WeChat ပေါ်က မြန်မာ့ကျောက်စိမ်းဈေးကွက်

မြန်မာ့ကျောက်စိမ်းဈေးကွက်သည် တရုတ်ဆော့ဖ်ဝဲလ်ပေါ်တွင် မှီတည်နေရသည်။ အဘယ့်ကြောင့်နည်း။

“သူတို့ အရင်းအနှီးက ဘာလဲဆိုတော့ ဖုန်းတစ်လုံးနဲ့ ဆော့ဖ်ဝဲလ်လေးတစ်ခု ရင်းရတာ” ဟု ပြောဆိုလာသူက ဦးမျိုးတေဇာဖြစ်သည်။

သူက KLG ကျောက်မျက်အချောထည်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး မန္တလေးကျောက်ဝိုင်းအတွင်း တရုတ်ဆော့ဖ်ဝဲလ် WeChat (ဝီချက်)ဖြင့် ဝယ်ယူနေမှုများကို တားဆီးနိုင်ရန် ဦးဆောင်လှုပ်ရှားနေသူ ဖြစ်သည်။

“နေ့စဉ် အရောင်းအဝယ်လုပ်နေတာ ၁၀၀ ဦးလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးကျောက်စိမ်းဈေးကွက်အတွင်း ဝီချက်ဖြင့် အရောင်းအဝယ်ပြုလုပ်လာသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သည်။ ဝီချက်ကို မြန်မာများ သုံးသည်မဟုတ်။ တရုတ်ကုန်သည်များက အသုံးပြုခြင်းဖြစ်ပြီး ဝီချက်ကတစ်ဆင့် တိုက်ရိုက် (Live) လွှင့်ကာ ပြသပြီး ဈေးနှုန်းသတ်မှတ်ကြခြင်း ဖြစ်သည်။

ဥပမာ – မန္တလေးကျောက်ဝိုင်းတွင်ရှိနေသည့် တရုတ်ကုန်သည်တစ်ဦးက သူ့ဝီချက်အကောင့်မှနေ၍ ကျောက်စိမ်းလက်ကောက်များကို တိုက်ရိုက်လွှင့်ကာ ပြသလိုက်သောအခါ တရုတ်ဘက်ရှိ ကုန်သည်များသာမက မန္တလေးမြို့ပေါ်နှင့် ကျောက်ဝိုင်းအတွင်းရှိ တရုတ်ကုန်သည်များကပါ တိုက်ရိုက်ကြည့်ရှုနိုင်သည်။

ဤနည်းဖြင့် လူဦးရေ ဆယ်ဂဏန်းမှ ရာထောင်ချီအထိ တိုက်ရိုက်ကြည့်ရှုကာ ဈေးနှုန်းသတ်မှတ်ပေးနိုင်သည့် အားသာချက်ရှိသော်လည်း မြန်မာကုန်သည်များအတွက်မူ အထိနာစေသည့် ဝီချက်ဖြစ်သည်။

ဝီချက်ဖြင့် ချိတ်ဆက်ကာ ဈေးနှုန်းသတ်မှတ်သဖြင့် ဈေးဖြတ်ခြင်း နှေးကွေးသည့်အတွက် အချိန်ထိခိုက်ကြောင်း၊ ကျောက်အရောင်းအဝယ်ဆိုသည်မှာ အချိန်ဖြင့်ပြုလုပ်ကြရပြီး တစ်ဦးမကြိုက်လျှင် နောက်တစ်ဦးသို့ ပြောင်းလဲပြသရကြောင်း ထွန်းတောက်လျှံ ကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးအောင်ဝင်းဦးက ဆိုသည်။

“ကျောက်ကို ဝီချက်သမားကို ပြလိုက်တယ်။ သူနဲ့ ဈေးက မတည့်ဘူး။ ဒီတော့ နောက်တစ်ယောက်ကို သွားပြရင် သူကလည်း (ဝီချက်) ဂရုထဲမှာ ရှိနေတော့ ကျောက်က ကြည့်ပြီးသားလို ဖြစ်သွားပြီ။ ကျောက်က ရွာလည်သွားပြီ။ ငါတို့ ကျောက်စိမ်းလောကမှာ ကျောက်က ရွာလည်သွားရင် တန်ဖိုးမရှိတော့ဘူး” ဟု ၎င်းကပြောသည်။

မန္တလေး မဟာအောင်မြေကျောက်ဝိုင်းတွင် ဈေးမကိုက်သဖြင့် တရုတ်နိုင်ငံ ရွှေလီ-ကျယ်ခေါင်အထိ သွားရောက်ရောင်းချမည်ဆိုလျှင်လည်း ယင်းဒေသရှိ ကုန်သည်များမှာ ဝီချက်မှတစ်ဆင့် ကြည့်ရှု ပြီးသားဖြစ်နေသဖြင့် ဈေးမရတော့။ ကျောက်စိမ်း၏ သဘောသဘာဝမှာ လူကြည့်များလျှင် ဈေးကွက်ပျက်သွား ခြင်းဖြစ်သည်။

ကျောက်ဝိုင်းထဲသို့ လက်ကောက်သွားရောင်းလျှင် ဝယ်သူ၏ အာရုံ (စိတ်ဝင် စားမှု) အရ ဥပမာ – ၁၀၀ ကျပ်ပေးမည်။ ထိုလက်ကောက်ကို တစ်ခါတည်း တစ်နေ့ တည်းတည့်အောင် ရောင်းနိုင်လျှင်ရောင်း၊ နောက်နေ့မှ ရောင်းမည်ဆိုလျှင်တော့ ၆၀၊ ၇၀ ကျပ်သာ ရနိုင်တော့မည် ဖြစ်သည်။

ရွှေတစ်ကျပ်သားကို ကိုးသိန်းကျပ်သတ်မှတ်ထားလျှင် လူဘယ်နှဦးကြည့် ကြည့်၊ ကိုးသိန်းကျပ်မှ လျော့ကျမသွား၊ တိုး၍ပင် ရနိုင်သေးသည်။ မော်တော်ကား၊ ဆိုင်ကယ်၊ ဂျုံ၊ ပဲ၊ ဆန် စသည်တို့ကိုလည်း လူဘယ်နှဦး ကြည့်ကြည့်၊ တစ်စီး ဘယ်လောက်၊ တစ်တင်း ဘယ်လောက် ဟူ၍ သတ်မှတ်ထားသည့် ဈေးရှိသည်။

ထိုဈေးအတိုင်း ရောင်းချနိုင်သော်လည်း ကျောက်စိမ်းမှာမူ သတ်မှတ်ထားသည့် ဈေးမရှိ။ စိတ်ဝင်စားမှု (အာရုံခံစား မှု) ပေါ်မူတည်၍ ကျောက်တန်ဖိုး အတက်အကျဖြစ်သည်။

ထို့ကြောင့် လူပေါင်းများစွာ တစ်ပြိုင်နက်တည်း မြင်တွေ့နိုင်သည့် ဝီချက်ကြောင့် မြန်မာ့ကျောက်စိမ်းအတွက် နစ်နာမှုများ ရှိသည်။

သို့သော် မြန်မာ့ကျောက်မျက်ဈေးကွက် ပျက်လုနီးဖြစ်နေချိန် ဝီချက်သမားများကြောင့်သာ ကျောက်ဝိုင်းက စည်ကားနေခြင်းဖြစ်သည်ဟု ထင်မြင်နေသူများလည်း ရှိသည်။

ခေတ်ရေစီးကြောင့်အရ ပြောင်းလဲလာသည့် ဈေးကွက်ကို မလိုက်နိုင်လျှင် ဘေးထွက်ထိုင်နေကြရမည်ဟုလည်း ဆိုကြသည်။ ဝီချက်ဖြင့် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ အရောင်းအဝယ်ဖြစ်ပြီး နေ့စဉ်ဝင်ငွေရသည်။ ငွေပေါ်သည်ဟု ယူဆကြသူများလည်း ရှိသည်။

ယခင်ကလို ကုန်သည်အကြီးစားများ မလာရောက်သည့်အချိန်တွင် ဝီချက်ဖြင့်သာ အသက်ဆက်နေရသည်ဟု တင်စားသူများလည်း ရှိသည်။ ဝီချက်ကြောင့် ဈေးကွက်ပျက်ခြင်းမဟုတ်ဘဲ ဈေးကွက်ပျက်၍သာ ဝီချက်ခေတ်စားလာခြင်းဟု ကျောက်အရောင်းအဝယ်လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

လွန်ခဲ့သည့် ခြောက်နှစ်ခန့်က မန္တလေးကျောက်ဝိုင်းအခြေအနေသည် ယခုလိုမဟုတ်။ ကျောက်ဝိုင်းတွင် မြန်မာကုန်သည်များသာ ခြေချင်းလိမ်ခဲ့ပြီး ရွှေလီဈေးကွက်သို့ သွားရောက်ရောင်းချရန် သူ့ထက်ငါ ကြိုးပမ်းခဲ့ကြသည်။

ရွှေလီသို့ သွားရောက်ရောင်းချသည်က မန္တလေးထက် ဈေးပိုရသည်။ တရုတ်ယွမ်ငွေဖြင့်သာ ရောင်းချရသဖြင့် ငွေဈေးအတက်အကျပေါ်မူတည်၍ ကျောက်သမားက အမြတ်ဖြစ်ထွန်းသည်။ ငွေဈေးကလည်း အတက်သာရှိသည်။

သို့သော် တရုတ်ကုန်သည်များ မန္တလေးသို့ဆင်း၍ လာဝယ်ချိန်မှစ၍ ဈေးကွက်က ပျက်စီးခဲ့သည်။ ပြည်ပ ဈေးကွက်သာမဟုတ်၊ ပြည်တွင်းဈေးကွက်ပါ ပျက်စီးသည့်အခြေအနေ ဖြစ်သည်။

“တရုတ်တွေ လာဝင်ရင် ဈေးပိုရတယ်ထင်လို့ ဝင်ခွင့်ပေးခဲ့တာ။ တိုက်ရိုက်ဝယ်လက်ရောက်လာသလို ဟိုဘက်ကိုလည်း သွားစရာမလိုတဲ့အတွက် ပိုကိုက်မယ်ထင်ခဲ့ကြတာပေါ့။ တကယ်တမ်း ရေရှည်ကျတော့ ဈေးကွက်က အကြီးအကျယ်ပျက်စီးသွားတယ်။ မြန်မာကုန်သည်တွေပါ အလုပ်လက်မဲ့ဖြစ်ကုန်တယ်” ဟု ကျောက်စိမ်းကုန်သည်လုပ်သက် နှစ်သုံးဆယ်ကျော်ပြီဖြစ်သည့် ဦးအောင်ဝင်းဦး က ပြောသည်။

သူက ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ၏ အတွင်းရေးမှူး-၃ လည်းဖြစ်သည်။

“(မြန်မာ့ကျောက်စိမ်းက) ထွက်ပေါက် နှစ်ပေါက်ရှိတယ်။ မန္တလေးကျောက်ဝိုင်းထဲ မြန်မာအချင်းချင်း ဈေးကွက်။ ဒီထက်ပိုရချင်ရင် ရွှေလီကျယ်ခေါင်သွားရောင်း။ ထွက်ပေါက် နှစ်ခုပေါ့။ အခုတော့ (မန္တလေး) တစ်ပေါက်ပဲ ရှိတော့တယ်။ သူတို့ပေးတဲ့ဈေးကွက် ဖြစ်နေတယ်” ဟု ဝီချက်များအသုံးတွင်ကျယ်လာမှုကြောင့် မြန်မာ့ကျောက်စိမ်းမှာ တရုတ်တို့ ကစားသမျှ ခံနေရသည့်အနေအထားကို သူက ရှင်းပြသည်။

တရုတ်တို့ တိုက်ရိုက်ဆင်းဝယ်သည်ဆိုသော်လည်း အများစုမှာ ကုန်သည်ကြီးများမဟုတ်၊ ပွဲစားများသာဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျောက်တစ်ပွင့်၏ အရည်အသွေးနှင့် တန်ဖိုးကို ၎င်းတို့က မသတ်မှတ်နိုင်။ ဝီချက်တွင် Live လွှင့် ရင်း Comment တွင် ပေးလာသည့် ဈေးနှုန်းများဖြင့်သာ ဈေးဖြတ်သည်။

ယင်းသို့ ဈေးဖြတ်ရာတွင်လည်း မူရင်းဈေးအတိုင်းမဟုတ်၊ ထက်ဝက်ခန့်လျှော့ချ၍ ဝယ်ယူခြင်းဖြစ်သည်။ ဥပမာ- ဝီချက်ထဲတွင် ၂၀၀ ကျပ်ပေးသည့် ကျောက်ကို သူက ၅၀ အရင်ပေးသည်။ မရလျှင် ၆၀ မှ ၁၀၀ အထိ တဖြည်းဖြည်း တိုး၍ပေးသည်။ ညှိမရလျှင် မဝယ်တော့။

ငွေလိုသူများက သူတို့ပေးသည့် ဈေးဖြင့် ရောင်းနိုင်လျှင်ရောင်း၊ မရောင်းနိုင်လျှင်တော့ အခြားသူတစ်ဦးဦးထံ သွားပြရသည်။ ထိုသူကလည်း ဝီချက်ထဲတွင် မြင်တွေ့ပြီးဖြစ်နေပါက ထိုကျောက် ရွာလည်ပြီ ဖြစ်တော့သည်။

ဝီချက်ဖြင့် မရောင်းဝယ်ရေးကမ်ပိန်းကို ဦးဆောင်သည့် ကိုမျိုးတေဇာက တရုတ်စကား အနည်းငယ်နားလည်သည်။ ကျောက်ဝိုင်းထဲသို့ တပည့်များကို ဦးဆုံး ရောင်းချစေပြီးမှ သူက နေမြင့်မှ ရောက်လေ့ရှိသည်။

တစ်ရက်တွင် သူ့ဆိုင်တွင် ဝီချက်ဖြင့် အရောင်းအဝယ်စကား ပြောဆိုနေသည်။ သူက အရောင်းဆိုင်ဘက်မှ မဟုတ်ဘဲ ဝယ်သူဘက်မှနေ၍ လေ့လာနေသဖြင့် Live ထဲတွင် ပြောဆိုနေမှုများကို မြင်နေရသည်။

ကျောက်တစ်လုံးကို Live ထဲတွင် သိန်း ၂၀ ဖြင့် ဈေးဖြတ်ပေးနေသည်ကို ကျပ်ရှစ်သိန်းဖြင့် ရမလားဟု ဝီချက်သမား က မေးသည်။ တပည့်ဖြစ်သူက သူ့ကို ကြည့်လာသည့်အခါ မသိမသာ ခေါင်းခါပြလိုက်သည်။ ထိုအခါ ၁၀ သိန်းဟု ဈေး ထပ်မံတိုးမြှင့်ပေးသည်။ သူက ခေါင်းခါပြလိုက်သောအခါ မရောင်းနိုင်ဟု တပည့်ဖြစ်သူက ပြောလိုက်သဖြင့် ညှိမရတော့ဘဲ ဝီချက်သမား ထသွားတော့သည်။

ထိုမျှဖြင့် မပြီးသေး။ ၁၅ မိနစ်ခန့် တွင် ပြန်ရောက်လာကာ ဈေးနည်းနည်း ထပ်တိုးပေးမည်ဟု ပြောလာသည်။ သို့သော် အရောင်းအဝယ်က မဖြစ်တော့။

“ဟိုဘက်က တရားဝင် ၂၀ ပေးတာ။ ဒါကို သူက အမြင့်ဆုံး ဆယ်သိန်းထိပဲ ပေးတယ်။ အဲဒါမျိုးက တစ်ခါမဟုတ်ဘူး။ ခဏခဏ ကြုံရတယ်” ဟု ကိုမျိုးတေဇာက ဆိုသည်။

နောက်တစ်နေ့တွင် ထိုကျောက်ကို အခြားမြန်မာဝယ်လက်တစ်ဦးမှ ကျပ် ၁၅ သိန်းဖြင့် အရောင်းအဝယ် တည့်သွားသည်။

ယင်းမှာ လက်ရှိ မန္တလေးကျောက်ဝိုင်း၏ အခြေအနေပင်ဖြစ်သည်။ တရုတ်ဝယ်လက်များ ဆင်းဝယ်သဖြင့် မြန်မာကုန်သည်များက ရွှေလီထိ သွားရောက်ရောင်းချသည့်အလုပ်မှာလည်း မဖြစ်တော့။ ရောင်းချသူ နည်းပါးသွားတော့သည်။

ကျောက်ဈေးကွက် ကောင်းမွန်စေရန်အတွက် ကျောက်ဝိုင်းထဲသို့ တရုတ်အပါအဝင် နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ပင်ကန့်သတ်ရန် လိုအပ်သည်ဟု ယူဆသူက ဦးအောင်ဝင်းဦးဖြစ်သည်။ ပြင်ပတွင် ဝီချက်ဖြင့်ဖြစ်စေ၊ အခြားတစ်ခုခုဖြင့်ဖြစ်စေ ကြိုက်သလို ရောင်းဝယ် ခြင်းသည် ပြဿနာမရှိသော်လည်း ကျောက်ဝိုင်းအတွင်း အလုပ်ဖြစ်နေခြင်းက ကျောက်သမားများ၊ အထူးသဖြင့် လက်ကောက်သမားများကို ထိခိုက်စေသည်ဟု ၎င်းကဆိုသည်။

သို့သော် ကျောက်ဝိုင်းအတွင်း နိုင်ငံခြားသား ဝင်ရောက်မှု ပိတ်ပင်ရန်အတွက်မှာ လတ်တလော မဖြစ်နိုင်သေးချေ။ ကျောက်ဝိုင်းသို့ လာရောက်သည့် တရုတ်နိုင်ငံသားများသည် တစ်ဦးလျှင် ဝင်ကြေး ၂၅၀၀ ကျပ် ပေးရသည်။ အယောက် ၁၀၀ ဝင်လျှင် ကျပ်နှစ်သိန်းခွဲ ရမည်။ နေ့စဉ် ဝင်ထွက်မှုက အနည်းဆုံး ၁၀၀ မှ ၂၀၀ ဦးခန့် ရှိသည်။

“အကောင်းဆုံးဖြစ်အောင်တော့ ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဝီချက်ဖြင့် ရောင်းဝယ်မှုများကို တားဆီးပိတ်ပင်ပေးရန် ကျောက်သမားနှစ်ထောင်ကျော်၏ လက်မှတ်ဖြင့် အောက်တိုဘာလ ၁ ရက်နေ့က မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်နှင့် ကျောက်ဝိုင်းအကျိုးတော်ဆောင်ရုံးများထံ တင်ပြခဲ့သည်။ သို့သော် ယနေ့အထိ သိသာသည့် ဆုံးဖြတ်ချက် မချမှတ်ပေးနိုင်ကြသေး။

“မန္တလေးတိုင်း သယံဇာတဝန်ကြီး ဦးမျိုးသစ်နဲ့လည်း ၅ ရက်နေ့က တွေ့တယ်။ သူက ဒီလို ပိတ်ပင်တာက ကောင်းမွန်ပါတယ်လို့ပဲ ပြောတယ်။ အခုချိန်ထိရောင်းဝယ်နေကြတုန်းပဲ” ဟု ဦးအောင်ဝင်းဦးက ဆိုသည်။

မန္တလေးကျောက်ဝိုင်း၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ဝီချက်ဖြင့် အရောင်းအဝယ်ပြုမှုခံနေရသည်။ ကျောက်စိမ်း ဈေးကွက် ပျက်စီးနေသည်မှာ ငါးနှစ်ခန့် ရှိနေပြီး ယင်းအခြေအနေတွင် ဝီချက်ဈေးကွက်ကြောင့် ပို၍ ဆိုးဝါးသွားခဲ့ရသည်ဟု ဦးအောင်ဝင်းဦးက ပြောသည်။

“ကျောက်ဈေးကွက်ပျက်နေချိန်မှာပဲ ဝီချက်က ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်ခဲ့တယ်” 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *