အစားအစာများတွင် ဆားနှင့် သကြားပါဝင်မှုနှုန်းထားများသိရှိရန် မူဝါဒပြဋ္ဌာန်းမည်

ရန်ကုန်၊အောက်တိုဘာ၁၉

ဆီးချိုနှင့်သွေးတိုးရောဂါဖြစ်ပွားမှုများနေသောကြောင့် အစားအစာများတွင် ဆားနှင့် သကြားပါဝင်မှုနှုန်းထားများကို သိရှိရန် မူဝါဒတစ်ခုပြဋ္ဌာန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။

လက်ရှိတွင် မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာန၊ အာဟာရသုတေသနဌာနခွဲ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဆေးသုသေတနဌာနတို့မှ တာဝန်ရှိသူများပါဝင်သော အဖွဲ့တစ်ခုဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပြီး မူဝါဒပြဋ္ဌာန်းပြီးပါက ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သော စားသောက်ကုန်များတွင် Food Labeling Practice ကို တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အစားအစာ အညွှန်းတပ်တာက ကိုယ့်အတွက် စားသုံးဖို့ သင့်လား မသင့်လားဆိုတာ အာဟာရတန်ဖိုးတွေကို ကြည့် ပြီးတော့ သကြား၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ တစ်နေ့တာ ဘယ်လောက်စားသုံးရမလဲဆိုတာ သတ်မှတ်ထားတဲ့ဟာကို ခန့်မှန်းရတာတော့ နည်းနည်းခက်တာပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ပြင်အစားအသောက်များတွင် ဆားနှင့် သကြားပါဝင်မှုနှုန်းထားများ သုံးစွဲမှုအတိုင်းအတာကို အာဟာရဖွံဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဆောင်ရွက်နေသော မြန်မာနိုင်ငံ အနုအာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေး စစ်တမ်းမှလည်း သိရှိနိုင်မည်ဖြစ်ကြောင်း ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။

“သွေးတိုးတာကနေ ကျောက်ကပ်ကို ထိတာလို့ ဆရာဝန်က ပြောတယ်။ အခု ကျောက်ကပ်ဆေးနေရတယ်။ သွေးတိုးမှန်းလည်း ကိုယ့်ဟာကိုယ် မသိဘူး။ ငါးပိရည်  တို့ငါးပိချက်တို့ကလည်း ကြိုက်တယ်။ မုန့်ဟင်းခါးကလည်း တစ်နေ့ကို နှစ်ပွဲလောက် စားတယ်။ သွေးတိုးရင်တော့ ၁၅၀ ကျော်ဆို ခေါင်းက မူးလာတယ်”ဟု အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်၂၀၁၃-၂၀၁၄ ခုနှစ်ကကောက်ယူခဲ့သော စာရင်းများအရ ဆီးချိုဖြစ်ပွားသူလူ ၁၀၀ တွင် ၁၀ဦး ရှိနေပြီး သွေးတိုးရောဂါဖြစ်ပွားသူမှာ ၂၆ ဒသမ ၄ ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *