စင်ကာပူအမျိုးသားတက္ကသိုလ်အတွေ့အကြုံများ

National University of Singapore

စင်ကာပူနိုင်ငံမှာ နေထိုင်စဉ် မြန်မာနိုင်ငံရှိ သတင်းစာ၊ ဂျာနယ်များအတွက် ဆောင်းပါးတွေရေးသားဖို့စဉ်းစားတဲ့အခါ ပထမဆုံးခေါင်းထဲဝင်လာတာက နာမည်ကျော် စင်ကာပူအမျိုးသားတက္ကသိုလ်(National University of Singapore – NUS) ဖြစ်ပါတယ်။

ဒီ NUS တက္ကသိုလ်ကြီးကို ၁၉၀၅ ခုနှစ်မှာ ဆေးကောလိပ် (King Edward  VII College of Medicine) အဖြစ် စတင်တည်ထောင်ခဲ့ပြီး သမိုင်းတစ်လျှောက် အမည်အမျိုးမျိုး၊ အချိုးအကွေ့ အပြောင်းအလဲအမျိုးမျိုး ကြုံတွေခဲ့ပါတယ်။ အခုဆိုရင် ဒီတက္ကသိုလ်ကြီးဟာ ကမ္ဘာ့စံသတ်မှတ်ချက် အသီးသီးမှာ မကြာခဏဆိုသလို ထိပ်တန်းမှာပါတတ်ပြီး အခု ၂၀၁၈ အဆင့်သတ်မှတ်ချက်တစ်ခုမှာလည်း အာရှတိုက်ရဲ့ အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခံရကာ ကမ္ဘာမှာဆို အဆင့် ၁၁ ချိတ်ပါတယ်။ စင်ကာပူနဲ့ မြန်မာဆိုတာ မစိမ်းလှတာမို့ မြန်မာကျောင်းသားတွေရဲ့ နိုင်ငံတကာပညာရေးအိပ်မက်ထဲမှာ ဒီ စင်ကာပူအမျိုးသားတက္ကသိုလ်ဆိုတာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာ NUS အကြောင်းထက် စာရေးသူ စင်ကာပူမှာ နေထိုင်ခဲ့စဉ်ကာလ NUS ကျောင်းဝင်းအတွင်း ကြုံခဲ့၊ မြင်ခဲ့၊ သိခဲ့တာလေးတွေကို ဆောင်းပါးတစ်ပုဒ်အနေနဲ့ ပေါ့ပေါ့ပါးပါး ရေးသားဖော်ပြသွားပါမယ်။

NUS မှာ Kent Ridge၊ Bukit  Timah နဲ့ Qutram ဆိုတဲ့ ကျောင်းဝင်းပရိဝုဏ် (Campus) သုံးခုရှိတဲ့ အနက် Kent Ridge က အကြီးဆုံးကျောင်းဝင်း ဖြစ်ပါတယ်။ စာရေးသူ သုတေသီအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ရုံးက Kent Ridge က NUS Business  School အနီးမှာ တည်ရှိပါတယ်။ စာရေးသူနေထိုင်တဲ့ တည်းခိုရိပ်သာ (Pasir Panjang  Inn) က ရုံး (ISEAS-Yusof Ishok  Institute) နဲ့ဆိုရင် ၁၀ မိနစ်လောက်တောင် လမ်းမလျှောက်ရပါဘူး။ ဒီတော့ သူများတွေလို နေ့စဉ်ရုံးသွားရင် ဘတ်စ်ကားတို့၊ ရထားတို့ စီးစရာမလိုပါဘူး။ နေ့စဉ် ရုံးသွားချိန်မနက် ၉ နာရီဝန်းကျင်ဆိုရင် တည်းခိုရိပ်သာကနေ NUS Business  School ကိုဖြတ်ပြီး စာရေးသူ ရုံးကို ခြေလျင်သွားပါတယ်။ ပြန်တော့လည်း ညနေ ၆.၀၀၊ ၇.၀၀ နာရီဝန်းကျင်ပေါ့။ တစ်ခါတလေလည်း စောပြန်တယ်။ တစ်ခါတလေလည်း နောက်ကျတယ်။ ဆိုချင်တာ စာရေးသူအလုပ်က ကျောင်းဝင်းထဲမှာ တည်ရှိနေတာမို့ ရုံးနဲ့အိမ် (တည်းခိုခန်း) ဘယ်အချိန် သွားသွား၊ ဘယ်အချိန်ပြန်ပြန် နေ့စဉ် NUS ကျောင်းသား၊ ကျောင်းသူတွေကို အမြဲမြင်တွေ့၊ သူတို့နဲ့ ရောနှောသွားလာရပါတယ်။

အိမ်ကနေ ရုံးကိုသွားရင် NUS တက္ကသိုလ်ကျောင်းလမ်းတစ်လျှောက် ရှေ့၊ ဘေး ဝဲ၊ ယာမှာ ပင်မ စီးပွားရေးတက္ကသိုလ်အဆောက်အအုံကြီး (NUS Business  School) အပါအဝင် Kent  Ridge Hall ၊ Sheares Hall စတဲ့ ကျောင်းသား၊ ကျောင်းသူအဆောင်တွေကို ဖြတ်ပြီးသွားရပါတယ်။ စာရေးသူရုံးမျက်စောင်းထိုးလောက်မှာ NUS ရဲ့ Institute of Systems Science (ISS) ဆိုတာ ရှိပါတယ်။ အဲဒီမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူအချို့နဲ့ လမ်းသွားရင်း ဆုံဖူးပါတယ်။ ကန်တင်းမှာလည်း တစ်ခါတလေ မြန်မာသံအချို့ ကြားရတတ်ပါတယ်။ စာရေးသူ စင်ကာပူကိုရောက်စက ဇွန်လဆိုတော့ အတန်းအများစု ပိတ်ထားတဲ့အချိန်ပါ။ ကန်တင်းတွေ၊ ကျောင်းဝင်းတွေထဲမှာ လူအနည်းအကျဉ်းပဲ တွေ့ရပါတယ်။ အဆောင်တွေလည်း ခြောက်ကပ်နေပါတယ်။ ဩဂုတ်လမှာတော့ ကျောင်းတွေပြန်ဖွင့်ပါပြီ။ ကျောင်းဝင်းအတွင်း နိုင်ငံစုံမှ ကျောင်းသားတွေနဲ့ အတော် စည်စည်ကားကား ရှိလာပြီး လူရာချီဆန့်တဲ့ ကန်တင်းကြီးတွေမှာဆို နေ့လယ် ၁၂ : ၀၀၊ ၁ါ် ၀၀ နာရီလောက်သွားရင် ထိုင်စရာနေရာတစ်နေရာရဖို့ အတော်ရှာယူရပါတယ်။ ကျောင်းသားတွေထဲမှာ နိုင်ငံသား စင်ကာပူတွေပြီးရင် တရုတ်နဲ့ အိန္ဒိယကျောင်းသားတွေက အများဆုံးလို့ ထင်ပါတယ်။ စာရေးသူမိတ်ဆွေရှိရာ NUS ရဲ့ လီကွမ်ယူကျောင်း (Lee Kuan Yew  School of Public Policy) ကို သွားလည်တော့လည်း အဲဒီမှာ နိုင်ငံခြားသား ကျောင်းသားတွေထဲကဆိုရင် တရုတ်နဲ့ အိန္ဒိယက အများဆုံးဖြစ်မယ်လို့ ဆိုပါတယ်။ (လီကွမ်ယူကျောင်းအကြောင်း ဆောင်းပါးကို ရေးသားဖော်ပြပြီးပါပြ်ီ။)

NUS မှာ ဘွဲ့ကြိုကျောင်း (Undergraduate School) ၁၃ ကျောင်း ရှိပြီး ဘွဲ့လွန်ကျောင်း (Graduate School) က လေးကျောင်းရှိပါတယ်။ တက္ကသိုလ်အဆင့် သုတေသနဌာန (Research  Institutes and Centres) ၃၀ လောက် ရှိပါတယ်။ ဘွဲ့အမျိုးအစား (Bachelor’s  degree) ၅၆ မျိုး၊ ဘွဲ့လွန်အမျိုးအစား (Master’s degrees၊ Doctoral  degrees၊ Graduate diplomas) ၁၅၀ မျိုး ပေးအပ်ပါတယ်။ လက်ရှိမှာ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူ (Under-graduates) ၂၉,၀၀၀ ကျော်ရှိပြီး ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ (Graduate   students) ၁၀,၀၀၀ နီးပါး ပညာသင်ယူနေကြပါတယ်။ စာရေးသူရောက်ခါစ အတန်းအများစုပိတ်ထားချိန် ဇွန်လမြင်ကွင်းနဲ့ အတန်းများပြန်ဖွင့်ချိန် ဩဂုတ်လမြင်ကွင်းက အတော်ကြီး ပြောင်းလဲသွားပါတယ်။ နေရာတိုင်းမှာ စုဖွဲ့သင်းပင်းလုပ်ဆောင်မှုတွေ၊ အတန်းအသစ်စတင်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေ တွေ့ရပါတယ်။ ရုံးအသွား၊ အပြန်လမ်းတစ်လျှောက် ကျောင်းအဆောင်တွေမှာဆိုရင်လည်း ညဘက်ဆို ပါတီပွဲတွေ၊ စုဝေးစားသောက်ပွဲတွေနဲ့ အတော်စည်းကားနေတာ တွေ့ရပါတယ်။

ညနေဘက်ပိုင်းမှာဆိုလည်း လမ်းထောင့်အချို့မှာ စီးကရက်သောက်နေတဲ့ စင်ကာပူနဲ့ အာရှကျောင်းသား၊ ကျောင်းသူအချို့ကို ပုံမှန်တွေ့ရလေ့ရှိပါတယ်။ ရုံးတက်ချိန် နေ့လယ်စာ စားတော့လည်း အဲဒီ NUS Business School  ရဲ့ ကန်တင်းမှာ စားဖြစ်ပါတယ်။ စာရေးသူ ရုံးကနေ ကန်တင်းကို အဆောက်အအုံအတွင်းက ကျောင်းစာသင်ခန်းတွေ၊ ဆရာ၊ ဆရာမတွေ ရုံးခန်းတွေ ဖြတ်လျှောက်ပြီး ငါးမိနစ်လောက် လမ်းလျှောက်ရပါတယ်။ လူရာချီစားသုံးနိုင်တဲ့ ကြီးမားလှတဲ့ ကန်တင်းထဲမှာ NUS Business School  က ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ ရောနှောပြီး ရုံးဖွင့်ချိန် နေ့စဉ်လိုလို နေ့လယ်စာ စားသုံးဖြစ်ပါတယ်။ ကန်တင်းမှာ North Indian Halal Food, Hong  Kong Roasted Kitchen, Japanese  Cuisine, Hananese Chicken  Rice, Korean Cuisine, Western  Food, Bain Mian & Fish Soup,  Muslim Food, Vietnamese  Cuisine, Chinese Mixed  Vegetable Rice စားသောက်ဆိုင် ၁၀ ဆိုင်ရှိပြီး တရုတ်စာ၊ အိန္ဒိယစာ၊ ကိုရီးယား စာ၊ ဂျပန်စာ၊ ဗိယက်နမ်စာ၊ အနောက်တိုင်းစာ အစားအစာမျိုးစုံ ရနိုင်ပါတယ်။

ကျောင်းကန်တင်းဖြစ်လို့ ဈေးနှုန်းလည်း မကြီးမြင့်ပါဘူး။ ဗီယက်နမ်ဆိုင်မှာ ထမင်းနဲ့ ကြက်သားအာလူး၊ ကန်စွန်းရွက်ကြော်စားမယ်ဆိုရင် (ထမင်းပန်းကန် ပေါ် ပုံပေးတာပေါ့) စင်ကာပူ သုံးဒေါ်လာလောက်ပဲ ကျသင့်ပါတယ်။ ပုံမှန်ကတော့ ဘယ်ဆိုင်မှာစားစား ပျမ်းမျှ စင်ကာပူ ၄.၀၀၊ ၄.၅၀ ဒေါ်လာလောက် ကျသင့်ပါတယ်။ အအေးတစ်ခုခု သောက်မယ်ဆိုရင် စင်ကာပူ ခြောက်ဒေါ်လာဆို နေ့လယ်စာ လုံလောက်ပါတယ်။ ခုနကလို ထမင်းနဲ့ ဟင်းနှစ်မျိုးပဲမှာစားရင်တော့ စင်ကာပူ သုံးဒေါ်လာဝန်းကျင်ပဲ ကျသင့်ပါတယ်။ ဒီ NUS Business School ရဲ့ ကန်တင်းက ရုံးနဲ့နီးလို့ မကြာမကြာ စားဖြစ်တယ်ဆိုပေမယ့် နောက်ထပ်ငါး မိနစ်လောက် ထပ်လျှောက်ရင် Science  & Arts ကန်တင်းဆိုတာလည်း ရှိပါတယ်။ သူကတော့ နည်းနည်း အရွယ်အစားပိုကြီးမယ်ထင်ပါတယ်။ အစားအသောက်လည်း ပိုများပြီး အမယ်ပိုစုံတာ ကို သတိပြုမိပါတယ်။ ဥပမာ – သီးသန့် ခေါက်ဆွဲရောင်းတဲ့ဆိုင်မျိုး ရှိတယ်ပေါ့။

NUS ကိုရောက်ရင် အဲဒီမှာ အခမဲ့ပြေးဆွဲနေတဲ့ ကျောင်းဘတ်စ်ကားတွေ နေရာအနှံ့မှာ ရှိပါတယ်။ ကျောင်းဝင်းထဲ ဘတ်စ်ကားတွေနဲ့ တစ်ပတ်သာပတ်ကြည့်ပါ။ ကျောင်းအဆောက်အအုံတွေကို ပုံစံအမျိုးမျိုးနဲ့ ထူးခြားလှတဲ့ ဒီဇိုင်းပုံစံတွေနဲ့ တွေ့ရပါလိမ့်မယ်။ ကျောင်းသား အပန်းဖြေ နေရာတွေ၊ ရေကူးကန်တွေ၊ စာကြည့်တိုက်တွေ၊ ပြတိုက်တွေ၊ ပန်းခြံဥယျာဉ်တွေဆီ သွားရောက်လေ့လာနိုင်ပါတယ်။

သွားသင့်တဲ့နေရာတစ်ခုက NUS ရဲ့ ဗဟိုစာကြည့်တိုက် (NUS Central  Library) ဖြစ်ပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ စာကြည့်တိုက်တွေဆို တာ အထူးအရေးပါပါတယ်။ ဒီ NUS စာကြည့်တိုက်က အမေရိကန်တက္ကသိုလ်စာကြည့်တိုက်တွေနဲ့ယှဉ်ရင် သိပ်ကြီးမားလှတော့ မဟုတ်ပါဘူး။ သို့သော် NUS ရဲ့ စာကြည့်တိုက်ဆိုတော့ အတွင်းမှာတော့ အထူးခမ်းနားလှ၏ပေါ့ဗျာ။ စာကြည့်တိုက်မှာ အထပ်ငါးထပ်ရှိပြီး မလေးရှားနဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ သက်ဆိုင်တဲ့ သုတေသနစာတမ်းပေါင်း ၆၁,၀၀၀ ဖတ်ရှုနိုင်တဲ့ စင်ကာပူ-မလေးရှားစုစည်းမှု (The Singapore/Malaysia Collection) ဆိုတဲ့ နေရာတစ်ခုလည်း ရှိပါတယ်။ စာရေးသူက NUS နဲ့ မသက်ဆိုင်တဲ့ အခြားအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်လို့ ဒီ NUS ရဲ့ စာကြည့်တိုက်ကို အသုံးပြုဖို့ အကျုံးမဝင်ပါဘူး။ သို့သော် စာရေးသူက စာကြည့်တိုက်ဆီ အီးမေးလ်ပေးပို့ပြီး ငါ မြန်မာနိုင်ငံက ဖြစ်တယ်။ စင်ကာပူမှာ လေးလကြာမယ်။ စင်ကာပူမှာရှိစဉ် မင်းတို့ စာကြည့်တိုက်ကို အသုံးပြုချင်တယ်။ ငါက ပြည်တွင်းသတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း မြန်မာဘာသာနဲ့ ဆောင်းပါးတွေရေးတယ်။ ဆောင်းပါးတွေ စုစည်းပြီး တစ်နှစ်တစ်အုပ် စာအုပ်ထုတ်ထားတာ ခြောက်အုပ်ရှိပြီ။ ဆွီဒင်နိုင်ငံမှာ ဧည့်သုတေသီအဖြစ် တာဝန်ထမ်းဆောင်စဉ် ထုတ်ဝေထားတဲ့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်လည်း ရှိတယ်။ အဲဒီစာအုပ်တွေအားလုံး NUS စာကြည့်တိုက်ကို လှူချင်တယ်လို့ဆိုတော့ စာကြည့်တိုက်က လာခဲ့ပါ။ စာအုပ်တွေက မြန်မာလိုဆိုရင်တော့ လက်ခံဖို့ အဆင်မပြေဘူး၊ အင်္ဂလိပ်ကတော့ အဆင်ပြေပါတယ်လို့ ဆိုပါတယ်။

ဒါနဲ့ စာကြည့်တိုက်ဆီသွားတော့ The Singapore/Malaysia  Collection ရဲ့ စာကြည့်တိုက်မှူးက လက်ခံတွေ့ဆုံပါတယ်။ စားပွဲပေါ်မှာ၊ ကြမ်းပြင်မှာ၊ ဘီဒိုတွေမှာ စာအုပ်တွေအပြည့်နဲ့ ဝန်းရံနေတဲ့ စင်ကာပူအမျိုးသားတက္ကသိုလ် စာကြည့်တိုက်မှူးတစ်ဦးရဲ့ ရုံးခန်းကတော့ ဘယ်လိုမှ မမေ့နိုင်စရာပါပဲ။ စာရေးသူလည်း စာအုပ်တွေ အကုန်လုံးယူသွားပါတယ်။ စာကြည့်တိုက်မှူးက စာရေးသူ ဒီ NUS စာကြည့်တိုက်ကို အသုံးပြုလို့ရအောင် သက်ဆိုင်ရာဝန်ထမ်းတွေဆီ လိုက်ပြောပေးပါတယ်။ ဒီလိုနဲ့ စာကြည့်တိုက်အသုံးပြုဖို့ အဆင်ပြေသွားပါတယ်။ စာအုပ်လှူဖို့ကိစ္စမှာတော့ စာရေးသူရဲ့ အင်္ဂလိပ်စာအုပ်ကိုတော့လက်ခံပြီး မြန်မာဘာသာနဲ့ ဆောင်းပါးများ စုစည်းမှုစာအုပ် ခြောက်အုပ်ကိုတော့ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်လို့ လက်ခံဖို့အဆင်မပြေဘူးဆိုပြီး ပြောပါတယ်။ စာရေးသူလည်း စာအုပ်ထဲမှာပါတဲ့ ဆောင်းပါးတွေအကြောင်း သူ့ကို အကျဉ်းချုပ်ရှင်းပြပြီး ပြန်မယ်နှုတ်ဆက်တော့ စာကြည့်တိုက်မှူးက နည်းနည်းတွေ ဝေသွားပုံရပြီး စာရေးသူကို မင်းရဲ့ မြန်မာစာအုပ်တွေ လောလောဆယ်တော့ စာကြည့်တိုက်မှာ မြန်မာဘာသာနဲ့ စာရင်းသွင်းဖို့ အစီအစဉ်မရှိဘူး။ ငါတို့ကို မင်းစာအုပ်တွေကို အဆင်ပြေသလို အသုံးပြုခွင့်ပေးမယ်ဆိုရင်တော့ ထားခဲ့ပါဆိုပြီး ပြောပါတယ်။ ဒါနဲ့ စာရေးသူလည်း စာကြည့်တိုက်မှူးကို စာအုပ်တွေ လက်ခံရရှိကြောင်း အသိအမှတ်ပြု အီးမေးလ်တစ်စောင်တော့ ငါ့ဆီပို့ပေးပါလို့တောင်းဆိုပြီး စာအုပ်တွေအားလုံးကို NUS ရဲ့ ဗဟိုစာကြည့်တိုက်မှာ ထားဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော NUS နဲ့ ပတ်သက်ပြီး အမှတ်တရတွေထဲက တစ်ခုတော့ ဖြစ်သွားခဲ့တာပေါ့။

အခုဆို စင်ကာပူကနေ လုပ်ငန်းတာဝန်တွေပြီးဆုံးလို့ ပြန်ရတော့မယ်ဆိုတော့ အလုပ်ကိုတင်မဟုတ်ဘူး၊ စင်ကာပူအမျိုးသားတက္ကသိုလ်ကြီးကိုပါ နှုတ်ဆက်ခွဲခွာရမှာ ဖြစ်ပါတယ်။ တကယ်တော့ စာရေးသူအနေနဲ့ စင်ကာပူမှာ သုတေသီဘ၀ကိုသာမက ကျောင်းသား၊ ကျောင်းသူ ဘ၀ကိုပါ တစ်ပါတည်းယှဉ်တွဲခံစားရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကျောင်းရဲ့ဝန်းကျင်၊ ကျောင်းရဲ့ အရိပ်၊ ကျောင်းရဲ့ အစားအစာများသာမက ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရောနှောနေရတာဆိုတော့ စိတ်လည်း နုပျိုတာပေါ့ဗျာ။ ဒီလောက်နဲ့ပဲ စင်ကာပူအမျိုးသားတက္ကသိုလ် အတွေ့အကြုံများ ဆောင်းပါးကို ရပ်နားခွင့်ပြုပါ။

ခင်မင်စွာဖြင့်
အောင်အောင် (IR)
စင်ကာပူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *