနေတယ်။ အလုပ်မှာလည်း အဲ့လို Exposure က ထပ်မရဘူးဆိုတဲ့အခါ တိုးတက်လာဖို့ရာ  ခက်သွားတယ်။

ဒီနေရာမှာ အမျိုးသား၊ အမျိုးသမီး ဘယ်လောက်တန်းတူညီမျှမှုရှိသလဲဆိုတာကို တိုင်းတာကြတဲ့ ပေတံတွေ ရှိတယ်။ ဥပမာ – လွှတ်တော် အမတ်ထဲမှာ အမျိုးသမီး ဘယ်နှရာခိုင်နှုန်းပါရမယ် ဆိုတာမျိုးပေါ့။  အဲဒီအခါ တချို့က ပြောတယ်။ အဲဒီလိုဘယ်နှရာခိုင်နှုန်းပါရမယ်ဆိုတိုင်း  အရည်အချင်း မရှိသူတွေကို နေရာပေးလိုက်လို့ ရမလားတဲ့။ မှန်ပါတယ်။  ဘာအရည်အချင်းမှ မရှိသူကိုတော့ နေရာပေးလို့ မရဘူးပေါ့။ ဒါပေမဲ့ အရည်အချင်းရှိပါရက်နဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်း တစ်စုံတရာ အားနည်းနေသူတွေကိုတော့ နေရာပေးရမယ်။ ဒါမှပဲ Exposure ရလာမယ်။ အထိအတွေ့ ရှိလာမယ်။ ဒီကမှ တစ်ဆင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်လာမယ်။  နောက်ဆုံး အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်တဲ့ အသံတွေ၊ ဆောင်ရွက်ချက်တွေ ရှိလာလိမ့်မယ်ပေါ့။ ဒီအတွက် အမျိုးသမီးတွေကို နေရာပေးဖို့၊  တစ်နည်းအားဖြင့် Exposure များများရစေဖို့ တောင်းဆိုနေကြတာပဲ  ဖြစ်ပါတယ်။

အမျိုးသမီးတွေကို နေရာမပေးခြင်းဆိုတဲ့ကိစ္စမှာ ကြီးမားတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေဆို ခေါင်းဆောင်နိုင်စွမ်းမရှိပါဘူးဆိုပြီး တရားသေသတ်မှတ်ထားတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။ Stereotype လို့ ခေါ်တာပေါ့။ အမျိုးသမီးဆိုတာနဲ့ကို လူမမြင်ရသေးဘူး၊ ဖြစ်ပါ့မလားဆိုပြီး သံသယဝင်နေကြတာတွေကို ဆိုလိုတာပါ။ ဒါတွေကိုလည်း ပြင်ဖို့လိုပါလိမ့်မယ်။ ခဏခဏ  ပြောခဲ့ပြီးသလိုပဲ။ ခေါင်းဆောင်မှုအရည်အသွေးဆိုတာ ယောက်ျားမှာပဲ ရှိပြီး မိန်းမမှာ မရှိတဲ့ အရည်အသွေးမျိုး မဟုတ်ပါဘူး။ ပျိုးထောင်နိုင်တယ်ဆိုရင် ဘယ်သူမဆို ပိုင်ဆိုင်နိုင်တဲ့ အရည်အသွေးတစ်ခုသာ ဖြစ်ပါတယ်။

၂။ နေရာနဲ့ ထိုက်တန်ကြောင်း ပြသဖို့

တစ်ဖက်က နေရာပေးဖို့၊ Exposure ပေးဖို့၊  လုပ်ပိုင်ခွင့်ပေးဖို့ လိုသလို၊ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်အောင် လုပ်ဖို့လိုမယ်။ နေရာပေးတာကို ထိုင်စောင့်နေမလား၊  ကိုယ့်ဟာကိုယ်နေရာယူမလား စဉ်းစားကြည့်ပါ။ ဒီအတွက် ‘နေရာမပေးဘူးဆိုရင် နေရာနဲ့ထိုက်တန်တဲ့ အရည်အသွေးရှိကြောင်း သက်သေပြမယ်’ ဆိုတာမျိုး  ဖြစ်ဖို့ လိုပါတယ်။

ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ မွေးကင်းစ ကျားပေါက်လေးတစ်ကောင်ဟာ ကံဆိုးချင်တော့ မိသားစုနဲ့ ကွဲသွားပြီး ဆိတ်တွေကြားထဲကို  ရောက်သွားသတဲ့။ အနေကြာလာတော့ သူ့ကိုယ်သူလည်း ဆိတ်လို့ပဲ ထင်လာတယ်။ အသံထွက်တာတောင်မှ ကျားတစ်ကောင်လို မဟိန်း ဟောက်နိုင်တော့ဘူး၊ ပဲပဲ… ပဲပဲ… နဲ့ပဲ အသံထွက်တော့တယ်။ အဖေ ဖြစ်တဲ့ ကျားကြီးနဲ့ ပြန်တွေ့တော့မှ ကျားပေါက်လေးကို ရေကန်အစပ်နား ခေါ်သွား၊ ရေထဲမှာ ပေါ်လာတဲ့ ကိုယ့်ပုံရိပ်ကို မြင်အောင်ကြည့်ခိုင်း၊ မင်းဟာ ကျားတစ်ကောင်ဖြစ်တယ်လို့ အားပေးပြီး ကျားလို ဟိန်းဟောက် ခိုင်းတယ်။ အစပိုင်းတော့ ပဲပဲ… ပဲပဲ… ပဲအသံထွက်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကျားသံပေါက်လာပြီး တကယ့်ကျားစစ်စစ် ပြန်ဖြစ်သွားတော့သတဲ့။

အမျိုးသမီးတွေရဲ့အဖြစ်ကလည်း အဲဒီ ကျားပေါက်လေးလိုပဲ။ တစ်ဆင့်နိမ့်တယ်ဆိုတဲ့ အမြင်တွေအောက်မှာ အနေကြာလာတော့ ကိုယ်ကိုယ်တိုင်ကပါ ငါဟာ အစွမ်းအစရှိတဲ့သူဆိုတာ မေ့သွားတယ်။ ငါတို့က အားနွဲ့တယ်လေ၊ အားကိုးရှိမှ၊ ယောက်ျားကို မှီခိုရမယ်၊ ဦးမဆောင်နိုင်ဘူး၊ ငါတို့ မလုပ်နိုင်ပါဘူး၊ ငါတို့ ဒီလောက်ပဲ တတ်နိုင်တယ် ဆိုပြီး ကိုယ့်အစွမ်းအစကိုယ် ပိတ်ပင်ပစ်လိုက်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မြင်အောင်ကြည့်ကြစေချင်တယ်။

ကျားပီပီ အသံထွက်လာအောင် ဟိန်းဟောက်ကြည့်ပါ။ စစချင်းတော့ ပဲပဲ… ပဲပဲ… ဆိုတဲ့အသံပဲ ထွက်လာလိမ့်မပေါ့။ စိတ်ဓာတ်မကျနဲ့၊ ဒီလို သတ်မှတ်ချက်တွေအောက်မှာ ဒီလောက်အကြာကြီး နေလာခဲ့ကြမှ ပဲဟာ။ ဇွဲမလျှော့ဘဲ ကြိုးစားကြည့်။ တဖြည်းဖြည်းနဲ့ ကိုယ့်အသံတွေ  ဟိန်းထွက်လာလိမ့်မယ်။ ကိုယ့်ရဲ့ အစွမ်းအစတွေ ပေါ်လာပါလိမ့်မယ်။

EQ ဆိုတာကို  စမိတ်ဆက်ခဲ့တဲ့ Daniel Goleman ကတော့ သူ့ဘလော့ဂ်တစ်ခုမှာ ရေးထားတယ်။ အဖွဲ့အစည်းအသီးသီးက အမျိုးသား၊ အမျိုးသမီး ၅၅,၀၀၀ ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Soft Skill ပိုင်းမှာ ပိုပြီး သာလွန်တာကို တွေ့ရတယ်တဲ့။ Soft Skill ဆိုတာ ရော့ ဒါက ဒီလို ဆိုပြီး သင်ပေးလိုက်လို့ မရတဲ့ ပြဿနာဖြေရှင်းခြင်း (Problem Solving)၊ ပဋိပက္ခကိုင်တွယ်ခြင်း (Conflict Management)၊ ကိုယ်ချင်းစာစိတ်  (Empathy) နည်းပြခြင်းနဲ့ လမ်းညွှန်ပေးခြင်း  (Coaching & Mentoring) ရည်မှန်းချက်ပြည့်မြောက်အောင် အာရုံစူးစိုက်ခြင်း(Focus on Achieving Goals) ဒါတွေပါတယ်။ အရှင်းဆုံးပြောရရင် EQ ပဲပေါ့။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ်တို့ဟာ ခေါင်းဆောင်နေရာနဲ့ ထိုက်တန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိကြောင်း ကိုယ်ကိုယ်တိုင်လက်ခံယုံကြည်ဖို့ လိုသလို၊ အများသိအောင် ပြသနိုင်ဖို့လည်း လိုပါတယ်။

၃။ သိမ်းကျုံးမပြောဖို့

နေရာပေးဖို့နဲ့ နေရာယူဖို့တွေ ပြောပြီးသွားတဲ့နောက်မှာ အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သိမ်းကျုံးပြောကြတာပါ။ ဥပမာ – ကိုဖြိုးဆိုတဲ့ အမျိုးသားတစ်ယောက်က စီမံခန့်ခွဲတဲ့နေရာမှာ အသုံးမကျဘူးဆိုပါတော့၊ ဒါဆို လူတွေက ကိုဖြိုး အသုံးမကျဘူးလို့ပဲ ပြောလိမ့်မယ်။ တကယ်လို့ မဖြိုးဆိုတဲ့ အမျိုးသမီး တစ်ယောက်က စီမံခန့်ခွဲတာ သိပ်အဆင်မပြေဘူး၊ မပြတ်မသား မဝံ့မရဲ့  ဖြစ်နေတယ်ဆိုပါတော့၊ တွေ့တယ်မှတ်လား မိန်းမတွေက အဆင်မပြေ ပါဘူးလို့ဆိုပြီး လူတွေက ပြောကြပါလိမ့်မယ်။ တကယ်တော့ ဒါဟာ အမျိုးသမီးတစ်ယောက် အဆင်မပြေတာသာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း  ညံ့နေကြတာ မဟုတ်ပါဘူး။ အဲဒီလိုပဲ အမျိုးသားတိုင်းလည်း တော်နေကြတာ မဟုတ်ဘဲ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုအားနည်းတဲ့ အမျိုးသားတွေမှ အများကြီးကို ရှိနေပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက် အသုံးမကျရင် သူတစ်ယောက်တည်း အသုံးမကျတာလို့ မြင်ပေးနိုင်ကြဖို့လည်း သိပ်အရေးကြီးပါတယ်။

အနှစ်ပြန်ချုပ်ပြီး ပြောရရင်တော့ အမျိုးသမီးတွေ ခေါင်းဆောင်နေရာရဖို့ဆိုရင် လူ့အသိုင်းအဝိုင်းရဲ့ အမြင်တွေ၊ သတ်မှတ်ချက်တွေ ပြင်ဖို့ လိုတယ်။ အမျိုးသမီးဆိုတာနဲ့ နေရာမပေးတော့တာမျိုးတွေ မလုပ်ဖို့ လိုတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်မှာရှိရက်နဲ့ တိမ်မြုပ်နေတဲ့  ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ထုတ်ပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုပါတယ်။

ဒေါက်တာဖြိုးသီဟ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *