Blockchain တော်လှန်ရေး

အမေရိကန်အစိုးရက ထုတ်ထားတဲ့ ဒေါ်လာ၊ မြန်မာအစိုးရက ထုတ်ထားတဲ့ ကျပ်ငွေ စသည်ဖြင့် ငွေကြေးဆိုတာ  အစိုးရတစ်ရပ်ရပ်က ကျောထောက်နောက်ခံပြုထားမှ  လူတွေက ယုံကြည်သုံးစွဲကြပေမယ့် ကနေ့ နာမည်ကြီးနေတဲ့ Bitcoin အပါအဝင် Cryptocurrency လို့ခေါ်တဲ့ Digital ငွေကြေးတွေဟာ ဘယ်အစိုးရကမှ ထုတ်ထားတာ မဟုတ်ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ကြားထဲက ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ ကွန်ပျူတာနည်းပညာနဲ့ ဒီဒစ်ဂျစ်တယ် ငွေကြေးတွေကို ယုံကြည်သုံးစွဲသူတွေ အများကြီး။ ဒီငွေကြေးတွေကို သမားရိုးကျ ငွေကြေးတွေနဲ့လည်း လဲလှယ်သုံးစွဲနိုင်တယ်။ ဒါပေမဲ့ တကယ်အရေးကြီးတာက Bitcoin မဟုတ်ဘူး။ သူ့နောက်က Blockchain Technology ။ Blockchain Technology ဟာ  ငွေကြေးတစ်ခုတည်းသာ မဟုတ်ဘဲ ကမ္ဘာကြီးတစ်ခုလုံးကိုပါ တော်လှန်ပြောင်းလဲမယ့်  နည်းပညာဖြစ်တယ်လို့ စာရေးသူ Tapscott သားအဖနှစ်ယောက်က ခိုင်ခိုင်မာမာ ညွှန်းဆိုထားတယ်။

ဒီသားအဖနှစ်ယောက်က ဒီစာအုပ်မျိုး အရေးသင့်ဆုံး လူတွေ ဖြစ်တယ်။ အဖေဖြစ်တဲ့ Don Tapscott က စာအုပ် ၁၅ အုပ် ရေးထားတဲ့အထဲမှာ နည်းပညာနဲ့ပတ်သက်လို့  ထင်ရှားတဲ့ The Digital Economy က ၁၉၉၄ က ထွက်တယ်။ Wikinomics က ၂၀၀၆ မှာ ထွက်တယ်။ သားဖြစ်သူ Alex Tapscott က Blockchain ကုမ္ပဏီတွေကို တည်ထောင်ပေးတဲ့ အတိုင်ပင်ခံကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူဖြစ်တယ်။

အင်တာနက် ရေပန်းစားလာတဲ့အခါ Information  လို့ခေါ်တဲ့ သတင်းအချက်အလက်ကို တော်လှန်ပြောင်းလဲလိုက်တယ်။ သတင်း မီဒီယာလောကအပါအဝင် သတင်းအချက်အလက်နဲ့ ဆက်စပ်လောကတွေ အကုန်ပြောင်းသွားတယ်။ သတင်းအချက်အလက်စီးဆင်းမှု မြန်သွားတယ်။ ဒါဟာ အင်တာနက် ပထမတော်လှန်ရေးပါတဲ့။ ဒီပထမတော်လှန်ရေးဟာ အောင်မြင်ပေမယ့် တချို့နေရာတွေမှာ မှန်းသလောက် မပေါက်ဘူး။ အင်တာနက်ကြောင့် ဒီမိုကရေစီဟာ သာမန်လူတွေအထိ စီးဆင်းသွားမယ်လို့ ထင်ရပေမယ့်  မစီးဆင်းသွားဘူး။ အစိုးရတွေဟာ လူတွေကို ပိုထောက်လှမ်းနိုင်လာတယ်။ လူတွေရဲ့ တစ်ကိုယ်ရေဘ၀က မလုံခြုံတော့ဘူး။  သူတို့ အကြောင်းတွေကို နည်းပညာကုမ္ပဏီကြီးတွေက စုဆောင်းထားပြီး ပြန်ရောင်းစားကြတယ်။ Amazon ၊ Facebook ၊ Google တို့လို ဧရာမကုမ္ပဏီတွေဟာ တစ်ကမ္ဘာလုံးက သတင်းအချက်အလက်တွေကို လက်ဝါးကြီးအုပ်ထားတယ်၊ ကုမ္ပဏီငယ်လေးတွေ ပျောက်ကွယ်ရမယ့် အခြေအနေ ဆိုက်လာတယ်။ အင်တာနက်ကြောင့် Democracy ဖြစ်သွားရမယ့်အစား Oligopoly လို့ခေါ်တဲ့ ကုမ္ပဏီကြီး လက်တစ်ဆုပ်စာရဲ့ ချယ်လှယ်ခံဘ၀ ရောက်ကြရတယ်။ ဒီနေရာမှာ Blockchain ဝင်လာတယ်။

Blockchain နည်းနဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဖန်တီးကြတယ်။ Digital ငွေကြေးဆိုတာ ကိန်းဂဏန်းတွေ  အက္ခရာတွေပါတဲ့ ကွန်ပျူတာ လျှို့ဝှက်စာညွှန်ကြားချက်ပဲ။  လုံးဝဒစ်ဂျစ်တယ် သက်သက်။ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေသုံးပြီး ဝှက်စာရေးတဲ့ ဖော်တဲ့နည်းနဲ့ ငွေကြေးအသစ် ဖန်တီးတယ်၊ လက်ပြောင်းလက်လွှဲလုပ်တယ်။ ဗဟိုချုပ်ကိုင်မှု မရှိဘူး။ လက်ပြောင်းလက်လွှဲလုပ်တဲ့ အချိန်ကိုပါ မှတ်သားထားတယ်။ ဒီတော့ ဒီငွေကြေးကို ဘယ်သူပိုင်သလဲဆိုတာ အငြင်းပွားစရာမရှိဘူး။ စာရင်းပြောင်းမှတ်လိုက်တဲ့ သဘောပဲ။ ဒါဟာ Blockchain နည်းပညာပဲ။ ဒါ့ကြောင့် Blockchain ကို World Wide Ledger ကမ္ဘာလုံးဆိုင်ရာ စာရင်းစာအုပ်လို့ ဒီစာအုပ်ရေးသူတွေက တင်စားကြတယ်။ အင်တာနက်ကို World Wide Web WWW ကမ္ဘာလုံးဆိုင်ရာကွန်ရက်လို့ ခေါ်တာကို ဆွဲသုံးလိုက်တာ။ ငွေကြေးတင်မက လုပ်ငန်းအများကြီး၊ နယ်ပယ်အများကြီးကို Blockchain ထဲ  ဆွဲခေါ်လို့ ရတယ်။

Blockchain နည်းပညာဟာ အင်တာနက်နည်းပညာမှာ ဒုတိယတော်လှန်ရေးကြီးပဲ။ နဂို အင်တာနက်မှာ သတင်းအချက် အလက်ကို တစ်နေရာကနေ တစ်နေရာပို့နိုင်ပေမယ့် တကယ် ပို့လိုက်တာ မဟုတ်ဘူး။ မူရင်းသတင်းအချက်အလက်ကို မိတ္တူပွားပြီး ပို့လိုက်တာ။ ဓာတ်ပုံကို Email ကနေ ပို့တယ်ဆိုတာ မူရင်းဓာတ်ပုံကို မိတ္တူတစ်စောင်ပွားပြီး ပို့လိုက်တာ။ မူရင်းဓာတ်ပုံဟာ ပို့သူဆီမှာ ကျန်ခဲ့တယ်။ ငွေကြေးလိုမျိုးကျ အဲဒီလိုပို့လို့မရဘူး။ ကျွန်တော်က ငွေဆယ်သိန်းကို တခြားသူဆီ ပို့လိုက်တဲ့အခါ မိတ္တူပွားပို့လို့ မရဘူး။ ဓာတ်ပုံပို့တဲ့အခါ  မူရင်းကျန်ခဲ့သလို ကျွန်တော့်ဆီမှာ ဆယ်သိန်းကျန်ခဲ့လို့မှ မဖြစ်တာ။ Blockchain နည်းပညာက အဲဒီပြဿနာကို ဖြေရှင်းပေးတယ်။ အချိန်မကုန်တော့ဘူး၊ စရိတ်မကုန်တော့ဘူး၊ ကြားလူမလိုတော့ဘူး။ သမားရိုးကျအခြေအနေမှာ  တစ်နေရာကနေ တစ်နေရာကို ငွေလွှဲရင် ယုံကြည်ရတဲ့  ကြားခံလူဖြစ်တဲ့ ဘဏ်တွေ၊ ငွေကြေးကုမ္ပဏီတွေ လိုတယ်။

Blockchain ဟာ peer-to-peer လို့ခေါ်တဲ့ လူအချင်းချင်းကြားသွားတဲ့စနစ် ဖြစ်ပြီး Smart Contract လို့ခေါ်တဲ့ ‘လူ မလိုတဲ့ သဘောတူညီချက်တွေ’ ရယူနိုင်တဲ့အတွက်  ကြားလူတွေ ပျောက်စေတယ်။ လုပ်ငန်းနယ်ပယ်တော်တော်များများဟာ တစ်ဦးနဲ့ တစ်ဦးကို ချိတ်ဆက်ပေးတဲ့  ‘ကြားလူ’  လုပ်ငန်းတွေဖြစ်တဲ့အတွက် ‘ကြားလူ’ မလိုတော့တဲ့  Blockchain ကြောင့် ဒီလုပ်ငန်းတွေ အသွင်ပြောင်းသွားမယ်။ ဥပမာ – Uber တို့လို၊ Grab တို့လို တက္ကစီ ကြားလူ လုပ်ငန်းတွေနေရာမှာ တက္ကစီဆွဲသူနဲ့ ခရီးသည်တိုက်ရိုက်ချိတ်လို့ ရလာမယ်။ သမားရိုးကျတက္ကစီလုပ်ငန်းတွေကို ကျော်လွှားပြီး တက်လာတဲ့ Uber ကို ပြန်ကျော်လွှားသွားမယ့်  နည်းပညာပေါ့။

ကြားလူတွေဖြစ်တဲ့ ရှေ့နေတွေ၊ စာရင်းစစ်တွေ ဘယ်လို ဖြစ်သွားမလဲ စဉ်းစားစရာဖြစ်တယ်။ စာချုပ်စာတမ်းတွေ  ချုပ်တဲ့နေရာမှာ ရှေ့နေတွေ လိုအပ်ချက်နည်းသွားမယ်။ ဘယ်သူက ဘယ်ဟာ ပိုင်တယ်ဆိုတာ မြင်နေကြရတဲ့အတွက်  ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ မြေယာပိုင်ဆိုင်မှုမှာ လာဘ်ပေးလာဘ်ယူနဲ့  ခြစားတာ၊ ပိုင်ရှင်အစစ် ဘယ်သူမှန်းမသိတာတွေကို ဖြေရှင်းနိုင်မယ်လို့ ဆိုတယ်။ လုပ်ငန်းကြီးတွေမှာ ငွေဝင်ငွေထွက်၊  ငွေသုံးစွဲပုံတွေကို ရှယ်ယာရှင်တွေပါ အလွယ်တကူ ကြည့်နိုင်တဲ့ အတွက် စာရင်းစစ်တွေတောင် လိုချင်မှ လိုပါတော့မယ်။  စာရင်းစစ်လုပ်ငန်းကနေ ဝင်ငွေအများကြီးရတဲ့ Deloitte တို့၊ PwC တို့တောင် Blockchain နည်းပညာအကြောင်း  သေချာ လေ့လာနေရပါပြီတဲ့။ မန်နေဂျာတွေဟာလည်း  လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေအကြားမှာ ချိတ်ဆက်ပေးထားတဲ့ ‘ကြားလူ’ ဖြစ်တဲ့ အတွက် အစိုးရပိုင်းရော၊ ကုမ္ပဏီတွေမှာရော အုပ်ချုပ်ရေးယန္တရား အသွင်ပြောင်းသွားနိုင်တယ်။

Blockchain ဟာ ယုံကြည်မှုကို တော်လှန်ပြောင်းလဲတယ်။ တစိမ်းတွေ တစ်ဦးနဲ့ တစ်ဦး လက်ပြောင်းလက်လွှဲလုပ်ကြတဲ့အခါ မယုံကြည်ရတဲ့အတွက် ကြားခံလူလိုတာ။ Blockchain နဲ့ကျ ပိုင်ဆိုင်မှုပြောင်းသွားတာကို အားလုံးက  မြင်ရတဲ့အတွက် ‘ယုံကြည်မှု ပြဿနာ’ ကို ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ Blockchain က ‘ယုံကြည်မှု ပြဿနာ’ ကို  ရှင်းပေး၊ လူတစ်ဦးနဲ့ တစ်ဦးနဲ့ ကြား တိုက်ရိုက်သွားနိုင်၊ ဖုန်းတစ်လုံးရှိရုံနဲ့ ဒီနည်းပညာကို သုံးနိုင်တဲ့အတွက် ကမ္ဘာကြီးက  အစိုးရတွေ အပါအဝင် လုပ်ငန်းနယ်ပယ်အများကြီးကို တော်လှန်ပြောင်းလဲနိုင်လိမ့်မယ်လို့ စာရေးသူတွေက ဆိုတယ်။  Blockchain ဖြစ်ထားနိုင်မယ်။ ခုလို နည်းပညာကုမ္ပဏီကြီးတွေက ယူသုံးတာကို မခံရဘူး။ အစိုးရတွေကိုလည်း ကြောက်စရာမလိုတဲ့အတွက် တကယ်လွတ်လွတ်လပ်လပ် နေနိုင်မယ်။

တခြားနိုင်ငံတွေမှာ အခြေကျနေတဲ့လုပ်ငန်းကြီးတွေ၊  အစိုးရတွေက လက်ရှိအထိုင်ပျက်မှာ စိုးတဲ့အတွက်၊ နဂိုရင်းနှီးထားရတာတွေ အလဟဿဖြစ်မှာစိုးတဲ့အတွက် Blockchain နည်းပညာကို သုံးဖို့ လက်တွန့်ရင်တောင် မြန်မာနိုင်ငံလို လုပ်ငန်းနယ်ပယ်သစ်တွေက အခြေတည်စနိုင်ငံတွေ၊ အစိုးရယန္တရားက အခြေမခိုင်သေးတဲ့ နိုင်ငံမှာ Blockchain ကို သုံးကြည့်ရင် ပိုအဆင်ပြေမလား စဉ်းစားကြည့်သင့်တယ်။  ဥပမာ – ဘဏ်စာရင်းဖွင့်နိုင်သူတွေ လေးပုံတစ်ပုံလောက်သာရှိတဲ့ မြန်မာမှာ Blockchain နည်းပညာသုံးထားတဲ့ Digital ငွေကြေးတစ်ခုလောက် သုံးကြည့်သင့်သလား။ ဒါဆို ငွေလွှဲရခက်တာ၊ ငွေချေရခက်တာတွေ ပြေလည်ပြီး စီးပွားရေးလည်ပတ်မှု မြန်သွားမယ်။ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းတွေ ဖြေရှင်းရခက်နေသေးတဲ့ မြန်မာမှာ မြေစာရင်း၊ မြေပိုင်ဆိုင်မှုတွေကို Blockchain သုံးပြီး မှတ်တမ်းတင်ပြုစုရင် အားလုံးလည်း ကြည့်လို့ရ၊ အစိုးရတစ်ခုတည်းလည်း ပိုင်တာ မဟုတ်တဲ့အတွက် အိမ်၊ ခြံ၊ မြေဝယ်ယူရာ၊ အိမ်၊ ခြံ၊ မြေကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ဆောင်ရာမှာ အများကြီးလမ်းပွင့်သွားပါလိမ့်မယ်။ ဒီလိုပဲ လွှတ်တော်မှာ ဥပဒေပြုရာမှာလည်း  ဥပဒေကြမ်းကို ဘယ်အချိန်က စတင်တယ်၊ ဘယ်သူက ဘာအဆိုပြုတယ်၊ ဘာပြင်လိုက်တယ် စတာတွေကို Blockchain နည်းပညာနဲ့ အားလုံးမြင်ရအောင် စီစဉ်နိုင်ရင်  ဥပဒေတွေလည်း ပိုအရည်အသွေးမြင့်၊ ပြည်သူကလည်း  အစိုးရကို ပိုယုံကြည်လာပါလိမ့်မယ်။

Blockchain နည်းပညာဟာ အင်တာနက်ပေါ်စကလို၊ လျှပ်စစ်ဓာတ် စသုံးကာစလိုပါပဲ။ ရမ်းလုပ်ရင် အန္တရာယ်ရှိနိုင်သလို အကြောက်လွန်ရင် နောက်မှာကျန်ခဲ့မယ်။     

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *