ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေချိန် မြောက်ဦးတွင် ဘုရားများဖျက်ဆီးခံရ

ရန်ကုန်၊ အောက်တိုဘာ၁၉

ရခိုင်ရှေးဟောင်းယဉ်ကျေးမှု  မြို့တော်မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းနေချိန် လေးမျက်နှာပုထိုးတော်ကြီးအတွင်းရှိ ဘုရားဆင်းတုတော် ၁၁ ဆူ ဖျက်ဆီးခံရကြောင်း ဒေသအာဏာပိုင်များနှင့် ဒေသခံများထံမှ သိရသည်။

၁၅ ရာစု အလယ်ပိုင်းခေတ်က ရခိုင်ဘုရင်မင်းစောမွန်တည်ထားခဲ့သည့် ယင်း ပုထိုးတော်တွင် ဘုရားဆင်းတုအဆူ ၂၀ အနက် ၁၁ ဆူ အောက်တိုဘာ ၁၇ ရက် ညက ဖျက်ဆီးခံရကြောင်း မြောက်ဦးမြို့နယ် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။

ဖျက်ဆီးခံရသည့် ဘုရားဆင်းတုတော်များအနက် သုံးဆူမှာ ဦးခေါင်းတော်ကျိုးခြင်း၊ လက်တော်ကျိုးခြင်း၊ ရင်ဘတ်တော်ကွဲခြင်း စသဖြင့် အကြီးစားပျက်စီးကြောင်း၊ ဖျက်ဆီးသူများကို ၂၀၁၅ ရှေးဟောင်းယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် တိုင်ချက်ဖွင့်ထားကြောင်း ၎င်းက ဆိုသည်။

မြောက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ကမူ ယင်းသို့ ဖျက်ဆီးမှုကို အုပ်ချုပ်ရေးအာဏာပိုင်များက ဥပဒေနှင့်အညီ ဖော်ထုတ် ကာ ပြတ်ပြတ်သားသားအရေးယူရန် လိုအပ်ကြောင်း ပြောဆိုသည်။

“မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲတဲ့ အုပ်စုတစ်ခုက မူးယစ်ဆေးဝါးလွန်ကဲပြီး အသိအလိမ္မာကင်းမဲ့စွာနဲ့ လုပ်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခု လူငယ်တွေက သံသယရှိတာက မြောက်ဦးကို တမင်တကာလုပ်ကြံတယ်။ မြောက်ဦးနဲ့ ပတ်သက်လို့ မနာလိုတဲ့အဖွဲ့တစ်ခုက စနစ်တကျလုပ်တယ်လို့လည်း ပြောနေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ဘုရားများဖျက်ဆီးခံရသည့် ညက ယင်းနေရာအနီးတစ်ဝိုက်တွင် သောက်စားမူးယစ်ရန်ဖြစ်သံများ ကြားရသည်ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောဆိုကြကြောင်း၊ မြောက်ဦးဒေသခံများ ဘုရားဖျက်ဆီးသည်အထိ ဆိုးသွမ်းမည်ဟု မထင်ကြောင်း မြောက်ဦးဒေသခံ ကိုဇော်ထွန်းက ပြောဆိုသည်။

“ဘုရားတွေက လက်မောင်းပြတ်တာနဲ့၊ ခေါင်းပြတ်တာနဲ့၊ တချို့ဘုရားမှာ ဆိုရင်ခန္ဓာနဲ့ ဦးတော်ကို ဆက်ထားတဲ့ သံချောင်းတွေရှိတယ်။ အဲဒီသံချောင်းတွေ ကိုတောင် နုတ်သွားတယ်။ သာမန်လူတွေ မူးယစ်သောင်းကျန်းပြီး ထုသတ်ရင် ဘုရားတစ်ဆူ၊ နှစ်ဆူပေါ့။ အခုက ၁၁ ဆူကို လုပ်တော့ သံသယဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

မြောက်ဦးတွင် ယခင်ကလည်း ဘုရားဌာပနာဖောက်မှုများရှိပြီး ဘုရားအချို့တွင် နဖူးတွင် ဓာတ်ထည့်ခြင်း၊ ရင်အုပ်တွင် ထည့်ထားခြင်း၊ လက်လှုပ်တော်တွင် ဓာတ်ထည့်ကြသဖြင့် ဌာပနာဖောက်သူများသည် နဖူးဖောက်ခြင်း၊ လက်မောင်းကို ပိုင်း၍ ရှာဖွေကြကြောင်း ကိုဇော်ထွန်းက ရှင်းပြသည်။

“အခုကဘုရား ၁၁ ဆူခေါင်းတွေကို ပြတ်တယ်။ လည်ပင်းတွေ ပြတ်တယ်။ လက်မောင်းတွေ ပြတ်တယ်။ တချို့ဆိုရင် ရင်အုပ်ပါခွဲသွားတော့ အဲဒီလိုမျိုးပဲ ယူဆရမလား။ ဌာပနာဖောက်တယ်လို့ ယူဆရမလား သံသယဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဒေသခံများသည် အမြတ်တနိုးမထိန်းသိမ်းသည့်အပြင် ဖျက်ဆီးကြသည်ဟု ပုံဖော်ကာ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့  (UNESCO) တင်သွင်းရန် ကြိုးပမ်းမှုကို ဖျက်ဆီးလိုသူများက လုပ်ဆောင်ခြင်းဖြစ်သလောဟုလည်း သံသယဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြောက်ဦးတွင် နိုင်ငံရေး ဆူပူအုံကြွမှုဖြစ်အောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သလောဟုလည်း သံသယဖြစ်ကြောင်း၊ ဘုရားပရိဝုဏ်ကို ညနက်ပိုင်းဝင်ခွင့်ကန့်သတ်ကာ လုံခြုံရေးကင်းလှည့်ပြီး ဘုရားဂေါပကလည်း ထားသင့်ကြောင်း ကိုဇော်ထွန်းက ဆိုသည်။

ကမ္ဘာ့အမွေအနစ်စာရင်းအသိအမှတ်ပြုခံရရန် ၂၀၁၉ ခုနှစ် စက်တင်ဘာလနောက်ဆုံးထားကာ UNESCO စာတမ်းတင်သွင်းရန် ကြိုးပမ်းနေကြောင်း ဦးဦးလှစောက ပြောဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *