အမှတ်အသားသရုပ် (၁) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။

အမှာ

Preface

အကယ်၍သာ ၂၀၁၆ နိုဝင်ဘာရွေးကောက်ပွဲတွင် ‘ဒေါ်နယ်- ဂျေ-ထရမ့်’ တစ်ယောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မခံရလျှင် ယခုစာအုပ်ကို ရေးဖြစ်ချင်မှ ရေးဖြစ်ပါလိမ့်မည်။ အမေရိကန်တော်တော်များများလိုပင် ကျွန်တော်သည်လည်း အဆိုပါရွေးကောက်ပွဲရလဒ်ကြောင့် အံ့အားတသင့်ဖြစ်ခဲ့ရပါသည်။ အမေရိကန်ပြည်ထောင်စုအတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ ဖြစ်တန်ရာသော ဂယက်ရိုက်ခတ်မှုများအတွက်လည်း စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ဤသည်မှာ ထိုနှစ် (၂၀၁၆ ခုနှစ်) အတွင်း ဒုတိယအကြိမ် ကြုံလိုက်ရသော ရွေးကောက်ပွဲ နှင့် ဆက်စပ်နေသည့် အံ့အားသင့်မှုကြီး ဖြစ်ပါသည်။ ပထမအကြိမ်မှာ ထိုနှစ်ဇွန်လတွင်ကြုံခဲ့ရသည့် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ဗြိတိသျှမဲဆန္ဒရှင်များက မဲပေးလိုက်ကြခြင်းဖြစ်သည်။

ပြီးခဲ့သော ဆယ်စုနှစ်စု၏ အချိန်အများစုကို ကျွန်တော့်အနေနှင့် ခေတ်သစ်နိုင်ငံရေးအင်စတီကျူးရှင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ကိုသာ စဉ်းစားနေမိသည်။ နိုင်ငံတော်၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရက်တစ်တာဝန်ခံမှုတို့ ဘယ်လိုစတင်ဖြစ်တည်လာသည်၊ ဘယ်လို အဆင့်ဆင့်ပြောင်းလဲပြီး အပြန်အလှန်အကျိုးပြုကြသည်ဆိုသည်နှင့် နောက်ဆုံး ဘယ်လိုယိုယွင်းပျက်စီးသွားကြသည်ဆိုသည့် အကြောင်းများဖြစ်ပါသည်။ ပြောကြစတမ်းဆိုလျှင် ထရမ့်အောင်ပွဲရခဲ့သော ရွေးကောက်ပွဲမတိုင်မီကပင် ‘အမေရိကန်အင်စတီကျူးရှင်းများမှာ ယိုယွင်းပျက်စီးနေချေပြီ’ ဟု ကျွန်တော်ရေးခဲ့ဖူးသည်။ ဩဇာကြီးသော ‘အကျိုးစီးပွားနှင့်ယှဉ်သည့်အုပ်စုများ’ ၏ အဆင့်ဆင့်ဆွဲဆောင်သိမ်းသွင်းမှုကြောင့် နိုင်ငံတော်မှာ မိမိဘာသာပြန်လည်ပြုပြင်ဖို့ မဖြစ်နိုင်တော့သည့် တင်းကျပ်သော ဖွဲ့စည်းပုံကြား ပိတ်မိနေပြီကို သဘောပေါက်သိရှိသောကြောင့်ဖြစ်သည်။

ထရမ့်ကိုယ်တိုင်သည်ပင် အဆိုပါယိုယွင်းပျက်စီးမှုကို ကူညီထောက်ပံ့ပေးခဲ့သော အကြောင်းရင်းခံဖြစ်သလို ဆိုခဲ့ပါယိုယွင်းပျက်စီးမှု၏ ထွက်ကုန်တစ်ရပ်ဟုလည်း ဆိုနိုင်ပါလိမ့်မည်။ သမ္မတလောင်းတစ်ယောက်အနေနှင့် သူ၏ရွေးကောက်ပွဲ ကတိကဝတ်မှာ လူကြိုက်များသော သူ၏လုပ်ပိုင်ခွင့်ကိုအသုံးချကာ စနစ်ကြီးတစ်ခုလုံးကို ကိုင်လှုပ်ပြီး နောက်ထပ်တစ်ဖန် လက်တွေ့အသုံးဝင်လာစေဖို့ ဖြစ်သည်။ အမေရိကန်မဲဆန္ဒရှင်များမှာ ရှေ့မတိုး နောက်မဆုတ် အီခံနေသော ဘက်တော်သားနိုင်ငံရေးကို ငြီးငွေ့စိတ်ပျက်နေကြပြီဖြစ်သည်။ တိုင်းပြည်ကို ပြန်လည်စုစည်းပေးနိုင်မည့် သန်စွမ်းသောခေါင်းဆောင်တစ်ယောက်ကို တမ်းတမျှော်လင့်နေကြပြီလည်း ဖြစ်သည်။ အဆိုပါ ခေါင်းဆောင်အနေနှင့် (ကျွန်တော် မကြာခဏဆိုသလို ရည်ညွှန်းပြော ဆိုနေသော) ‘ဗီတိုခရေစီ’ ကို ဖောက်ထွက်နိုင်ရမည်။ (‘ဗီတိုခရေစီ’ ဆိုသည်မှာ စုပေါင်းအားထုတ်မှုများကို ဖျက်လိုဖျက်ဆီးလုပ်နိုင်သည်။ အကျိုးစီးပွားနှင့်ယှဉ်သော အုပ်စုများ၏ အစွမ်းအစကို ဆိုလိုရင်းဖြစ် သည်။) ဤသို့သောအမျိုးအစား လူထုထောက်ခံမှုကပင် ‘ဖရန်ကလင်- ဒီ-ရုစဗဲလ်’ ကို ၁၉၃၂ ခုနှစ်က အိမ်ဖြူတော်သို့ အရောက်ပို့လိုက်ခြင်း ဖြစ်သည်။ နောင်လာမည့် မျိုးဆက်နှစ်ခုအတွက် အမေရိကန်နိုင်ငံရေးကို ပုံသွင်းခွင့်ရစေလိုက်ခြင်းဖြစ်ပါသည်။

ထရမ့်၏ ပြဿနာမှာ နှစ်ခွသဘောဆောင်သည်ဟု ဆိုရပါလိမ့်မည်။ ပေါ်လစီပိုင်းရော အကျင့်စရိုက်တွင်ပါ ပြဿနာရှိသည်။ သူ၏ စီးပွားရေးဆိုင်ရာ အမျိုးသားရေးဝါဒမှာ သူ့ကိုထောက်ခံခဲ့သော ပရိသတ်လူထုအတွက် အကောင်းထက် အဆိုးက ပိုများဟန်ရှိသည် ဒီမိုကရက်တစ် မဟာမိတ်များအပေါ် အာဏာပိုင်လူသန်ကြီးတစ်ယောက်လို ပြုမူချင်သော သူ၏သက်သေပြပြီး ဦးစားပေးမှုများကလည်း နိုင်ငံ တကာစနစ်တစ်ရပ်လုံးကို မတည်မငြိမ်ဖြစ်စေမည့် အလားအလာရှိသည်။ အကျင့်စရိုက်နှင့်ပတ်သက်လျှင် အမေရိကန်ပြည်ထောင်စု၏ သမ္မတတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော လက္ခဏာများနှင့် ဘယ်လိုမှ စရွေးမကိုက်ဟု ဆိုရပါလိမ့်မည်။ အခြေခံရိုးသားမှု၊ ယုံကြည်စိတ်ချရမှု၊ ခိုင်မာသောအဆုံးအဖြတ်၊ ပြည်သူလူထုအကျိုးစီးပွားကို အလေးထားမှုနှင့် ကိုယ်ကျင့်တရား စသော ကြီးကျယ်သည့် ခေါင်းဆောင်မှုနှင့် ဆက်နွှယ်နေသော အကျင့်ကောင်းများ လုံးဝပင် လစ်ဟာလျက်ရှိသည်။ ထရမ့်၏ သက်မွေးလုပ်ငန်းတစ်လျှောက်လုံး သူ အဓိက ဦးစားပေးခဲ့သည်မှာ ‘ကိုယ့်ကိုယ်ကိုယ် ပရိုမိုးရှင်းလုပ်ခြင်း’ ဟု ဆိုနိုင်သည်။ တစ်နည်းနည်းဖြင့် သူသွားရာလမ်းခရီးတွင် ရှိနေတတ်သော လူများ စည်းမျဉ်းစည်းကမ်းများကို ရှောင်ကွင်းကျော်လွှားသွားရလျှင် ထရမ့်မှာ အပြည့်အဝပျော်ရွှင်လေ့ရှိတတ်သည်။ ဤသည်တို့မှာ ထရမ့်၏ အကျင့်စရိုက်ပင်ဖြစ်သည်။

နိုင်ငံတကာနိုင်ငံရေးတွင်မူ ထရမ့်အနေနှင့် ပိုမိုကျယ်ပြန့်သော လမ်းကြောင်းတစ်ခုကို ကိုယ်စားပြုပါသည်။ ဤသည်ကို’သည်းခြေ ကြိုက် အမျိုးသားရေးဝါဒ’ (Populist nationalism) ဟု တံဆိပ်ကပ်ကြသည်။ သည်းခြေကြိုက်ခေါင်းဆောင်များမှာ ဒီမိုကရက်တစ် ရွေးကောက်ပွဲများက နှင်းအပ်သော တရားနည်းလမ်းကျမှုကို အသုံးချပြီး လုပ်ပိုင်ခွင့်အာဏာကို ခိုင်မာအောင်လုပ်လေ့ရှိသည်။ သူတို့က ဩဇာတိက္ကမနှင့် ပြည့်စုံသောဆက်ဆံရေးတစ်ခုကို လူထုနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ထူထောင်လိုကြသည်။ လူထု၏ကြီးမားသော အစိတ်အပိုင်း ကို ဖယ်ထုတ်ပြီး ကျဉ်းမြောင်းသောလူမျိုးစု၊ ဘာသာစကားဖြင့် မကြာခဏဆိုသလို အဓိပ္ပာယ်ဖွင့်လေ့ရှိကြသည်။ သူတို့တစ်တွေမှာ အင်စတီကျူးရှင်းများကိုလည်း သဘောကျနှစ်ခြိုက်ခြင်း မရှိလှပေ။ ခေတ်သစ်လစ်ဘရယ်ဒီမိုကရေစီတွင် ခေါင်းဆောင်တစ်ဦး၏ ပုဂ္ဂလိကလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထားသည့် ‘အထိန်းနှင့် အထေများ’ (Checks and Balances) ကို အခြေမှလှိုက်စားစေရန် နည်းလမ်းရှာကြသည်။ တရားရုံးများ၊ ဥပဒေပြုလွှတ်တော်၊ လွတ်လပ်သောမီဒီယာနှင့် မည်သည့်ပါတီနှင့်မှ မပတ်သက်သော ဗျူရိုကရေစီ … စသည်တို့တွင် ဤနည်းအတိုင်း ကျင့်သုံးကြသည်။ ဤသို့သော အမျိုးအစားတွင် ထည့်သွင်းနိုင်သည့် အခြားခေတ်ပြိုင်ခေါင်းဆောင်များမှာ ရုရှားမှ ‘ဗလာဒီမာပူတင်’၊ တူရကီမှ ‘ရီဆက် ဗောရစ်ပ် အာဒိုဂန်’၊ ဟန်ဂေရီမှ ‘ဗစ်တာ အော့ဘန်’၊ ပိုလန်မှ ‘ဂျာရိုစလော ကာချင်စကီး’ နှင့် ဖိလစ်ပိုင်မှ ‘ရိုဒရီဂို ဒူတာတေး’ တို့ ဖြစ်ပါသည်။

ဒီမိုကရေစီသို့ဦးတည်သော ကမ္ဘာလုံးအတိုင်းအတာ တလိပ်လိပ်မြင့်တက်လာမှုမှာ ၁၉၇၀ ပြည့်လွန်နှစ်များ၏ အလယ်လောက်မှစတင် ပြီး ကျွန်တော့်လုပ်ဖော်ကိုင်ဖက် မိတ်ဆွေကြီး ‘လာရီဒိုင်းမွန်း’ ပြောသော ‘ကမ္ဘာလုံးအတိုင်းအတာ ကျဆင်းမှု’ သို့ ထိုးကျသွားခဲ့ရသည်။ ၁၉၇၀ ပြည့်နှစ်တွင် ‘ရွေးကောက်ပွဲဒီမိုကရေစီ’ ရရှိပြီး နိုင်ငံဆို၍ ၃၅ နိုင်ငံမျှသာရှိပါသည်။ နောင်လာမည့် ဆယ်စုနှစ်သုံးစုအတွင်း အဆိုပါ ကိန်းဂဏန်းမှာ မှန်မှန်တိုးလာခဲ့ပြီး ၂၀၀၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းတွင် နိုင်ငံပေါင်း ၁၂၀ နီးပါးအထိ ရောက်လာပါသည်။ အကြီးကျယ်ဆုံးအရှိန်အဟုန်မှာ ၁၉၈၉ မှ ၁၉၉၁ ကြားတွင်ဖြစ်သည်။ အရှေ့ ဥရောပနှင့် ယခင်ဆိုဗီယက်ယူနီယံမှ ကွန်မြူနစ်ဝါဒ ပြိုကျသွားပြီး ဒေသတစ်ခုလုံး ဒီမိုကရက်တစ်လှိုင်းကြီးတစ်လုံးသို့ ဦးတည်သွားခဲ့သည်။ သို့နှင့်တိုင် ၂၀၀၀ ပြည့်လွန်နှစ်များ၏ အလယ်လောက်မှစ၍ ဤတူရူချက်မှာ နောက်ကြောင်းပြန်သွားခဲ့ပြီး ဒီမိုကရေစီနိုင်ငံများ၏ စုစုပေါင်းအရေအတွက်မှာလည်း အကျဘက်သို့ရောက်သွားခဲ့ရသည်။ ဤအချိန်တွင် တရုတ်ပြည်အမှူးပြုသော အာဏာပိုင်နိုင်ငံများမှာ ယုံကြည်မှုများ ပိုမိုခိုင်မာလာပြီး မိမိဆန္ဒအမြင်ကို ထုတ်ဖော်ပြောဆိုရန် ဝန်မလေးတော့သော အနေအထားသို့ ရောက်လာခဲ့ပါသည်။

နောင်ဖြစ်လာမည့် ဒီမိုကရေစီနိုင်ငံများမှာ တူနီးရှားလို၊ ယူကရိန်းလို၊ မြန်မာလို အလုပ်ဖြစ်သော အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ဖို့ ရုန်းကန်နေကြရသည်မှာ အံ့ဩစရာတော့မဟုတ်ပါချေ။ အလားတူပင် အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် အမေရိကန်ဝင်ရောက်စွက်ဖက်ပြီးနောက်ပိုင်း လစ်ဘရယ်ဒီမိုကရေစီအမြစ်တွယ်ဖို့ ပျက်ကွက်ခဲ့သည်မှာလည်း အမှန်စင်စစ် အံ့ဩစရာတော့ မဟုတ်သေးပါ။ ဤအတိုင်းပင် ရုရှားနိုင်ငံသည်လည်း အာဏာပိုင်စနစ်အစဉ်အလာသို့ ပြန်လည်လျှောဆင်းသွားခဲ့ရသည်မှာလည်း စိတ်ပျက်စရာကောင်းသည့်တိုင် ရာနှုန်းပြည့် အံ့အားသင့်စရာတော့ မဟုတ်သေးပါ။ ဘယ်လိုမှ မျှော်လင့်မထားဘဲ အဆိုပါအရာအားလုံးထက် အံ့ဩရသည်မှာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုမှာ အခြေခိုင်ပြီး ဒီမိုကရေစီနိုင်ငံများကိုယ်တိုင်က ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ဥပမာ – ဟန်ဂေရီနိုင်ငံဆိုလျှင် ကွန်မြူနစ်အစိုးရကို ပထမဆုံး ဖြုတ်ချခဲ့သော အရှေ့ဥရောပနိုင်ငံတစ်ခုပင်ဖြစ်သည်။ ဟန်ဂေရီအနေနှင့် NATO ရော၊ EU တွင်ပါ ဆက်တိုက်ဝင်ရောက်လိုက်သောအခါ နိုင်ငံရေးသိပ္ပံပညာရှင် တော်တော်များများက အဆိုပါနိုင်ငံအနေနှင့် ခိုင်မာတောင့်တင်းသော လစ်ဘရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ဥရောပနှင့် ပြန်လည်ဆက်သွယ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ သို့ဖြစ်လင့်ကစား ‘အော့ဘန်’ နှင့် သူ၏ Fidesz ပါတီ၏ ဦးဆောင်မှုအောက်တွင် ဟန်ဂေရီမှာ အော့ဘန်ကိုယ်တိုင် တံဆိပ်ကပ်ခဲ့သော ‘သဘောထားမကြီးသည့် ဒီမိုကရေစီ’ (illiberal Democracy) နိုင်ငံအဖြစ် လျှောကျသွားခဲ့ရသည်။ သို့နှင့်တိုင် ဆိုခဲ့ပါအရာအားလုံးထက် ပို၍အံ့ဩတကြီးဖြစ်ကြရသည်မှာ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပါသည်။ ဗြိတိန်က အီးယူမှထွက် (Brexit) ပြီး အမေရိကတွင် ထရမ့်သမ္မတဖြစ်လာသည်။ အဆိုပါ နိုင်ငံကြီးနှစ်ခုမှာ ခေတ်သစ်လစ်ဘရယ်နိုင်ငံတကာအစီအစဉ်၏ ဗိသုကာကြီးများ ဖြစ်ကြသော ဦးဆောင်ဒီမိုကရေစီနိုင်ငံကြီးများဖြစ်ကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက ရော်နယ်ရေဂင်နှင့် မာဂရက်သက်ချာတို့၏ ဦးဆောင်မှုဖြင့် ‘နီယိုလစ်ဘရယ်တော်လှန်ရေး’ ကို ခေါင်းဆောင်ခဲ့သော နိုင်ငံကြီးများလည်း ဖြစ်သည်။ သို့တစေ သူတို့ကိုယ်တိုင်သည်ပင် ထိုအရာများကို မောင်းထုတ်ခဲ့ကြပြီး ပိုမိုကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသို့ ဦးတည်ခဲ့ကြသည်။

ယခုဖော်ပြခဲ့သည်တို့မှာ ယခုစာစု၏ မူလအစများဖြစ်ပါသည်။ ၁၉၈၉ နှစ်လည် ကျွန်တော်၏ စာတမ်း ‘The End of History?’ ကို ထုတ်ဝေပြီးကတည်းက၊ ၁၉၉၂ ခုနှစ်တွင် အဆိုပါစာတမ်းကို ချဲ့ရေးသော ‘The End of Hisotry and The Last Man.’ စာအုပ်ထွက်ပြီးကတည်းက ကျွန်တော့်မှာ မေးခွန်းတစ်ခုနှင့် မကြာခဏဆိုသလို ပြစ်ခတ်ခံနေရပါသည်။ “ဖြစ်ရပ် x က ကျွန်တော်၏ သုတေသနတွေ့ရှိ ချက်ကို ပျက်ပြယ်စေပြီလား” ဆိုသော မေးခွန်းဖြစ်ပါသည်။ ဤနေရာတွင် x ဆိုသည်မှာ ပီရူးအာဏာသိမ်းမှု၊ ဘောလကန်စစ်ပွဲ၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု၊ ကမ္ဘာလုံးချီဘဏ္ဍာရေးအကျပ်အတည်း … သို့မဟုတ် မကြာသေးမီကဆိုလျှင် ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲနှင့် ရှေ့ပိုင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သော သည်းခြေကြိုက်အမျိုးသားရေးဝါဒလှိုင်းများ…. ဖြစ်ပါသည်။

ဆိုခဲ့ပါ ဝေဖန်ချက်များအများစုမှာ ကျွန်တော့်သုတေသနအပေါ် ရိုးရိုးလေးနားလည်မှုလွဲရာမှ ပေါ်ထွက်လာဟန်ရှိပါသည်။ ကျွန်တော် က ‘ဟေဂယ် – မာက္ခ်အဓိပ္ပာယ်’ အရ ‘သမိုင်း’ (History) ဆိုသော ဝေါဟာရကို သုံးထားသည်။ ‘လူသားအင်စတီးကျူးရှင်းများ၏ ရေရှည် သဘောဆောင်သော ဆင့်ကဲဖြစ်စဉ် ဇာတ်လမ်း’ ကြီးကို ညွှန်းသည်။ တစ်နည်းအားဖြင့် ‘ဖွံ့ဖြိုးရေး’ သို့မဟုတ် ‘ခေတ်မီရေး’ ဟုလည်း နာမည်ပေးနိုင်ပါသည်။ ထို့ထက် ကျွန်တော်သုံးခဲ့သော ‘နိဂုံး’ (End) ဆိုသည်မှာလည်း ‘ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသော သေလုမျောပါး’ ကို မရည်ရွယ်ပါ။ ‘ချိန်ရွယ်ချက်’ သို့မဟုတ် ‘ရည်မှန်းချက်’ သာ ဖြစ်ပါသည်။ ကားလ်မက္ခ်က ‘သမိုင်းနိဂုံးဆိုသည်ကို ‘လူတန်းစားမဲ့ လူ့ဘောင်’ ဆိုသော ‘ကွန်မြူနစ်ယူတိုပီယာစိတ်ကူး’ ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ ကျွန်တော်ကမူ ဟေဂယ်၏ ‘ဗားရှင်း’ ကို ရိုးရိုးလေးယူလိုက်ခြင်းဖြစ်သည်။ ‘ဈေးကွက်စီးပွားရေးနှင့် ချိတ်ဆက်ထားသော လစ်ဘရယ်နိုင်ငံတော်အဖြစ် ထွက်ပေါ်လာသော ဖွံ့ဖြိုးတိုးတက်မှု’ ဟု အဓိပ္ပာယ်ဖွင့်သည်။ မာက္ခ်နှင့်စာလျှင် ကျွန်တော်၏ဖွင့်ဆိုချက်က ဖြစ်နိုင်ခြေပိုရှိမည်ထင်ပါသည်။

ဤသို့ဆိုသည်နှင့် ကျွန်တော်၏ အတွေးအမြင်များမှာ အချိန်ကြာလာသည်နှင့်အမျှ ဘာတစ်ခုမှမပြောင်းဟု ဆိုလိုသည်တော့ မဟုတ်ပါ။ ကျွန်တော်၏ ပြည့်ပြည့်စုံစုံအတွေးများကို စာအုပ်တွဲကြီးနှစ်တွဲတွင် ဖော်ပြထားပါသည်။ ‘နိုင်ငံရေးအစီအစဉ်၏ မူလအစ’ (The Origins of Political Order) နှင့် ‘နိုင်ငံရေးအစီအစဉ်နှင့် နိုင်ငံရေးယိုယွင်းမှု’ (Political Order and Political Decay) တို့ဖြစ်သည်။ ဤ နှစ်တွဲလုံးကို စုစည်းပြီး ‘သမိုင်းနိဂုံးနှင့် နောက်ဆုံးလူ’ ကို အသစ်ပြန်ရေးရန် အားထုတ်မှုဟု နားလည်စေချင်ပါသည်။ ဆိုခဲ့ပါ စာအုပ်နှစ်တွဲမှာ ယနေ့ကမ္ဘာ့နိုင်ငံရေးအပေါ် ကျွန်တော်၏ နားလည်ချက်အရ ရေးသားပြုစုထားခြင်းဖြစ်သည်။ ကျွန်တော်၏ အတွေးအမြင်များနှင့်ပတ်သက်လျှင် အရေးကြီးသော အပြောင်းအလဲနှစ်ချက်ရှိပါသည်။ ပထမအချက်မှာ ‘ပုဂ္ဂလိကဓိဋ္ဌာန်မဟုတ်သော ခေတ်သစ်နိုင်ငံတော် တစ်ရပ် ဖွံ့ဖြိုးစေရေး၏ ခက်ခဲမှု’ ဖြစ်ပါသည်။ ဤအချက်ကို ‘ဒိန်းမတ်သို့ ရောက်ရှိရေး’ ဖြင့် ရည်ညွှန်းဖော်ပြထားသည်။ ဒုတိယအချက်မှာ ‘ခေတ်သစ်လစ်ဘရယ်ဒီမိုကရေစီ၏ ယိုယွင်းပျက်စီးနိုင်မှု သို့မဟုတ် နောက်ပြန်ဆုတ်နိုင်မှု အလားအလာဖြစ်နိုင်ခြေ’ ဖြစ်ပါသည်။

ဝေဖန်ရေးသမားများ မေ့လျော့နေကြသော အချက်အချို့လည်း ရှိပါသေးသည်။ ကျွန်တော်၏ မူလဆောင်းပါး ခေါင်းစဉ်အဆုံးတွင်ပါသော ‘မေးခွန်းလက္ခဏာ’ ကို မေ့လျော့နေကြခြင်းဖြစ်သည်။ ‘The End History?…’ နောက်တစ်ချက်မှာ ‘သမိုင်းနိဂုံးနှင့် နောက်ဆုံးလူ’ စာအုပ်၏ နောက်ပိုင်းအခန်းများကို မဖတ်ကြခြင်းဖြစ်ပါသည်။ ဤအပိုင်းများမှာ ‘နစ်ရှေး’ ၏ ‘နောက်ဆုံးလူ’ (Last Man) ပြဿနာကို အခြေခံရေးထားခြင်းဖြစ်သည်။ 

 

ကျော်ဝင်း
ဆက်လက်ဖော်ပြပါမည်
၁၇ အောက်တိုဘာ၊ ၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *