ပြည်သူကို တည့်တည့်ထိမည့် EU ပြစ်ဒဏ်

အာဏာရှင်အစိုးရ အုပ်ချုပ်စဉ်ကထက် ဒီမိုကရေစီအစိုးရလက်ထက်တွင် ပေးမည့်ပြစ်ဒဏ်က ပိုအထိနာသွားမည်ကို စိုးရိမ်နေကြသည်။

ပြစ်ဒဏ်ကလည်း အပြစ်မဲ့သူများခံရမည့်ကိန်းဆိုက်နေသည်။ ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာအပေါ် ဥရောပသမဂ္ဂ (EU) က အရေးယူရန် စဉ်းစားနေသောကြောင့် ဖြစ်သည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုပေးအပ်ထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်သမားသိန်းနှင့်ချီ အလုပ်ပေးထားသော အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းကဲ့သို့ CMP လုပ်ငန်းများအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်သည်။

အရေးယူမှု အမှန်တကယ်ဖြစ်လာလျှင် ရခိုင်ပြည်နယ်အရေးတွင် လုံးဝမသက်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံများတွင် ဝမ်းရေးအတွက် ရုန်းကန်နေရသော အထူးသဖြင့် သိန်းနှင့်ချီသည့် အမျိုးသမီးများသာ အလုပ်လက်မဲ့ဖြစ်ကာ အကြီးအကျယ် ဒုက္ခရောက်သွားစေနိုင်သည်။

“ပြည်သူတွေကို ဒဏ်ခတ်သလိုဖြစ်နေတယ်။ ပြည်သူတွေက ရခိုင်ကိစ္စမှာ ဘာမှတာဝန်မရှိပါဘူး။ တကယ်လုပ်တဲ့သူတွေကိုသာ ဖော်ထုတ်ရမှာပေါ့” ဟု မှတ်ချက်ပေးသူက NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ဖြစ်သည်။

ဖော်ထုတ်ပြီး အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့လျှင် အရေးယူရမည်ဖြစ်ပြီး စွပ်စွဲချက်သပ်သပ်ဖြင့် အရေးယူမည်ဆိုခြင်းမှာ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့်ပုံစံဖြစ်နေကြောင်း ၎င်းကဆိုသည်။

EU စဉ်းစားနေသည်

နိုင်ငံတကာမျက်နှာစာတွင် ဖိအားတံပိုးနှင့်ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ် မောင်တောဒေသကအရေးကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်ရေးအရ အရေးယူရန် စဉ်းစားနေသည်။

မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းရာတွင် ဘင်္ဂါလီ ခုနစ်သိန်းခန့် ထွက်ပြေးခဲ့ရသည်။ ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်လိုသော လုပ်ရပ်ဟု စွပ်စွဲချက်ကြောင့် အရေးယူရန် ဖြစ်လာခြင်းဖြစ်သည်။

ဥရောပသမဂ္ဂက မြန်မာအပေါ် ပေးအပ်ထားသည့် ‘Everything but Arms’ (EBA) ခေါ် လက်နက်မှလွဲ၍ မည်သည့်ကုန်စည်ကိုမဆို ကုန်သွယ်ခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းရန် စဉ်းစားနေခြင်းဖြစ်သည်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီအရင်ခံစာတွင် ဖော်ပြချက်အရ ဘင်္ဂါလီများအပေါ် ကျူးလွန်ထားသည့် လုပ်ရပ်များကြောင့် ယင်းသို့ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ဥရောပကုန်သွယ်ရေးမဟာမင်းကြီး Cecilia Malmstrom  က အောက်တိုဘာလဆန်းပိုင်းက ကြေညာထားသည်။

ယင်းကိစ္စအပေါ် ပြန်လည်သုံးသပ်မှု လုပ် မလုပ် အောက်တိုဘာလကုန်ပိုင်းတွင် ဆုံးဖြတ်ရန်ရှိပြီး မြန်မာနိုင်ငံသို့လည်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် လေ့လာရေးအဖွဲ့ နှစ်ဖွဲ့ လာရောက်မည်ဖြစ်သည်။

ငုတ်တုတ် မေ့နိုင်သည်

ဥရောပက ကုန်သွယ်ရေးအထူးအခွင့်အရေးများရုပ်သိမ်းလျှင် အထိအနာဆုံးဖြစ်မည့်လုပ်ငန်းမှာ အလုပ်သမား ငါးသိန်းကျော် အလုပ်အကိုင်ဖန်တီးပေးထားသော အထည်ချုပ်လုပ်ငန်း ဖြစ်သည်။

အလျင်အမြန်တိုးတက်ကာ အကြီးမားဆုံး ပို့ကုန်လုပ်ငန်းဖြစ်လာသည့် အထည်ချုပ်၏ ယခုနှစ် ပြည်ပပို့ကုန် ၇၀ ရာခိုင်နှုန်း ကျော်မှာ ဥရောပဈေးကွက်သို့ပင် ဖြစ်သည်။ ၂၀၁၇ ခုနှစ်က ဥရောပဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံ တင်ပို့နိုင်ခဲ့သည်။

“လူဦးရေ နှစ်သိန်းလောက် ငုတ်တုတ် မေ့သွားနိုင်တယ်။ ဒုက္ခရောက်သွားနိုင်တယ်” ဟု လှိုင်သာယာအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေးက ပြောကြားသည်။ ၎င်းသည် လက်ဝါးအထည်ချုပ်လုပ်ငန်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

အထည်ချုပ်လုပ်ငန်းတွင် အလုပ်သမားငါးသိန်းကျော်ရှိသဖြင့် ၇၀ ရာခိုင်နှုန်းဖြင့်တွက်ချက်လျှင် အလုပ်သမား သုံးသိန်းခွဲခန့်ရှိသည်။ သို့သော်လည်း လုပ်ငန်းအကုန်လုံးရပ်ဆိုင်းသွားမည်မဟုတ်သဖြင့် နှစ်သိန်းခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်သည်ဟု ခန့်မှန်းခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်သူ ၉၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြသည်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦမြင့်စိုးကမူ ဥရောပသမဂ္ဂက အရေးယူလိုက်လျှင် မြန်မာအမျိုးသမီးအလုပ်သမားသုံးသိန်းခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း Financial  Times သို့ ပြောဆိုထားသည်။

အထည်ချုပ်လုပ်ငန်း၏ ပြည်ပတင်ပို့မှုမှာ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်ရှိခဲ့ပြီး ဥရောပအော်ဒါ နှစ်ဆမြင့်တက်လာမှု၊ အထည်ချုပ်လုပ်ငန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ်တွင် ၃ ဒသမ ၅ ဘီလီယံ မျှော်မှန်းထားကြသည်။

သို့သော်လည်း အလျင်အမြန်တိုးတက်နေသည့် အထည်ချုပ်လုပ်ငန်းမှာ ဥပဒေသမဂ္ဂ အရေးယူရန် စဉ်းစားနေမှုကြောင့် ပူပန်နေကြရပြီဖြစ်သည်။

ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းခံရလျှင် ပစ္စည်းများ ဆက်လက်တင်ပို့ခွင့်ရနေမည်ဖြစ်သော်လည်း အခွန်ကင်းလွတ်ခွင့်ဆုံးရှုံးလျှင် ဥရောပက ကုန်ပစ္စည်းအော်ဒါများ များစွာကျဆင်းကာ စက်ရုံအများအပြား ရပ်ဆိုင်းသွားနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းသို့ ရုပ်သိမ်းခံရလျှင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ယှဉ်ပြိုင်ကာ ဈေးကွက်လုရမည်ဖြစ်ရာ ယှဉ်ပြိုင်ရန်လည်း မလွယ်ကူကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်ရုံများ ပိတ်သိမ်းရလျှင် အလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်ရတော့မည် ဖြစ်သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ပေးထားသည့် ကုန်သွယ်ခွင့်အထူးအခွင့်အရေးကို ဆုံးရှုံးလျှင် ထိုင်း၊ မလေးရှား၊ တရုတ်နိုင်ငံတို့ကဲ့သို့ မြန်မာနိုင်ငံလည်း အခွန်ပေးရတော့မည် ဖြစ်သည်။

“တခြားနိုင်ငံတွေနဲ့ ပြိုင်ရောင်းရမှာပေါ့။ ပြိုင်ရောင်းရရင်တော့ အရောင်းကျသွားမှာပဲ။ စက်ရုံတချို့ ပိတ်တာတွေ ရှိလာမှာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က မှတ်ချက်ပေးသည်။

ချုပ်ခထက် အခွန်က ပိုမိုများပြားသဖြင့် အခွန်မဆောင်ရလျှင် အထည်ချုပ်လုပ်ငန်း များစွာအဆင်ပြေပြီး အခွန်ဆောင်ရလျှင် လုပ်ငန်းကျဆင်းကာ အလုပ်လျှော့ကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒါက တိုင်းပြည်အတွက် အများကြီးထိခိုက်တယ်” ဟု ဦးမြတ်သင်းအောင် က မှတ်ချက်ပေးသည်။

အထည်ချုပ်အပါအဝင် CMP လက်ခစားလုပ်ငန်းများကို လက်ရှိတွင် အခွန်မကောက်သဖြင့် မြန်မာနိုင်ငံအတွက် ဥရောပသမဂ္ဂဈေးကွက်မှာ မရှိမဖြစ် လိုအပ်နေကြောင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး က ပြောဆိုသည်။

ဥရောပသမဂ္ဂက အရေးယူသည့်အနေနှင့် အခွန်ကောက်လျှင် ပစ္စည်းပေးပြီး ချုပ်ခိုင်းရသော မြန်မာ CMP လုပ်ငန်းများကို အော်ဒါမပေးတော့ဘဲ အခြားနိုင်ငံများသို့ ရွှေ့သွားနိုင်ကြောင်း ၎င်းကဆိုသည်။

“ဒီနေ့ အော်ဒါမရဘူးဆိုရင် မနက်ဖြန်စက်ရုံပိတ်ရပြီ။ အော်ဒါမပေးတော့ဘူးဆိုရင် ဘာလုပ်မလဲ။ ဘာမှ လုပ်လို့မရဘူး။ ငုတ်တုတ်မေ့ပြီပေါ့” ဟု အဆိုပါ လုပ်ငန်းရှင်က မှတ်ချက်ပေးသည်။

ဥရောပမှ အထည်အော်ဒါမရလျှင် စက်ရုံများပိတ်သိမ်းရနိုင်ပြီး အလုပ်သမားများ အများစုမှာလည်း ပြည်ပတွင်သွားရောက်ကာ အလုပ်လုပ်ကိုင်ရနိုင်ကြောင်း ခန့်မှန်းချက်များ ရှိနေသည်။

အရေးယူခံရလျှင် အလုပ်သမားသာ အလုပ်လက်မဲ့ဖြစ်ကာ နစ်နာသွားမည်မဟုတ်ဘဲ ၎င်းတို့ကို မှီခိုနေသည့် သန်းနှင့်ချီသော မိသားစုဝင်များပါ ဒုက္ခရောက်သွားနိုင်ကြောင်း ထောက်ပြသူများလည်းရှိသည်။

“သူတို့သည် လုပ်ခနည်းတယ်။ လုပ်ခနည်းပေမယ့် သူတို့ကို မှီခိုနေတဲ့ မိသားစုက များတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောဆိုသည်။ ထို့ကြောင့် ယင်းသို့ အရေးယူမည်ကို လက်မခံသဖြင့် EU သို့ လက်ခံကြောင်း စာပို့ထားကြောင်း ၎င်းကဆိုသည်။

အလုပ်လက်မဲ့ဖြစ်လျှင် ဝမ်းရေးအတွက် ပြည်ပတွင် သွားရောက်လုပ်ကိုင်ကြမည်ဖြစ်ပြီး ယင်းသို့သွားရောက်လုပ်ကိုင်လျှင် အခွင့်အရေး ချိုးဖောက်ခံရမှု၊ လုံခြုံမှုစသည့် နောက်ဆက်တွဲ ပြဿနာများကိုပါ ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ ယင်းအပြင် အလုပ် လက်မဲ့ဖြစ်လျှင် လူကုန်ကူးမုဆိုးများ၏ သားကောင်လည်း ဖြစ်သွားနိုင်သေးသည်။

အမေရိကန်က မြန်မာအပေါ် စီးပွားရေးပိတ်ဆို့စဉ်က အခြေအနေနှင့်ပတ်သက်၍ “အဲဒီဖိအားပေးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ လူနှစ်သိန်းလောက်က ထိုင်းနိုင်ငံမှာ။ အများစုက ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြတယ်” ဟု ၎င်းကရှင်းပြသည်။

အထည်ချုပ်လုပ်ငန်းက အလုပ်သမားများအပြင် အကြိုအပို့လုပ်ပေးနေသည့် ကားသမားများ၊ အလုပ်သမားများကြောင့် ဖြစ်ပေါ်နေသည့် ဈေးကွက်များပါ ထိခိုက်နိုင်သည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများကြားတွင် ငွေပေးချေမှုလည်း ထိခိုက်နိုင်ပြီး အထည်ချုပ်အပြင် မြန်မာမှ ဥရောပသို့ ပို့ဆောင်နေသည့် အခြားလုပ်ငန်းများလည်း ထိခိုက်နိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဟောင်း ဦးအောင်ဝင်းက ထောက်ပြသည်။

ဘဏ်လုပ်ငန်းများလည်း အထိနာနိုင်ပြီး အထိအနာဆုံးမှာ အခြေခံလူတန်းစားများဖြစ်ကြောင်း လက်ရှိတွင် ယင်းအသင်း၏ အကြံပေးဖြစ်သူ ၎င်းကပြော ဆိုသည်။

“ဒါက တော်တော်လေးစိုးရိမ်ပြီးတော့ ကြောက်စရာကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် စက်မှုလက်မှုကဏ္ဍက လုံးဝကို ရပ်တန့်သွားမယ့် အနေအထားမျိုး ဖြစ်လာမှာပေါ့။ ဆောက်လုပ်ရေးကဏ္ဍတွေ အကုန်လုံးပါသွားတယ်” 

ဥရောပသမဂ္ဂက အထူးအခွင့်အရေး ရုပ်သိမ်းလျှင် ရေထွက်ကုန်လုပ်ငန်းလည်း တုံ့ဆိုင်းနိုင်ကြောင်း၊ သို့သော်လည်း ဥရောပသို့ တင်ပို့သည့် စက်ရုံ လက်ရှိတွင် ၁၈ ခုသာရှိသဖြင့် ကြီးကြီးမားမား မထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောဆိုသည်။

ဥရောပသမဂ္ဂသို့ မပို့နိုင်လျှင် တရုတ်၊ ဟောင်ကောင်၊ စင်ကာပူသို့ ပို့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထိနာဖူးသည်

အထည်ချုပ်လုပ်ငန်းသည် ၂၀၀၃ ခုနှစ်ကလည်း အကြီးအကျယ် ထိုးနှက်ခံရဖူးသည်။

တပ်မတော်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်တွင် မြန်မာအပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့သဖြင့် ပစ္စည်းတင်ပို့ခွင့် လုံးဝမရတော့ဘဲ ဈေးကွက်ပျက်ကာ အထည်ချုပ်စက်ရုံ ရာနှင့်ချီ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားသိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။

ယင်းနောက် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မှု မြင့်တက်သွားပြီး ထိုင်းနှင့် မလေးရှားတို့တွင် မြန်မာနိုင်ငံသားများ အစုလိုက်အပြုံလိုက် ရောက်ရှိသွားကြသည်။ အလုပ်လက်မဲ့ဖြစ်ပြီး ပြည်တွင်းတွင် ဆက်လက်နေထိုင်ခဲ့သည့် အချို့သောအမျိုးသမီးများမှာလည်း ဘ၀ရပ်တည်ရေးအတွက် အနှိပ်ခန်း၊ ပြည့်တန်ဆာကဲ့သို့လုပ်ငန်းများသို့ ကံမကောင်းစွာဖြင့် ရောက်ရှိခဲ့ရသည်။

စီးပွားရေး မပိတ်ဆို့ခင် အထည်ချုပ်စက်ရုံ လေးရာကျော်ရှိပြီး အလုပ်သမားသုံးသိန်းကျော် အလုပ်ပေးနိုင်ကာ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းခြောက်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) ထံမှ သိရသည်။

စီးပွားရေးပိတ်ဆို့ပြီးနောက် အော်ဒါမရသဖြင့် စက်ရုံရာချီ ပိတ်သိမ်းခဲ့ရာ တစ်ရာဝန်းကျင်သာ ကျန်ခဲ့ပြီး လုပ်သားသိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ကာ သောင်းဂဏန်းဝန်းကျင်သာ အလုပ်ဆက်လက်လုပ်ခွင့်ရခဲ့သည်။

ရုန်းကန်ရပ်တည်နေသည့် စက်ရုံတစ်ရာကျော်သည့် ၂၀၁၀ ပြည့်နှစ်တွင် အာရှဈေးကွက်ရရှိလာကြောင်း၊ ဂျပန်နိုင်ငံက ၃၇ ရာခိုင်နှုန်း အော်ဒါမှာပြီး တောင်ကိုရီးယားက ၂၅ ရာခိုင်နှုန်းကျော် မှာယူခဲ့ကာ သုံးနှစ်အတွင်း တဖြည်းဖြည်းတိုးတက်လာကြောင်း MGMA ထံမှ သိရသည်။

ယင်းနောက် ဒီမိုကရေစီအသွင်ပြောင်းသည့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဥရောပသမဂ္ဂက အခွန်အထူးသက်သာခွင့် (GSP) ရရှိခဲ့ကာ အထည်ချုပ်လုပ်ငန်း တစ်ဟုန်ထိုး တိုးတက်လာသည်။

၂၀၁၃ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်း ပြည်ပပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၂ ဒသမ ၇ အထိ မြင့်တက်လာသည်။ ၂၀၁၂ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းတွင် လူနှစ်သိန်းခွဲခန့် အလုပ်ပေးနိုင်ရာမှ လက်ရှိတွင် ငါးသိန်းကျော်အထိ တိုးလာသည်။

စီးပွားရေးပိတ်ဆို့စဉ်က အော်ဒါရရန် ဟောင်ကောင်မှတစ်ဆင့် လက်ဝေခံအဖြစ် လုပ်ကိုင်ခဲ့ရပြီး EU က GSP ပေးပြီးနောက် EU အသိအမှတ်ပြုလက်မှတ်များရယူကာ EU အော်ဒါလျှောက်ကြကြောင်း၊ ထို့နောက် တစ်နှစ်ပတ်လုံး အော်ဒါမရှားတော့ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ပျော်နေတာ၊ စက်ရုံတွေက ကြီးသထက်ကြီးသွားတယ်။ အခုလိုအခြေအနေကျတော့ မပျော်နိုင်ဘူး”

ချုပ်ပြီး အထည်တင်ပို့ရာတွင် ၂၀၁၇ ခုနှစ်က ဥရောပသမဂ္ဂသို့ ၄၇ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် နှစ်ဆမြင့်တက်လာကာ ၇၀ ရာခိုင်နှုန်း ကျော်နေပြီဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဘယ်လိုပုံစံနဲ့ရှာရှာ EU ကိုသွားတာလောက် အခွင့်အလမ်းကောင်းတာ မရှိဘူး” ဟု လက်ဝါးအထည်ချုပ်လုပ်ငန်းဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေးက သုံးသပ်သည်။

GSP အခွင့်အရေးမရရှိသည့် တရုတ်၊ ထိုင်ဝမ်တို့က လုပ်ငန်းရှင်များ ယင်းအခွင့်အရေးရလိုပြီး ဈေးပေါသည့်လုပ်သားဈေးကွက်ရှိသည့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာပြီး တောင်ကိုရီးယားကလည်း မြန်မာအထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသည်။

လက်ရှိအခြေအနေအတိုင်း ဆက်လက်တိုးတက်လျှင် ၂၀၂၀ ပြည့်နှစ်တွင် အလုပ်သမား တစ်သန်းခွဲခန့် အလုပ်ပေးနိုင်ကာ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိလာမည်ဟု အစိုးရက မျှော်မှန်းထားသည်။ ယင်းသို့အချိန်တွင် အဓိကဈေးကွက်ဖြစ်သည့် ဥရောပသမဂ္ဂ၏ အရေးယူရန်လုပ်ဆောင်လာခြင်းမှာ မျှော်လင့်ချက်များကို ပျက်စီးမည့်ကိန်းဖြစ်လာသည်။

“အစိုးရရဲ့လုပ်ဆောင်ပုံမှာ မူတည်ပြီးတော့ မနက်ဖြန်စက်ရုံတွေ ပိတ်သွားနိုင်သလို မနက်ဖြန် စက်ရုံတွေ နှစ်ဆကနေ သုံးဆလည်း ဖြစ်လာနိုင်တယ်” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

သို့သော်လည်း အခွန်ကင်းလွတ်ခွင့်ဆုံးရှုံးလျှင် အဆိုပါနိုင်ငံခြားသားလုပ်ငန်းရှင်များလည်း လုပ်သာကိုင်သာရှိမည့်အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ ထောက်ပြသည်။

အခွန်ပေးဆောင်ရလျှင် ကုန်ပစ္စည်းတန်ဖိုး ဈေးကြီးသွားမည်ဖြစ်ပြီး ဥရောပနိုင်ငံများက မဝယ်လိုတော့ဘဲ အခွန်ကင်းလွတ်ခွင့်ရထားသည့်နိုင်ငံများသို့ ရွှေ့သွားလျှင် မြန်မာက အော်ဒါအရနည်းသွားမည်ဖြစ်သည်။

ယင်းမှာ ယခင်ကထက် ပိုမိုနစ်နာဖွယ်ရှိသည်။ ၂၀၀၃ ခုနှစ်တွင် စက်ရုံတစ်ရုံတွင် လုပ်သားတစ်ရာ၊ နှစ်ရာဝန်းကျင်သာ အလုပ်ပေးနိုင်ပြီး လက်ရှိတွင် တစ်ထောင်ကျော်အထိ ပေးနိုင်ကြောင်း ဦးအောင်ဝင်း က ဆိုသည်။

နှစ်ကြိမ်တိုင်တိုင် အရေးယူပိတ်ဆို့ခံရလျှင် နိုင်ငံခြားသားအပြင် နိုင်ငံသားလုပ်ငန်းရှင်များပါ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရမည်ကို လက်တွန့်သွားနိုင်ကြောင်း၊ နိုင်ငံခြားသားအလုပ်ရှင်များမှာ အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားနိုင်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုက မြင့်တက်နေပြီး ခေတ်မီစက်များလည်းတပ်ဆင်ကာ စက်ရုံလည်း ကြီးမားစွာတည်ဆောက်ထားကြကြောင်း ၎င်းက ပြောဆိုသည်။

“အရင်တုန်းကထက်စာရင် အခုဟာက ဆုံးရှုံးမှုတော်တော်လေးများနိုင်တယ်။ နိုင်ငံခြားသားတွေ နောက်တစ်ကျော့ ပြန်လာဖို့ဆိုတာ တော်တော်လေးကို စဉ်းစားသွားမှာပေါ့။ အဲဒါတော့ မဖြစ်စေချင်ဘူး”

လက်ရှိနိုင်ငံတွင် စီးပွားရေးများ ဆုတ်ယုတ်နေချိန် အရေးယူလျှင် သိန်းနှင့်ချီ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပြီး အခြားဆက်စပ်လုပ်ငန်းများပါ ထိခိုက်ကာ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ယိုးယွင်းသွားနိုင်သည်။

“အပြစ်မဲ့တဲ့သူတွေ ထိခိုက်နစ်နာနိုင်တဲ့ကိစ္စဆိုရင်တော့ စဉ်းစားသင့်တယ်။ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့” ဟု ဦးအောင်ဝင်းက ပြောဆိုသည်။

ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ CMP လုပ်ငန်းပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ယင်းအနက် အထည်ချုပ်လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းပါဝင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။

အစိုးရတုံ့ပြန်ချက်

ကုန်သွယ်ခွင့်အထူးအခွင့်အရေး ရုပ်သိမ်းမခံရအောင် မြန်မာအစိုးရက ကြိုးပမ်းနေသည်။

ကုန်သွယ်ရေးလွတ်လပ်စွာ စီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်သည့်လုပ်ဆောင်ချက်များ၊ ကုန်သွယ်ရေး တားဆီးပိတ်ဆို့မှုများကို ရှောင်ရှားသင့်ကြောင်း အောက်တိုဘာ ၁၈ရက်က ပြုလုပ်သည့် အာရှ-ဥရောပ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောဆိုခဲ့သည်။

CMP လုပ်ငန်း၏ အဓိကကုန်သွယ်ဖက်မှာ ဥရောပသမဂ္ဂဖြစ်ပြီး ပို့ကုန်ပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလံကျော်ရှိကြောင်း၊ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များကိုလည်း တင်ပို့နေကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောကြားသည်။

“မဖြစ်စေချင်ဘူး။ မဖြစ်အောင်လည်း ညှိနှိုင်းနေတယ်။ ဆွေးနွေးတာလည်းရှိတယ်။ ဖြစ်လာခဲ့ရင်လည်း တခြားဈေးကွက်ရှာရမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

အရေးယူမှုဖြစ်လာပြီး GSP အခွင့်အရေးဆုံးရှုံးလျှင် အလားအလာရှိသည့် ဈေးကွက်များသို့ ပို့နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂက ကုန်သွယ်ခွင့်ပိတ်ဆို့မည်မဟုတ်သဖြင့် အတိုင်းအတာတစ်ခုအထိ တင်ပို့ခွင့်ရနေဦးမည်ဖြစ်ကြောင်း ဦးရဲနိုင်ထွန်းက ဆိုသည်။

ဥရောပသမဂ္ဂရှိ မြန်မာသံအမတ်ကလည်း ညှိနှိုင်းဆောင်ရွက်နေပြီး အခြားဈေးကွက်ရှာဖွေရန် ယင်းကိစ္စကို CMP လုပ်ငန်းအသင်းများနှင့်ချိတ်ဆက်ကာ ပြင်ဆင်ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက လိုလားချက်ကို မြန်မာအစိုးရကလုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်နစ်နာမည့်အရေးယူမှုမျိုးကို မလုပ်ကြရန် မြန်မာအစိုးရက ပြောဆိုထားကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောဆိုထားသည်။

နိုင်ငံတကာ သတိပေးချက်

နိုင်ငံတကာကုမ္ပဏီများနှင့် လူ့အခွင့်အရေးအဖွဲ့များကလည်း သတိပေးနေသည်။

ဥရောပကုန်သည်ကြီးများအသင်း၏ ဒါရိုက်တာ Filip Lauwerysen  ကမူ ပဋိပက္ခနှင့် မသက်ဆိုင်သည့် အထည်ချုပ်လုပ်ငန်းမှာ အကျိုးဆက်ကို ပထမဆုံးခံစားရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ဥရောပသမဂ္ဂ၏ အရေးယူမှုသည် မြန်မာနိုင်ငံအတွင်းက ပြင်းထန်သည့်လူ့ အခွင့်အရေးချိုးဖောက်မှုအခြေအနေကို အဓိကထားရန် လိုအပ်သည်ကို နားလည်ကြောင်း ဆွီဒင်အဝတ်အထည် ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်သော H & M က ထုတ်ပြန်ထားသည်။

သို့သော်လည်း အထည်ချုပ်လုပ်ငန်းက အလုပ်သမားများအတွက် ဆိုးရွားသည့် အကျိုးသက်ရောက်မှုများရှိလာနိုင်သည်ကို စဉ်းစားပေးရမည်ဖြစ်သည်ဟုလည်း H & M က သတိပေးထားသည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက်လျှင် မြန်မာကို ပြင်းပြင်းထန်ထန် အပြစ်တင် ဝေဖန်လေ့ရှိသည့် လူ့အခွင့်အရေးအဖွဲ့အချို့ကလည်း ဥရောပသမဂ္ဂ၏ အစီအစဉ်ကို သဘောမတူကြပေ။

“ကျယ်ပြန့်တဲ့ အရေးယူမှုတွေက သာမန်ပြည်သူတွေအပေါ် ထိခိုက်မယ်ဆိုရင်၊ ဘာဖြစ်သွားမလဲဆိုတော့ ပြည်တွင်းမှာ ရိုဟင်ဂျာ (ဘင်္ဂါလီ) ဆန့်ကျင်မှုတွေ တိုးလာလိမ့်မယ်” ဟု လူ့အခွင့်အရေးအဖွဲ့ Fortify Rights ပူးတွဲတည်ထောင်သူ Matthew Smith က ပြောဆိုထားသည်။

မြန်မာအပေါ် ကုန်သွယ်ရေးအရေးပေးမှုကို ပြန်လည်သုံးသပ်နိုင်ခြေရှိနေမှုကို Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner ကလည်း ရူးသွပ်မှုဟုဆိုကာ အရေးယူမည့်အရေးကို ဆန့်ကျင်သည်။

ယင်းအပြင် အခြားလူ့အခွင့်အရေး အဖွဲ့အချို့ကလည်း ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်ရာတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် အလုပ်သမားများ အထိနာမည်ကို ကန့်ကွက်ထားကြသည်။

မြန်မာအခက် ဘင်္ဂလားအချက်

ထွက်ပြေးဘင်္ဂါလီများကို ပြန်မလာခြင်းမှာလည်း မြန်မာအပေါ် ဖိအားတိုးစေသည်။

ထွက်ပြေးဘင်္ဂါလီများကို မြန်မာဘက်ကလက်ခံရန် အဆင့်သင့်ဖြစ်နေပြီဟု ယခုနှစ် နှစ်ဆန်းပိုင်းကပင် ပြောဆိုထားသော်လည်း ဘင်္ဂလားဒေ့ရှ်က ပြန်မပို့ကြောင်း မြန်မာအစိုးရက ပြောဆိုထားသည်။

ဒေသတွင်းတွင် ဥရောပသို့ အထည်အလိပ်ပို့ကုန်များ ပို့ရာတွင် GSP ရထားသည့် မြန်မာ၊ ကမ္ဘောဒီယား၊ ဘင်္ဂလားဒေ့ရှ်တို့မှာ အပြိုင်သဘော ရှိနေသည်။ ကမ္ဘောဒီယားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံပါတီကို နှိပ်ကွက်သဖြင့် ဥရောပသမဂ္ဂက အရေးယူရန် ပြင်ဆင်နေသည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်ကအထည်အလိပ် ဥရောဈေးကွက်တွင် အခြေအနေပိုကောင်းသွားနိုင်သည်။

“ဘင်္ဂလားဒေ့ရှ်က နည်းနည်းပိုအားသာသွားမယ့်သဘောပေါ့” ဟု လက်ဝါးအထည်ချုပ်လုပ်ငန်းဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေးက မှတ်ချက်ပေးသည်။

အထည်ချုပ်လုပ်ငန်းမှာ စက်ပစ္စည်းများကို အလွယ်တကူရွှေ့သွားနိုင်သဖြင့် အခြားနိုင်ငံသို့ ပြောင်းရွှေ့ရန် လွယ်ကူကြောင်း ဦးမြတ်သင်းအောင်က ပြောဆိုသည်။

“စီးပွားရေးသမားကတော့ အခွင့်အလမ်းသာတဲ့ဆီကို ပြေးကြတာပေါ့။ အထည်ချုပ်ဆိုတာက အရင်းအနှီးများများ မလိုဘူးလေ။ စက်လောက်ပဲ ရင်းရတာဆိုတော့ စက်က အရှုံးခံရောင်းပြီး ထွက်သွားလို့ရတယ်”

မြန်မာနှင့်ပတ်သက်လျှင် ဘင်္ဂလားဒေ့ရှ်က သုံးသီးစားဖြစ်နေသည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ် ဦးမောင်မောင်အုန်းက ထောက်ပြသည်။

ဘင်္ဂါလီများကို လက်ခံထားသဖြင့် ကမ္ဘာ့တွင် ကယ်တင်ရှင်နိုင်ငံဖြစ်နေပြီး ဘင်္ဂါလီများ၏ မေတ္တာကိုလည်းရကြောင်း၊ ယင်းအပြင် ဒုက္ခသည်လက်ခံသဖြင့် ကမ္ဘာတစ်ဝန်းက အကူအညီများကိုလည်း ရနေကြောင်း ၎င်းကဆိုသည်။ ဥရောပဈေးကွက်ပါ ထပ်ပေါင်းလျှင် လေးသီးစားဖြစ်သွားမည့်သဘောဖြစ်သည်။

ဇာတိမာန်ကို ထိပါးစေသည်

န့ ၏ တောင်းဆိုမှုမှာ တစ်ဖက်သတ်ဆန်လွန်းသဖြင့် လိုက်လျောရန်ခက်ခဲကြောင်း NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“နိုင်ငံရဲ့အချုပ်အခြာအာဏာကို အထိခိုက်ခံပြီး လိုက်လျောတယ်ဆိုရင် ဒါကတော့ ကျွန်တော်တို့လူမျိုးရဲ့ ဇာတိမာန်ကို ထိပါးစေပါတယ်”

မြန်မာနိုင်ငံက CMP လက်ခစားစနစ်ဖြစ်သဖြင့် ဖောက်သည်နိုင်ငံအသစ်ရှာကာ ကျော်လွှားရမည်ဖြစ်ကြောင်း၊ အနောက်နိုင်ငံများက ဈေးကောင်းပေးပြီး အရှေ့နိုင်ငံများက ယင်းကဲ့သို့ မပေးနိုင်သဖြင့် ထိခိုက်မှုရှိလာမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

ကမ္ဘောဒီယားတွင် အတိုက်အခံပါတီကို နှိပ်ကွပ်လိုက်သည်မှာ ငြင်းမရသော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် စွပ်စွဲချက်အဆင့်သာရှိကြောင်း ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။

ထွက်ပြေးဘင်္ဂါလီများတွင် အကြမ်းဖက်များနှင့် အဆက်အစပ်ရှိနေပြီး ယင်းသို့အခြေအနေတွင် မြန်မာအပေါ် အရေးယူလျှင် အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည့်သဘောလည်း ဆောင်သွားနိုင်သည်ဟု ဥရောပသမဂ္ဂကို အသိပေးထားကြောင်း ၎င်းကဆိုသည်။

“ဒီလိုအကြပ်ကိုင်ပြီး လိုတာကိုတောင်းဆိုတယ်ဆိုရင်တော့ မြန်မာနိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်တဲ့အနေနဲ့ ကျွန်တော်တို့ လိုက်လျောမှာ မဟုတ်ပါဘူး” ဟု ၎င်းက ယတိပြတ် ပြောဆိုသည်။

“သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ သူတို့လိုလားတာနဲ့ တခြားစီဖြစ်သွားလိမ့်မယ်။ ရခိုင်ပြည်နယ်မှာ အာရပ်နဲ့ အစ္စရေးလို ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေတဲ့ လူအုပ်စုနှစ်ခုကို ထားမိပြီးသား ဖြစ်သွားလိမ့်မယ်” ဟုလည်း ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်အရေးကို အမှန်တကယ်ဖြေရှင်းလိုလျှင် ထွက်ပြေးဘင်္ဂါလီများကို ပြန်လည်လက်ခံရေးလမ်းကြောင်း မြန်ဆန်သွားအောင် ကူညီပေးသင့်ကြောင်း ၎င်းကဆိုသည်။

EU အရေးယူမည့်အစီအစဉ်မှာ အလုပ်သမားများအတွက် အခွင့်ကောင်းဖြစ်လာနိုင်သည်ဟုဆိုသူက အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးဖြစ်သည်။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကို အစိုးရက မကူညီသဖြင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့လာရောက်စဉ် တင်ပြမည်ဟု ၎င်းကဆိုသည်။

အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံများကို စာရင်းပြုစုကာ GSP ရုပ်သိမ်းရန် တင်ပြသွားမည်ဖြစ်ကြောင်း ရှေ့နေဦးဌေးက ပြောဆိုသည်။

မြန်မာအပေါ်ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ရုပ်သိမ်း၊ မသိမ်းကို ခြောက်လကြာ သုံးသပ်မည်ဖြစ်ပြီး မြန်မာဘက်က လူသားချင်းစာနာမှုဆိုင်ရာ၊ ဒီမိုကရေစီဆိုင်ရာသတ်မှတ်ချက်များကို ပြည့်မီအောင် လုပ်ဆောင်နိုင်လျှင် မူဝါဒအပြောင်းအလဲ ဖြစ်နိုင်သည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂက အောက်တိုဘာ ၂၈ ရက်တွင် မြန်မာသို့လာရောက်မည့်အဖွဲ့သည် အစိုးရတာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားများ၊ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံမည်ဖြစ်သည်။

ပဲခူးတိုင်း ညောင်အင်းစက်မှုဇုန်ရှိ ချန်းမြန်မာဖိနိပ်စက်ရုံတွင်လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးကမူ EU က အရေးယူမည့် အစီအစဉ်ကြောင့် အလုပ်သမားသိန်းနှင့်ချီ အလုပ်ပြုတ်မည်ကို ကြားသိထားကြောင်း ပြောဆိုသည်။ မောင်တောကို ကြားဖူးရုံသာ ကြားဖူးသည့် ၎င်းအတွက်လည်း ပြစ်ဒဏ်ဖြစ်သွားနိုင်သည်။

“စက်ရုံပိတ်တာတွေ၊ အလုပ်လျှော့တာတွေ မဖြစ်စေချင်ဘူး” ဟု ၎င်းကဆိုသည်။

ဥရောပသမဂ္ဂ အရေးယူမှု အမှန်တကယ်ဖြစ်လာလျှင် အပြစ်မဲ့ပြည်သူများစွာ ဒုက္ခရောက်မည့်ကိန်းရှိနေသည်။ ယင်းသို့အရေးယူမှု မဖြစ်လာရန်ကို မည်သို့လုပ်ဆောင်မည်နည်းဆိုသည့်အပေါ် အထည်ချုပ်လုပ်ငန်းရှင် ဒေါက်တာ ခင်မောင်အေးက အောက်ပါအတိုင်း ဖြေကြားသည်။

“ကျွန်တော်တို့က ဆုတောင်းရုံကလွဲလို့ ဘာလုပ်လို့ရမှာလဲဗျာ” 

 

အောင်မြင့်ထွန်း၊ ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *