“သူတို့က အစိုးရကိုလည်း အချိန်ပေးလိုက်တဲ့သဘောပေါ့”

ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ပြည်သူ့ဘဏ္ဍာနစ်နာသည်ဆိုကာ တိုင်ကြားထားသော ဒေါက်တာညိုညိုသင်းသင်း၏ တိုင်ကြားစာကို အဆိုပါကော်မရှင်က အောက်တိုဘာလ ၂၀ ရက်တွင် အကြောင်းပြန်လိုက်ပြီဖြစ်သည်။ ပြန်ကြားစာတွင် တိုင်ကြားစာပါအချက်အလက်များသည် တိုင်းအစိုးရအဖွဲ့နှင့် စာရင်းစစ်ချုပ်ရုံးတို့ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများဖြစ်သောကြောင့် အရေးယူရန်မရှိသေးကြောင်းဖော်ပြထားသည်။ ဤပြန်ကြားစာအတွက် ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းနှင့် The Voice Journal က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal  – ကော်မရှင်က အရေးယူရန်ရှိသေးကြောင်း ကြေညာချက်ထုတ်ပြန်လာတဲ့အပေါ် ဘာများပြောဖို့ရှိပါသလဲခင်ဗျ။

Dr.Nyo Nyo Thin – သူက အရေးမယူဘူးလို့ပြောတာ မဟုတ်ဘူး။ လောလောဆယ် အရေးဆောင်ရွက်ရန် မရှိသေးကြောင်းလို့ ပြောတာဖြစ်တယ်။ အစိုးရဘက်က လုပ်ရမယ့်အပိုင်းကို ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာထားတယ်။ အဲဒါက ကြေညာချက်အပိုဒ်လေးမှာ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်တဲ့။ ဆက်လက်ဆောင်ရွက်ပြီးရင်လည်းပဲ စာရင်းစစ်ချုပ်က လက်ခံနိုင်ဖွယ်ရှိ၊မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်တဲ့။ ဆိုတော့ အစိုးရကို ပြင်ဆင်ချိန်ပေးထားတာပေါ့နော်။ အစိုးရကို ပြင်ဆင်ချိန်ပေးတယ်၊ စာရင်းစစ်ချုပ်ရုံးအနေနဲ့လည်း ထပ်ပြီး စစ်ဆေးဦးမယ်ဆိုတော့ ဒါက ပြည်သူလူထုဆုံးရှုံးမှုအပေါ်မှာ စာရင်းစစ်ချုပ်ရုံးရော၊ အစိုးရအဖွဲ့ရောက အရေးတယူနဲ့ အားစိုက်လုပ်ရမယ့်သဘောတွေ့ရတယ်။ ဒါကြောင့်မို့ အန်တီတိုင်ရကြားနပ်တယ်လို့ပဲ တစ်စိတ်တစ်ပိုင်း သတ်မှတ်တယ်။

The Voice Journal – ဒီမှာ မရှင်းတာတစ်ခုပါတယ်။ ကော်မရှင်ထုတ်ပြန်ချက်မှာ တိုင်ကြားစာပါကိစ္စဟာ စတုတ္ထအကြိမ်ပြင်ဆင်တဲ့ဥပဒေမတိုင်မီက ကိစ္စမို့လို့ မသက်ဆိုင်တဲ့သဘောမျိုးရေးထားတာတွေ့တယ်။ ဘယ်လိုမြင်လဲခင်ဗျ။ ဥပဒေမှာတော့ ဒီလိုအတိအလင်းဖော်ပြထားတာမတွေ့ရဘူး။

Dr.Nyo Nyo Thin – ဒီနေရာဥပဒေကို အနက်အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ အန်တီနဲ့ကော်မရှင် မတူညီတာပါလာတယ်။ ကော်မရှင်အဆိုအရဆို ၂၀၁၈ ခုနှစ်၊ စတုတ္ထအကြိမ်ပြင်ဆင်တဲ့ဥပဒေမတိုင်မီက နိုင်ငံတော်ရဲ့ဆုံးရှုံးမှုတွေကို ဆုံးရှုံးမှုအဖြစ် မသတ်မှတ်ချင်ပုံရတယ်ပေါ့။ ဒါကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မဆိုင်ဘူးလို့ ကန့်သတ်ချင်ပုံရတယ်။ အန်တီက ဒီဥပဒေမှာ ခုနပြောတဲ့ကာလမတိုင်မီက ဆုံးရှုံးမှုတွေကို ဒီဥပဒေနဲ့ကင်းလွတ်ခွင့်ပေးတယ်လို့ မပါဘူး။ ထားပါတော့။ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ၂၀၁၃ စက်တင်ဘာလ နောက်ပိုင်းကိစ္စတွေပဲ ကိုင်တွယ်မယ်လို့ ပြောထားတာရှိတယ်။ ဒီကိစ္စကျတော့ အဲလိုပြောထားတာမရှိဘူး။ ဥပဒေထဲမှာလည်း အဲလိုအတိအလင်းမဖော်ပြထားဘူး။

ဒါ့ကြောင့်မို့ ဒီကိစ္စမှာ အန်တီအဓိပ္ပာယ်ကောက်ယူတာက ဘီလီယံ ၆၀ ကျော်နစ်နာမှုဟာ အစိုးရအဖွဲ့အတွင်းမှာ ကြိတ်ဖြစ်နေတဲ့ကိစ္စ၊ ပြည်သူလူထုနစ်နာမှုဟာ Public Document အနေနဲ့ သိရတာ သိပ်တောင်မကြာသေးဘူး။ ဒါ့ကြောင့် ပြည်သူ့နစ်နာမှုဟာ လတ်တလောထင်ရှားတဲ့နစ်နာမှုပဲ။ ဒ့ါကြောင့် ဒီဥပဒေနဲ့ သက်ဆိုင်သင့်တယ်။အကျုံးဝင်သင့်တယ်ပေါ့လေ။ ဒီနေရာမှာ ကော်မရှင်ကလည်းအကျုံးမဝင်ဘူးလို့ အပြတ်တော့မပြောဘူး။သို့သော်လည်း ဒီကာလမတိုင်မီက ဖြစ်တဲ့ကိစ္စမို့လို့ အခုအရေးယူဆောင်ရွက်ရန် မရှိသေးဘူးလို့ ပြောထားတယ်။ ၂၀၁၈ ခုနှစ် ၆ လပိုင်းမတိုင်မီက ဖြစ်တဲ့ကိစ္စမို့လို့ သူတို့လည်း တစ်စုံတစ်ရာ ဥပဒေကို ဘယ်လိုအဓိပ္ပါယ်ကောက်ယူရင် ကောင်းမလဲ စဉ်းစားနေပုံပေါ်တယ်။ ဒါ့ကြောင့် အခုလောလောဆယ် အရေးယူရန်မရှိသေးကြောင်းပြောတာ။ ဥပဒေကို ယတိပြတ်အဓိပ္ပါယ်ဖွင့်ဆိုတာတော့ မဟုတ်သေးဘူး။

The Voice Journal –  ကော်မရှင်ရဲ့ ပြန်ကြားချက်အပေါ် ခြုံပြီး ဘာများပြောချင်ပါသလဲခင်ဗျ။

Dr.Nyo Nyo Thin  – ဆိုတော့ ကော်မရှင်အနေနဲ့လည်း အန်တီ့တိုင်ကြားမှုအပေါ် ၃ ရက်အတွင်း မြန်မြန်ဆန်ဆန် ဆောက်ရွက်လိုက်တယ်။ ၃ ရက်အတွင်းအဖြေထွက်လာတယ်။ အစိုးရကိုလည်း ဖိအားပေးလိုက်ရာရောက်တယ်။ ဒါဟာ အစိုးရအနေနဲ့ ပြင်ဆင်ရတော့မယ်။ ပြည်သူလူထုကိုလည်း ကော်မရှင်ဟာ အလုပ်တကယ်လုပ်တယ်ဆိုတာကို ပြလိုက်တယ်ပေါ့။ ဒါပေမယ့် ဝေဖန်မှုတွေရှိတယ်။ အန်တီတိုင်ကြားတာနဲ့ပတ်သက်ပြီး မိတ်ဆွေတချို့က အွန်လိုင်းပေါ်မှာ Opinion Poll လေး ကောက်ကြတယ်လေ။ ၂၅ % က ကော်မရှင်က အရေးယူမယ်လို့ထင်တယ်။ ၇၅ % က အရေးမယူဘူးလို့ထင်တယ်။ ပြည်သူလူထုရဲ့ ထင်မြင်ချက်က မှန်သလိုတော့ဖြစ်နေတာပေါ့။ ပြည်သူလူထုရဲ့ခန့်မှန်းချက်က မှန်နေတော့ အန်တီနည်းနည်းတော့ အံ့သြသွားတာပေါ့။ ဒါကိုတော့ သတိထားမိတယ်။ ကော်မရှင်ရဲ့ ဒီကြေညာချက်အပေါ်မှာတော့ ပြင်းပြင်းထန်ထန်ကြီး ဆန့်ကျင်စရာတော့ မရှိပါဘူး။ စောင့်ကြည့်ရမယ့် အပိုင်းတွေရှိသေးတာကိုး။ သူတို့က အစိုးရကိုလည်း အချိန်ပေးလိုက်တဲ့သဘောပေါ့။

ရဲနိုင်​ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *