“ကျွန်တော်တို့ဆီမှာ ဒီတာဝန်တွေကို ထမ်းဆောင်နိုင်စွမ်း မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး”

NLD ပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်နှင့် တွေ့ဆုံခြင်း

လာမည့်နိုဝင်ဘာတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတော့မည်။ ပြည်သူများကမူ စီးပွားရေးကျပ်နေသည်ဟု ဆိုကြသည်။ NLD ပါတီက ဒုဝန်ကြီးသုံးဦး ထပ်ခန့်လိုက်သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ စီမံကိန်းအချို့သည်လည်း ဝေဖန်ခံနေရသည်။ တိုင်းနှင့် ပြည်နယ်အစိုးရတချို့လုပ်ရပ်သည် အာဏာရပါတီပုံရိပ်ကို ထိခိုက်သည်ဟုဆိုကြပြန်သည်။ အဆိုပါ ကိစ္စအားလုံးသည် NLD ပါတီနှင့် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် အဆိုပါကိစ္စများနှင့်စပ်လျဉ်း၍ NLD ပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်နှင့် The Voice Journal က ဆက်သွယ်မေးမြန်းထားပါသည်။

The Voice Journal – ကြားဖြတ်ရွေးကောက်ပွဲ အကြိုမှာ NLD ပါတီရဲ့ စည်းရုံးရေးကိစ္စတွေ အခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။

Dr.MN – ကျွန်တော်တို့ အားရစရာကောင်းပါတယ်ခင်ဗျ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ ၃ ရက်နေ့၊ မဲဆွယ်ခွင့်ပြုတဲ့ နေ့ကစပြီး မြို့နယ်တွေက သူတို့နည်းသူတို့ဟန်နဲ့ မဲဆွယ်စည်းရုံးတာတွေ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ပါတယ်။ နောက်တစ်ခါ ဗဟိုကလည်း ကျွန်တော်တို့ မြို့နယ်အားလုံးကိုဆင်းပြီးတော့ အကြို Assessment  စစ်တမ်းကောက်ပြီးတော့ မြို့နယ်တွေရဲ့ အောင်နိုင်ခြေ အနေအထားကို စစ်ဆေးပါတယ်။ ပြီးတဲ့အခါမှာ ဗဟိုအောင်နိုင်ရေးအဖွဲ့က အစည်းအဝေးခေါ်တယ်။ ခေါ်ပြီးတော့ မြို့နယ်တွေအလိုက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ကျွန်တော်တို့ ၂၆ ရက်နေ့မှာ ပထမဆုံးအနေနဲ့ ဆိပ်ကမ်းမြို့နယ်မှာ အဖွင့်ဟောပြောပွဲစပါတယ်။ နောက်အထက်မြန်မာပြည်ကို ၂၈ ရက်နေ့မှာစပြီး ဟောပြောတာ၊ နောက်မြို့နယ်တွေမှာရှိတဲ့ အောင်နိုင်ရေးလုပ်နေတဲ့ အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ သူတို့ရဲ့အခက်အခဲတွေ ဆွေးနွေးတာ၊ သူတို့မရှင်းလင်းတာတွေကို ရှင်းလင်းပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့မြို့နယ်တိုင်းမှာရှိတဲ့ မြို့မိမြို့ဖတွေ၊ တချို့အရေးကြီးတဲ့နေရာမှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့ပါတွေ့ဆုံပြီးတော့ ကျွန်တော်တို့ရဲ့ မဲဆွယ်စည်းရုံးမှုကို လုပ်ပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ အဖွဲ့အပေါ်မှာ ပြည်သူတွေသိလိုနေကြတဲ့ စီးပွားရေးအခြေအနေ၊ ရခိုင်ပြည်မြောက်ပိုင်းအခြေအနေ၊ နောက်ပြည်ပက မြန်မာနိုင်ငံအပေါ်ချထားတဲ့ဖိအားတွေနဲ့ပတ်သက်ပြီး ပြည်သူသဘောပေါက်လာအောင် ကျွန်တော်တို့ ရှင်းလင်းပြပါတယ်။ နောက်ပြီးတော့ အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဒါတွေကို ရှင်းလင်းပြပါတယ်။ ကိုယ်စားလှယ်အောင်နိုင်ရေးကို ဆောင်ရွက်တာက ပထမဆုံးက အုတ်တွင်း ၂၈ ရက်က၊ ရှမ်းပြည် လဲချား၊ နောက်ပြီး မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ပြင်ဦးလွင်၊ နောက် မြင်းခြံ၊ နောက် မင်းဘူး၊ နောက် ရခိုင်ပြည်နယ် ရသေ့တောင်ကိုသွားပါတယ်။ ရသေ့တောင်က အပြန်ကျတော့ ကန်ပက်လက်၊ မတူပီကိုသွားပါတယ်။ နောက်မန္တလေးကို ဆင်းပါတယ်။ ပြီးတော့ မိုးကုတ်ကို ပြန်တက်ပါတယ်။ နောက် သပိတ်ကျင်းကိုဆက်သွားပါတယ်။ အခုတော့ မြစ်ကြီးနားကိုသွားပါတယ်။

The Voice Journal – ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အောင်နိုင်ရေးမျှော်မှန်းချက် ဘယ်လိုအခြေအနေ ရှိပါသလဲခင်ဗျ။

Dr.MN – ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲထက် သိသာတဲ့၊ ပိုများတဲ့ အောင်မြင်မှုရမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့သာမကဘဲ ကျွန်တော်တို့ပြိုင်ဘက် နိုင်ငံရေးပါတီများက စည်းရုံးလှုပ်ရှားနေတာ တွေ့ပါတယ်။

The Voice Journal – အခု တော်တော်များများ ပြောနေတာရှိပါတယ်။ NLD ကို ဝေဖန်ဖို့ လက်တွန့် နေတယ်ဆိုတာမျိုးပေါ့။ NLD ထောက်ခံတဲ့သူ တချို့ကလည်း Facebook မှာဆို အုပ်စုလိုက်ဖွဲ့ပြီး ကြမ်းကြမ်းတမ်းတမ်း ဝိုင်းပြောတာမျိုးလည်းရှိတယ်။ အဲဒီလို နှစ်ဖက်ဖြစ်နေတဲ့အပေါ် တစ်ခုခုများ ပြောဖို့ ရှိမလားဗျ။

Dr.MN – ကျွန်တော်တို့က လက်ရှိမှာ နိုင်ငံ့တာဝန်ဖြစ်တဲ့ အုပ်ချုပ်ရေးတာဝန်၊ ဥပဒေပြုရေးတာဝန်ကို ယူနေပါတယ်ခင်ဗျ။ ဒီအခါမှာ ပိုပြီးတော့ တစ်စုံတစ်ရာ ပြောတာဆိုတာ ချို့ယွင်းတာတွေက ပြည်သူတွေအဖို့ ပိုပြီးမြင်သာပါတယ်။ နောက်တစ်ခါ ပြည်သူတွေဟာ ကျွန်တော်တို့လုပ်နိုင်တာထက် အများကြီးကို ပိုပြီး မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့အခက်အခဲရှိတဲ့ လုံခြုံရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေမှာ အထူးသဖြင့် အားနည်းတာကိုပဲ တွေ့ရပါတယ်။ ကျွန်တော်တို့ ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ပြည်သူတွေက လက်ရှိ ၂၀၁၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လုပ်ကိုင်နေရတဲ့အနေအထားကို နားလည်အောင် ကျွန်တော်တို့ ရှင်းပြပါ တယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်စကားအရဆိုရင် ကျွန်တော်တို့လုပ်ပိုင်ခွင့်က ၇၅ ရာခိုင်နှုန်းပဲရှိပေမယ့် ၁၀၀ ရာခိုင်နှုန်း တာဝန်ယူလုပ်နေရတာဖြစ်တဲ့အတွက် ဒီနေရာလစ်ဟာမှုတွေ ရှိနိုင်ပါတယ်။ ဒီနေရာမှာ တာဝန် ယူထားတဲ့ပုဂ္ဂိုလ်တွေကတော့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ပါတီက လုပ်လို့ဆိုပြီး ဖုံးဖိထားတာမလုပ်ဘဲနဲ့ ဖြစ်နိုင်ရင် ပွင့်ပွင့်လင်းလင်းချပြတာ၊ လိုအပ်ရင် လိုအပ်သလို အရေးယူတာတွေ ကျွန်တော်တို့ ထိထိရောက်ရောက် လုပ်နေတဲ့အတွက် ရှေ့မှာ ပြည်သူတွေ နားလည်သဘောပေါက် လာမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။

The Voice Journal – တိုင်းနှင့် ပြည်နယ်အစိုးရ တွေရဲ့ လုပ်ရပ်တွေက ပါတီရဲ့ပုံရိပ်ကို ထိခိုက်တယ်လို့ ပါတီဝင်တချို့က ပြောနေကြတာလည်းရှိတယ်။အခု လတ်တလော ပြောဆိုနေကြတာကတော့ နူနလနည ကို ရန်ကုန်တိုင်းအစိုးရက တရားစွဲတဲ့ကိစ္စမျိုးပါ။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲဗျ။

Dr.MN – ကျွန်တော်တို့ကတော့ ပြောထားပြီးသွားပြီ။ ကျွန်တော်တို့ပါတီရဲ့မူဝါဒက ညှိနှိုင်းဆွေးနွေးရေးပါပဲ။ အထူးသဖြင့် ပြည်သူတွေစိတ်မပျက်အောင်လုပ်ပါဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောထားချက်လည်းရှိပါတယ်။ အထူးသဖြင့် ညွှန်ကြားချက်တွေနဲ့အညီ ဖြစ်နိုင်သရွေ့လုပ်တာကတော့ ကောင်းပါတယ်။ သို့သော်လည်း ကျွန်တော်တို့ရဲ့ မူနောက်တစ်ခုက တရားရုံးကို ရောက်ပြီးသားအမှုဆိုရင်တော့ ဝင်ရောက်ပြီး မှတ်ချက်ပေးခြင်းမပြုပါဘူး။ တရားစီရင်ရေးကို ထိခိုက်သွားမှာ၊ တိမ်းစောင်းသွားမှာစိုးလို့ပါ။ နောက်တစ်ခုက တာဝန်ပေးတဲ့လူဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့လုပ်ရင် ပါတီက ထိန်းကျောင်းလို့ရပါတယ်။ ဒါပေမဲ့ သူဟာ သူတာဝန်ယူထားတဲ့ အဖွဲ့အစည်းအနေနဲ့ လုပ်တယ်ဆိုရင် လက်လှမ်းမမီတော့ပါဘူး။ ဒါကတော့ ပါတီနဲ့ အုပ်ချုပ်ရေးက သီးသန့်လုပ်ရတဲ့အတွက် သူတို့တစ်ဖွဲ့လုံးအနေနဲ့ ဒါကိုတာဝန်ယူပြီး ရှင်းရတော့မှာပါ။ ကျွန်တော်တို့ ပါတီအနေနဲ့ဒါကို ထပ်မံပြီး ပြောဆိုတာ၊ ဆွေးနွေးတာ မလုပ်တော့ဘူး။ ဒါကတော့ ကျွန်တော်တို့ အာဏာကိုခွဲခြားထားတာပေါ့။ အုပ်ချုပ်ရေးနဲ့ ပါတီခွဲခြားထားတဲ့ သဘောကြောင့်ပါ။

The Voice Journal – NLD အစိုးရတက်စတုန်းက ဒုဝန်ကြီးတွေမထားဘူးဆိုပြီး ပြောခဲ့တယ်နော်။ အခုကျ ဒုဝန်ကြီးသုံးဦး ထပ်ခန့်တယ်။ ပြောချင်တာက စကားလေးတွေ နည်းနည်း Gap ဖြစ်နေတယ်။ ဒီလိုဖြစ်နေတာက ၂၀၁၅ မတိုင်မီမှာ NLD အစိုးရရဲ့ ပြင်ဆင်မှုအားနည်းခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေရှိတယ်။ နောက်တစ်ခုက NLD မှာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ လူတွေများ နည်းလားပေါ့နော်။ အဲဒီအပိုင်းကို ရှင်းပြစေချင်ပါတယ်။

Dr.MN – အဲဒါနဲ့ ပတ်သက်ပြီးပြောရရင် အစိုးရစတက်လာတဲ့အခါမှာ ဝန်ကြီးဌာနတွေကိုလည်း ချုံ့ပစ်လိုက်ပါတယ်။ နောက်ပြီး ဒုဝန်ကြီးတွေကိုလည်းမခန့်ဘဲ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းဖို့ကြိုးစားပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ မူလရည်မှန်းချက်ပါ။ သို့သော်လည်း မူလရည်မှန်းတာနဲ့ လက်တွေ့လုပ်ကိုင်တဲ့အခါ အခြေအနေတွေ ကွဲပြားတတ်ပါတယ်။ လက်ရှိတွေ့နေရတဲ့ အခြေအနေအရ အုပ်ချုပ်ရေးပိုင်းမှာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ တိုးချဲ့ဖို့လိုလာတယ်လို့ တွေ့ရပါတယ်။ ဝန်ကြီးက ဒုဝန်ကြီးတာဝန်ရော၊ ဝန်ကြီးတာဝန်ရော လုပ်နေရတယ်။ နောက်ပြီး ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘဲ ဝန်ကြီးဌာန နှစ်ခုသုံးခု လုပ်ရတဲ့အခါ သူ့အနေနဲ့ တာဝန်ပိလာပြီး ဒုဝန်ကြီးနေရာထပ်ခန့်ဖို့ လိုတယ်လို့ ယူဆတဲ့အတွက် အခြေအနေရဲ့ တောင်းဆိုချက်အရ ခန့်ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကွဲလွဲသွားတာ၊ မှားယွင်းသွားတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့အခြေအနေရဲ့တောင်းဆိုချက်အရ လုပ်တာဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီတွင်းက ပုဂ္ဂိုလ်များကို ရွေးချယ်ခန့်ထားခြင်း ရှိ မရှိကတော့ ကျွန်တော်တို့ပါတီမှာ အရည်အချင်းပြည့်မီတဲ့သူတွေ ရှိတယ်ဆိုတာ ကျိန်းသေပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာထူးတွေက ကျွန်တော်တို့အခေါ်ဆိုရင် Political  Post ပါ။ နိုင်ငံရေးတာဝန်တွေပါ။ အုပ်ချုပ်ရေးတာဝန် မဟုတ်ပါဘူး။ အုပ်ချုပ်ရေးတာဝန်မဟုတ်လို့ အုပ်ချုပ်ရေးတာဝန်မရှိသော်လည်းပဲ သူတို့မှာ ဒီတာဝန်ကိုထမ်း ဆောင်နိုင်ပါတယ်။ နိုင်ငံရေးတာဝန်ဆိုတာ အဓိကတော့ သူ့ရဲ့ရည်မှန်းချက်ကို ပန်းတိုင်ကောင်းကောင်း ချနိုင်ရမယ်။ ဒီဟာကို အုပ်ချုပ်ရေးမှာ လုပ်ငန်းကျွမ်းကျင်တဲ့သူတွေကို အကောင်အထည်ပေါ်လာအောင် သူက လမ်းညွှန်နိုင်စွမ်းရှိရမယ်။ အဓိက ဒါပါပဲ။ ကျွန်တော်တို့ဆီမှာ ဒီတာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းမရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီမှာ နိုင်ငံရေးသဘာရင့်တဲ့သူတွေ အများကြီးရှိပါတယ်။ အခုလောလောဆယ် အခြေအနေအရ ပါတီဝင်မဟုတ်တဲ့သူတွေ ခန့်ထားရင်လည်း သူ့မှာ လုံလောက်တဲ့ အကြောင်းပြချက်ရှိပါလိမ့်မယ်။

The Voice Journal – စည်းကမ်းဖောက်ဖျက်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ ဝန်ကြီးအရေအတွက် ဘယ်လောက်ကိုဒီကာလတွေအတွင်းမှာ ပါတီက အရေးယူခဲ့ပြီးပြီလဲဗျ။ သူတို့အများဆုံး ဖောက်ဖျက်တဲ့အချက်တွေကရော ဘာတွေများဖြစ်မလဲ။

Dr.MN – အဓိကတော့ရှင်းရှင်းပြောရင် ပါတီက နဂိုတုန်းကတော့ဗျာ။ အားလုံးဆင်းဆင်းရဲရဲ ချို့ချို့ တဲ့တဲ့လုပ်ကြရတယ်။ အခုကျတော့ တချို့က အုပ်ချုပ်ရေးတာဝန်တွေရသွားတယ်။ ဝန်ကြီးတာဝန်တွေ ရသွားတယ်။ အမတ်တာဝန်တွေ ရသွားတယ်။ ဒီအခါမှာ ကုန်ကျစရိတ်တွေကအစ သူပဲ ခံသင့်တယ်ဆိုတာမျိုး ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း လွှတ်တော်တက်ရုံတင်မကဘဲ ရေးရာအဖွဲ့တွေ တက်ရတယ်၊ နယ်တွေဆင်းရတယ်။ နောက်ပြီး သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ အလုပ်အမှုဆောင်အဖွဲ့အတွက် ငွေကြေးကိုလည်း သူတို့ကအများဆုံးပံ့ပိုးကြရပါတယ်။ ဒီအခါ သူတို့ဘက်ကလည်း အနည်းငယ်ငြိုငြင်ပြီးတော့ ကိုယ့်အဖွဲ့အချင်းချင်းမှာပေါ့။ မညီမညွတ်ဖြစ်တာလေး တွေရှိပါတယ်။ အဓိက ဒီပြဿနာအများဆုံးဖြစ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ အခုနောက်ပိုင်းတော့ ဘယ်လောက်အရေးယူပြီးပြီဘာညာကို သိပ်ပြီးထုတ်မပြောချင်တော့ဘူးဗျ။ ဘာလို့ဆို ပါတီဝင်သုံးဦး သူတို့ဘာသာ နုတ်ထွက်တာကို ကျွန်တော်တို့က နုတ်ထွက်ကြောင်း ပြောလိုက်တယ်။ နုတ်ထွက်ခဲ့တဲ့အကြောင်း ပြောလိုက်ရင်ကိုပဲ ကျွန်တော်တို့က စကားတွေအများကြီး ပြောခဲ့ရပါတယ်။ ကျွန်တော်တို့က ပါတီတွင်းကိစ္စတွေကို အပြင်ကို ထုတ်မပြောချင်ပါဘူး။ ဘာလို့ဆို အသေး စိတ်မရှင်းပြနိုင်ရင် ပြည်သူတွေအထင်လွဲနိုင်လို့ပါ။ ဒါ့ကြောင့် အသေးစိတ်ရှင်းမပြနိုင်တဲ့ ပါတီတွင်းကိစ္စတွေကို ကျွန်တော်တို့ မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

The Voice Journal – ခုနက ပြောတဲ့အထဲမှာလည်း ပါသွားတယ်ပေါ့။ NLD မှာ နိုင်ငံရေးအရ အတွေ့အကြုံရှိသူတွေ အများကြီးရှိတယ်ဆိုပြီး။ ဒီတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အလွန် NLD ကို ဆက်ခံမယ်သူ သို့မဟုတ် လူငယ်မျိုးဆက်က NLD မှာ အဆင်သင့်ရှိပြီလားဗျ။

Dr.MN – ဒါက ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ပြီးပါပြီ။ ဒုဥက္ကဋ္ဌ ၁၊ ဒုဥက္ကဋ္ဌ ၂ စသည်ဖြင့် တရားဝင်ထုတ်ပြန်ထားပါတယ်။ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် သတ်မှတ်ထားတာရှိပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေးပါတီဖြစ်ဖြစ် ဘယ်လောက်ပဲလျာထားသည်ဖြစ်စေ အခြေအနေဆိုတာက ပြောင်းတာပါပဲ။ ပြောင်းတဲ့အလျောက် ကျွန်တော်တို့က ပါတီကိုဆက်လက်တာဝန်ယူမယ့်သူတွေကို ဒီပြောင်းလဲပြီး တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါက အခြေအနေပေါ် မူတည်ပါတယ်။ ကျွန်တော်တို့မှာတော့ လျာထားပြီးသားရှိတယ်ဆိုတာ ပြည်သူကို ချပြပြီးဖြစ်ပါတယ်။

The Voice Journal – ဒီနေ့ NLD က တင်ထားတဲ့ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တွေ အများကြီးရှိတယ်။ အဲဒီအထဲမှာ သူတို့ရဲ့ လုပ်ရည် ကိုင်ရည်နဲ့ပတ်သက်ပြီး ဘယ်သူ့ကို အားအရဆုံးလဲ။ တစ်ဆက်တည်းမေးရရင် ဒီကနေ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စွမ်းဆောင်ရည်ကိုရော NLD ပါတီအနေနဲ့ အားရကျေနပ်မှုရှိပါရဲ့လားခင်ဗျ။

Dr.MN ဝန်ကြီးချုပ်တွေမှာတော့ တချို့လည်း ထိထိရောက်ရောက်လုပ်နိုင်ပါတယ်။ တချို့လည်း သူတို့လုပ်နေကျမဟုတ်ဘဲ အခုမှစလုပ်ရတဲ့အတွက် အခက်အခဲရှိတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ဒီရာထူးတွေက နိုင်ငံရေးရာထူးတွေပါ။ သူတို့ကို အထောက်အကူပြုရမှာက ဝန်ထမ်းတွေပါ။ ဝန်ထမ်းတွေက လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန်နဲ့ သွက်သွက်လက်လက် လုပ်ဆောင်ပေးဖို့လိုပါတယ်။ သမ္မတကြီးကိုယ်တိုင်လည်း ပြောထားပါတယ်။ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုဟာ တော်တော်လေးကို အဟန့်အတား၊ နှောင့်နှေးစေမှု နေရာတော်တော်များများ ဖြစ်နေတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်ချက်မှာလည်း ထိရောက်မှုမရှိတာရှိပါတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ပြင်သွားပါတယ်။ နည်းလမ်း နှစ်လမ်းနဲ့ ပြင်တာပေါ့ဗျာ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ စည်းရုံးတယ်။ နောက်တစ်နည်းကတော့ ဝန်ထမ်းစည်းကမ်းဆိုတာပေါ့။ နည်းလမ်းနှစ်ခုနဲ့ ပြုပြင်နေပါတယ်ခင်ဗျ။

The Voice Journal – ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စွမ်းဆောင်ရည်ကိုရော NLD ပါတီအနေနဲ့ ဘယ်လိုအကဲဖြတ်မိလဲခင်ဗျ။

Dr.MN – အဲဒါနဲ့ပတ်သက်ပြီးတော့ လောလောဆယ်မှာ ကျွန်တော်တို့ဆီကို တင်ပြလာတာကို မရှိသေးပါဘူးခင်ဗျ။ ကျွန်တော်တို့မီဒီယာတွေမှာ ဖြစ်နေတဲ့ အပြန်အလှန်ပြောဆိုတာတွေပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဆီကို တစ်စုံတစ်ရာတင်ပြလာရင်တော့ တင်ပြတဲ့အချက်အလက်နဲ့ အကြောင်းအရာအပေါ်မူတည်ပြီး စဉ်းစားဆုံးဖြတ်သွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။

The Voice Journal – ပါတီကနေ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေကို အဆိုပြု တင်မြှောက်ခဲ့တာပေါ့လေ။ အဲဒီဝန်ကြီးချုပ်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်တဲ့ အကဲဖြတ်ချက်ကိုရော ပါတီက လုပ်နေတာရှိလားခင်ဗျ။

Dr.MN – ရှိပါတယ်ခင်ဗျ။ သူတို့ကိုယ်တိုင်လည်း ပြောထားတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အစီရင်ခံစာလိုမျိုး၊ သူတို့ကိုယ်တိုင်လည်း အစီရင်ခံရမှာပါခင်ဗျ။ ဒါက ပါတီပိုင်းကလုပ်တာပါ။ အုပ်ချုပ်ရေးပိုင်းကလည်း လစဉ်အစည်းအဝေးတွေလုပ်ပြီး တင်ပြတာ၊ လမ်းညွှန်မှုပေးတာ လစဉ်ရှိပါတယ်ခင်ဗျ။

The Voice Journal – NLD အစိုးရလက်ထက်မှာ မီဒီယာတွေနဲ့ပတ်သက်ပြီး တရားစွဲခံရတာ ပိုများလာတယ်ဆိုပြီး ပြောကြတယ်။ ကိန်းဂဏန်းအတိအကျလည်းရှိပါတယ်။ ဘာ့ကြောင့်များ NLD အစိုးရလက်ထက်မှာ မီဒီယာတွေတရားစွဲခံရတာ များလာပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အကျပ်တွေ့နေရတာလဲခင်ဗျ။

Dr.MN- ဟုတ်ပါတယ်။ မီဒီယာတွေနဲ့ တရားစွဲဆိုမှုတွေများလာတဲ့အခါမှာ ကျွန်တော်တို့မြင်တာကတော့ မီဒီယာကလည်း လွတ်လပ်လာတယ်။ အစိုးရနဲ့မီဒီယာကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့မူကတော့ ဖြစ်နိုင်သမျှ ညှိနှိုင်းစေချင်တယ်။ ဥပမာ – ကျွန်တော်တို့ဆိုရင် ပြောခဲ့တဲ့သတင်းတွေမှာ နည်းနည်းလွဲမှားတယ်ဆိုရင် မီဒီယာကို အကြောင်းကြားပြီး ဒီအချက်၊ ဒီအချက်တွေကတော့ မသင့်လျော်ပါဘူးဆိုပြီး ကျွန်တော်တို့ပြောပါတယ်။ အဲလိုမျိုး ဆွေးနွေးတာမျိုးရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ကို Facebook မှာ မမှန်မကန် စွပ်စွဲပြောဆိုရေးသားတာမျိုး ရှိပါတယ်။ ကျွန်တော်တို့ဘက်က မခံနိုင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေက တရားစွဲဖို့ တောင်းဆိုကြတာကို ဒီအမှုတွေ များလွန်းတယ်လို့ပြောနေတယ်။ ဒါ့ကြောင့် တရားမစွဲပါနဲ့ဆိုပြီး ကျွန်တော်တို့ကိုယ်တိုင် ပိတ်ထားတာရှိပါတယ်။ အဖွဲ့ချုပ်ရဲ့ တံဆိပ်တုံးအတုလုပ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ မမှန်သတင်းထုတ်သူကိုတောင် ကျွန်တော်တို့ တစ်စုံတစ်ရာ အရေးယူခြင်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့သည်းခံမှုက အများကြီးကို ပြသထားပါတယ်။

တချို့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆိုရင်တော့ သူတို့နစ်နာတယ်လို့ဆိုပြီး…၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း နိုင်ငံသားပါပဲ။ နိုင်ငံသားတစ်ဦးရဲ့နစ်နာမှုကို သူ့ဥပဒေအကာအကွယ်နဲ့ မလုပ်ရဘူးလို့လည်း ကျွန်တော်တို့က တားဆီးလိုက်ရင်လည်း ဒါလည်း နည်းနည်းအစွန်းရောက်ပါတယ်။ သူ့အတွက် နစ်နာတယ်ထင်ရင် သူက ဥပဒေအရပဲ တရားစွဲတာလေ။ သူ့မှာရှိတဲ့ ကိုယ်စားလှယ်လုပ်ပိုင်ခွင့် အရ အတင်းအာဏာပြပြီးလုပ်တာမဟုတ်ဘူး။ ဒါမျိုးကျ ကျွန်တော်တို့က ဆွေးနွေးလို့ပဲရပါတယ်။ ဖြစ်နိုင်ရင်တော့ မစွဲကြပါနဲ့။ ဒါပဲကျွန်တော်တို့ ပြောလို့ရတယ်။ ပုဂ္ဂိုလ်ရေးအရ နစ်နာတယ်။ ဒီလိုမှ မစွဲရင် နောင်လည်းဒီလိုပဲ ထပ်ထပ်ပြီးတော့ ပုတ်ခတ်တိုက်ခိုက်တဲ့အတွက်ပိုပြီး ဆိုးလာနိုင်တယ်လို့ယူဆတဲ့အတွက် တရားစွဲတာကျတော့လည်း ကျွန်တော်တို့ တားလို့မရပါဘူး။ ဒီလိုကိစ္စမျိုးတွေကြောင့်လည်း တရားစွဲတာတွေ ပိုများလာတာရှိပါတယ်။

The Voice Journal – ဒီကနေ့ NLD ရဲ့ပုံစံက အာဏာမရခင်က မျှော်မှန်းခဲ့တဲ့ပုံစံနဲ့ ထပ်တူကျပါရဲ့လားခင်ဗျ။ ဒီနေ့ NLD လုပ်ဆောင်မှုနဲ့ရလဒ်ပိုင်းအရ ကြည့်ရင်ပေါ့လေ။ အရင်မျှော်မှန်းခဲ့သလိုပဲလား သိချင်ပါတယ်။

Dr.MN – ကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်းကတော့ သွေဖည်ခြင်းမရှိဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ လမ်းကြောင်းဆိုတာမှာ အတိုးအဆုတ်တော့ ရှိသင့်ပါတယ်။ နည်းနည်းညှိနှိုင်းရတာ၊ ပြုပြင်ရတာတော့ ရှိပါတယ်။ ဒါသဘာဝပါ။

The Voice Journal – နောက်ဆုံးမေးခွန်းပါခင်ဗျ။ ဒီနေ့မှာ ပြည်သူအများစု ပြောနေကြတာရှိတယ်။ ကုန်ဈေးနှုန်းကြီးပြီး စီးပွားရေးကျပ်တည်းတယ် ဆိုတာပါ။ လုပ်ရကိုင်ရလည်း ခက်လာတယ်လို့ ပြောကြတာရှိတယ်။ ပြည်သူကို ဘာများ ပါတီဘက်က ပြောချင်ပါလဲခင်ဗျ။

Dr.MN – အခု ကျွန်တော်တို့ မဲဆွယ်တဲ့အခါ ဒါကိုပဲ အဓိကပြောပါတယ်ခင်ဗျ။ ကျွန်တော်တို့ သုံးသပ်ချက်အရဆိုရင် ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးကျပ်တည်းလာတယ်။ နှေးကွေးတုံ့ဆိုင်းလာတယ်ဆိုတာကို ကျွန်တော်တို့လက်ခံပါတယ်။ ကျဆင်းတယ်ဆိုတာကိုတော့ မကျဆင်းဘူးလို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဘာလို့ဆို နိုင်ငံရဲ့ဘတ်ဂျက်လိုငွေကို ၅ ရာခိုင်နှုန်းအောက် လျှော့ချလိုက်တယ်။ နောက်ပြီး သယံဇာတကရတဲ့ဝင်ငွေတွေ စတာတွေက သယံဇာတရငွေက သုံးပုံတစ်ပုံအထိ ပြုတ်ကျသွားပါတယ်။ နောက်တစ်ခါ နိုင်ငံခြားကို ပေးဆပ်ရမယ့် အရင့်အရင် အစိုးရလက်ထက်က ချေးငွေတွေက ကျွန်တော်တို့ လက်ထက်မှာ ပြန်ဆပ်ရမယ့်ကာလရောက်လာတဲ့အခါ ချေးငွေတွေကို အများကြီးကို ပေးဆပ်နေရပါတယ်။ ဥပမာ – ၁ ဒသမ ၅ဘီလီယံနဲ့ချေးထားတဲ့ စက်ရုံတစ်ခုဆို အခုထိလည်ပတ်နိုင်ခြင်းမရှိဘဲ တစ်နှစ်ကို ဒေါ်လာသန်း ၆၀၀ ဆပ်နေရပါတယ်။ အဲဒီလိုဝန်ထုပ် ဝန်ပိုးတွေရှိပါတယ်။ နောက်ပြီး စီးပွားရေးမှာ ပိုပြီး ကျပ်တည်းစေတာက တရုတ်၊ အမေရိကန်ကြား စီးပွားရေးစစ်သဘောမျိုးဖြစ်တဲ့အခါ ကျွန်တော်တို့ရဲ့ အစောကတည်းက အခြေယိုင်နေတဲ့ မြန်မာနိုင်ငံဟာ အများကြီး ထိခိုက်ပါတယ်။ နောက် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် နိုင်ငံတကာက မြန်မာ့ပုံရိပ်ကို ထိခိုက်အောင်လုပ်တဲ့အခါ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမယ့်သူတွေ နောက်ဆုတ်သွားတယ်။ ကျွန်တော်တို့ဆီကို လာလည်မယ့် အနောက်နိုင်ငံက ခရီးသွားဦးရေ ထက်ဝက်လောက် ကျဆင်းသွားတယ်။ ဒါတွေကလည်း အခြေအနေကို ပိုဆိုးစေတဲ့ကိစ္စပါခင်ဗျ။ ရခိုင်မြောက်ပိုင်းလိုကိစ္စက ကျွန်တော်တို့အစိုးရက လုပ်ခဲ့တာမဟုတ်ပါဘူး။ အစိုးရအမှားလည်း မဟုတ်ပါဘူး။ သို့သော် ဘယ်သူဘယ်ဝါလို့ မပြစ်မတင်ဘဲ ကျွန်တော်တို့က ခေါင်းခံပြီး ဖြေရှင်းဖို့လုပ်နေပါတယ်။ အဲဒါကိုလည်း ပြည်သူတွေ နားလည်အောင် ရှင်းပြနေပါတယ်။

The Voice Journal – ထပ်ပြီးဖြည့်စွက်ပြောလို တာများရှိရင် ပြောပေးပါခင်ဗျ။

Dr.MN – ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပြည်သူတွေသည် နိုင်ငံရေးအသိမြင့်မားတဲ့သူတွေလို့ ယုံကြည်ပါတယ်။ နိုင်ငံတစ်ခုမှာ နှစ်ပေါင်း ၆၀ လောက် အမိန့်ပေး၊ အမိန့်နာခံစနစ်နဲ့ ယဉ်ပါးလာတဲ့အခါ တချို့အလုပ်တွေက အရင်လောက်လုပ်ရ မလွယ်တော့တာ အမှန်ပါပဲခင်ဗျ။ အရင်တုန်းက အပေးအယူလေးတွေနဲ့ လုပ်လို့ရတဲ့ လုပ်ငန်းတွေက ဥပဒေနဲ့အညီ လုပ်ရတဲ့အခါမှာ အခက်အခဲတွေ ရှိပါတယ်။ ဥပမာဆိုရင် ကုမ္ပဏီဥပဒေကို ကျွန်တော်တို့ ပြင်လိုက်တဲ့အတွက် အရင်က သိန်း ၃၀ လောက်ကုန်မှ သုံးလကြာမှ၊ သိန်း ၃၀ ဆိုတာ နိုင်ငံတော်ကို သွင်းရတာရော အခြားပေးရတာတွေနဲ့ဆို အဲဒီလောက်ကျ ပါတယ်။ အခုတစ်သိန်းနဲ့ အင်တာနက်ကနေ နှစ် ရက်အတွင်း ကုမ္ပဏီလိုင်စင်ကျလာအောင် လုပ်ခဲ့ ပါတယ်။ ဒီလိုပဲ ရင်းနှီးမြှုပ်နှံမှုဥပဒေပြင်တယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို တွန်းအားပေးဖို့ သမ္မတကြီးကိုယ်တိုင်ဦးဆောင်တဲ့ ကော်မတီတစ်ခုဖွဲ့ပြီး ပြည်သူတွေကို ကျပ်ဘီလီယံ ၂၅၀ ထုတ်ချေးဖို့လည်း ပြင်နေပါတယ်ခင်ဗျ။ 

 

ရဲနိုင်ဦး 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *