Weekly Eleven ဂျာနယ်အမှုကို အစိုးရပိတ်သိမ်းလျှင် ညှိနှိုင်းမှုစမည်

ရန်ကုန်၊ အောက်တိုဘာ ၁၉

Weekly Eleven ဂျာနယ်အမှုကို ရန်ကုန်တိုင်းအစိုးရပိတ်သိမ်းပါက နှစ်ဖက်ညှိနှိုင်းဖြေရှင်းမှုကို အချိန်မဆိုင်းဘဲ စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) ၏ဥက္ကဋ္ဌဦးအုန်းကြိုင်က ပြောကြားသည်။

ယင်းအမှုကို ညှိနှိုင်းဖြေရှင်းရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူးဦးအောင်ကျော်ခိုင်နှင့် Eleven Media Group မှ တာဝန်ရှိသူများက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးတွင် အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးကြသည်။

“တရားရုံးရောက်နေတဲ့အမှုကို စွက်ဖက်ခွင့် မရှိဘူး။ ဒါကြောင့် Eleven က သတင်းသမားသုံးဦးကို စွဲထားတဲ့အမှုတွေကို အမြန်ဆုံးပိတ်သိမ်းပေးဖို့ အစိုးရဘက်က တာဝန်ရှိသူကို ပြောလိုက်တယ်”ဟု ၎င်းက ပြောဆိုသည်။

တိုင်းအစိုးရအဖွဲ့က အမှုရုပ်သိမ်းပေးလျှင် ညှိနှိုင်းမှုကို စတင်မည်ဖြစ်ကြောင်း အဆိုပါကောင်စီ၏ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာမျိုးသန့်တင်က ပြောကြားသည်။

ဦးအောင်ကျော်ခိုင်ကမူ အမှုပိတ်သိမ်းပေးရေးမှာ တိုင်းအစိုးရဆုံးဖြတ်ရမည့်ကိစ္စဖြစ်ပြီး ၎င်းအနေနှင့် တိုင်းအစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေကြောင်း မီဒီယာများကို ပြောကြားသည်။

ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသော Weekly Eleven ဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် သုံးဦးအမှုကို သတင်းမီဒီယာကောင်စီကို ရှေးဦးစွာတိုင်ကြားပြီး နှစ်ဖက်ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၇ ရက်တွင် ရန်ကုန်တိုင်းအစိုးရသို့ ညွှန်ကြားထားသည်။

ယင်းသို့ ညွှန်ကြားခဲ့ပြီး နောက်တစ်နေ့တွင် ညွှန်ကြားရေးမှူးဦးအောင်ကျော်ခိုင်က ညှိနှိုင်းဖြေရှင်းပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ လာရောက်တိုင်ကြားသည်။

သတင်းမီဒီယာကောင်စီမှတစ်ဆင့် သတင်းမီဒီယာဥပဒေနှင့်အညီ ညှိနှိုင်း ဖြေရှင်းနိုင်မည့် လမ်းကြောင်းပေါ်ရောက်လာသည်ကို ဝမ်းမြောက်ကြောင်း Eleven Media Group ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ပြောကြားသည်။

သတင်းမီဒီယာသမားများနှင့် ဆိုင်သော အငြင်းပွားမှုများဖြစ်လျှင် သတင်းမီဒီယာဥပဒေနှင့်အညီ သတင်းမီဒီယာကောင်စီမှတစ်ဆင့် ဖြေရှင်းခြင်းကို မီဒီယာလောကတွင် အစဉ်အလာသဘောမျိုး ဖြစ်စေချင်ကြောင်း ၎င်းက ဆိုသည်။

“ကောင်စီက ဖြေရှင်းရင် လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးလုပ်လို့ ရတာပေါ့။ အဲဒီလိုမဟုတ်ရင် မီဒီယာသမားတွေအတွက် အကြောက်အလန့်တွေနဲ့ ဖြစ်နေမယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

သတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး(၁) လည်းဖြစ်သူ ဦးမြင့်ကျော်က Weekly Eleven ဂျာနယ် အမှုတွင် သမ္မတရုံး၏ညွှန်ကြားချက်သည် မှန်ကန်ပြီးဖြစ်သင့်ကြောင်း ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *