နိုင်ငံ့ဘဏ္ဍာနစ်နာမှု အခန်းဆက်

ရန်ကုန်တိုင်းလွှတ်တော်ခေတ္တနား၍ တစ်ခန်းရပ်သွားပြီဖြစ်သော်လည်း မပြီးဆုံးနိုင်သေးသည့် အခြားသော ဇာတ်လမ်းများက ကျန်ရှိနေပေသေးသည်။

အရေးကြီးသည့် ကိစ္စတစ်ခုမှာ စာရင်းစစ်ချုပ်အစီရင်ခံစာပါ နိုင်ငံ့ဘဏ္ဍာနစ်နာမှုများနှင့် ပတ်သက်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ YBS ကားများနှင့် ကျောင်းကားများအတွက် ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်ထံမှချေးငွေ ၁၃ ဒသမ ၅ ဘီလီယံကိစ္စ၊ ယခင် အစိုးရလက်ထက်က မြေဧက ၄၀၀နှင့် ၅၅၀ ကို လုပ်ငန်းရှင်များထံသို့ ဂရန်ချပေးခဲ့သည့်ကိစ္စနှင့် ရန်ကုန်မြို့ရှိ အများပိုင်ပန်းခြံများကို လုပ်ငန်းရှင်များထံသို့ အောက်ဈေးဖြင့် ငှားရမ်းထားခြင်းမှ အစချီသော ကိစ္စများစွာသည် လွှတ်တော်တွင် မပြီးပြတ်ဘဲ ကျန်ရစ်နေဆဲ ဖြစ်သည်။

ထို့ပြင် The Voice Journal က လေ့လာခဲ့သော စာရင်းစစ်ချုပ်အစီရင်ခံစာပါ ထင်သာမြင်သာရှိလှသော နိုင်ငံ့ဘဏ္ဍာနစ်နာမှုများသည် ကျပ်ဘီလီယံ ၈၀ ထက်  မနည်း ရှိနေပြန်သည်။

အဆိုပါအချက်အလက်များကို ဖော်ညွှန်းပြသခဲ့သော စာရင်းစစ်ချုပ်အစီရင်ခံစာပါ ကိစ္စများစွာအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ သက်ဆိုင်ရာဝန်ကြီးများက လွှတ်တော်တွင် မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကလည်း ကျောင်းကားအတွက် ဘဏ်ချေးငွေကို မည်သူချေးယူမှန်းတိတိကျကျ ဖြေကြားခြင်းမရှိဘဲ ရန်ကုန်တိုင်းဘဏ္ဍာရေးတာဝန်ခံကို မေးမြန်းပြီးမှသာ ဖြေကြားမည်ဟု ပြောဆိုသွားခဲ့သည်။

ထို့ကြောင့် ဒွိဟများဖြင့်သာ အဆုံးသတ်ခဲ့ရသည့် ရန်ကုန်တိုင်းလွှတ်တော်၏ အခန်းဆက်ကား အဘယ်နည်း။ နိုင်ငံ့ဘဏ္ဍာနစ်နာမှုများအတွက် မည်သို့ ဆက်လက်လုပ်ဆောင်ကြမည်နည်း။

ပြီးခဲ့သည့် ၂၀၁၅ -၂၀၁၆ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်အစီရင်ခံစာ  ထွက်ပေါ်လာစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ပြန်လည်ရှင်းလင်းခဲ့ခြင်း မရှိ။ယခင်နှစ်က မရှင်းခဲ့သောကြောင့် ယခု ၂၀၁၆ -၂၀၁၇ဘဏ္ဍာနှစ်စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ်တွင်လည်း ပြန်လည်ရှင်းလင်းရန်မလိုဟူသော အမြင်များလည်း ရှိသည်။

သို့သော်လည်း ၂၀၁၅ -၂၀၁၆ဘဏ္ဍာနှစ် အစိုးရအကူးအပြောင်းဖြစ်ပြီး ယင်းအစီရင်ခံစာပါ စစ်ဆေးတွေ့ရှိချက်များသည် ယခင်အစိုးရလုပ်ဆောင်ခဲ့သောကိစ္စများ ဖြစ်သည်။ ယခု၂၀၁၆ -၂၀၁၇ဘဏ္ဍာနှစ်စာရင်းစစ်ချုပ်အစီရင်ခံစာပါကိစ္စများကမူ လက်ရှိအစိုးရလက်ထက်ကိစ္စများစွာ ပါဝင်နေခြင်း ဖြစ်သည်။

“အခု၂၀၁၆ -၂၀၁၇ ဆိုတာက လက်ရှိအစိုးရကိစ္စ။ ဒါ့ကြောင့် ရှင်းကိုပြရမယ်ဆိုပြီး ကျွန်တော်တို့ကော်မတီက မာမာချာချာပြောနေရတာ”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက ဆိုသည်။

ထို့ပြင် စာရင်းစစ်ချုပ်အစီရင်ခံစာပါအချက်အလက်များနှင့်ပတ်သက်၍ တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းရန် မလိုအပ်ဟုဆိုပါက အဆိုပါအစီရင်ခံစာ၏ အသုံးဝင်မှုနှင့် တန်ဖိုးအပေါ် မေးခွန်းထုတ်ရမည်သာဖြစ်သည်။

“ပြည်ထောင်စု (အဆင့်)မှာ ပြန်ဖြေတာရှိတဲ့အတွက် ပြန်ဖြေတဲ့စနစ် တစ်ခုပါအောင် လွှတ်တော်က ပြန်ပြင်သင့်တယ်ဆိုပြီး ဒီ Practice  ရှိဖို့ ကော်မတီတွေက သုံးသပ်တာပေါ့။ လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြပြီးတော့ ဒီလုပ်ထုံးလုပ်နည်းကို ပြန်ပြင်ရမှာပေါ့”ဟု ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ဆိုသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာပါ နိုင်ငံ့ဘဏ္ဍာနစ်နာမှုများအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်တန်းခဲ့သေးသည်။

သို့သော်လည်း ကော်မရှင်၏ အောက်တိုဘာလ ၂၀ ရက် အကြောင်းပြန်စာတွင် စာရင်းစစ်ချုပ်အစီရင်ခံစာပါကိစ္စရပ်များသည် တိုင်းဒေသကြီးအစိုးရက ဆက်လက်ဆောင်ရွက်ဆဲ မပြီးပြန်သေးသည့်ကိစ္စများဖြစ်နေခြင်းနှင့် ဒေါက်တာညိုညိုသင်း၏ တိုင်ကြားမှုများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်မြောက် ပြင်ဆင်သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်မတိုင်မီက ကိစ္စများဖြစ်နေခြင်းတို့ကြောင့် လတ်တလောတွင် အရေးယူဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း ဖော်ပြထားသည်။

ကော်မရှင်၏ ပြန်ကြားစာမရမီအချိန်တွင် ဒေါက်တာညိုညိုသင်း၏ မိတ်ဆွေများက Facebook ပေါ်တွင် ပြည်သူ့အမြင် အသေးစားစစ်တမ်းကောက်ယူခဲ့ရာ ကော်မရှင်က အရေးယူမည်ဟု ယုံကြည်သူ ၂၅ ရာခိုင်နှုန်း၊ အရေးမယူဟု ယုံကြည်သူ ၇၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောပြသည်။

“ပြည်သူလူထုရဲ့ ခန့်မှန်းချက်က မှန်နေတော့ အန်တီနည်းနည်းတော့ အံ့ဩသွားတာပေါ့။ ဒါကိုတော့ သတိထားမိတယ်” ဟု ၎င်းက ဆိုသည်။

ဤမျှ ရှုပ်ထွေးသော စာရင်းစစ်ချုပ် အစီရင်ခံစာကို ပြီးခဲ့သည့်လွှတ်တော်တွင် ထောက်ပြဆွေးနွေးကြသည့် လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးအနက် ဘဏ္ဍာရေး၊  စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ ၁၀ဦးအထိ ပါရှိသည်။

နိုင်ငံ့ဘဏ္ဍာနစ်နာမှုကိစ္စများအတွက် အကြောင်းရင်းကို သိရှိရန် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ကြိုးစားနေဆဲ ဖြစ်သည်။

လွှတ်တော်က ရှင်းလင်းစွာမသိရသော ကိစ္စများအတွက် အစိုးရက ရှင်းပြရန် တာဝန်ရှိပြီး ယင်းသို့ တိုက်ရိုက်မရှင်းပြပါက ဆိုင်ရာကုမ္ပဏီများနှင့် အဖွဲ့အစည်း များကို ဆင့်ခေါ်၍ လွှတ်တော်ကော်မတီများက ကြားနာခွင့်ရှိသည်ဟု ပြည်သူ့ငွေ စာရင်းကော်မတီဥက္ကဋ္ဌဦးတင့်လွင်က ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀(ဂ) တွင် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင် တင်ပြဆွေးနွေးသည့် ကိစ္စ များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများနှင့် ယင်းတို့ကို ကိုယ်စားပြုသောအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ဖြစ်စေ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် အချက် အလက်ရယူခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း ဖော်ပြထားသည်။

ဤသို့သော ပြဋ္ဌာန်းချက်သည် ဆိုင်ရာလွှတ်တော်၏ မေးမြန်းမှုကို ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အစိုးရများက အပြန်အလှန်လေးစားသမှုရှိရန်နှင့် အပြန်အလှန် ထိန်းကျောင်းရန် ရည်ရွယ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဆိုသည်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်ကဲ့သို့ ဆိုင်ရာလွှတ်တော်ဥပဒေတွင်လည်း ယင်းသို့သော ပြဋ္ဌာန်းချက်များ ရှိနေသည်။

သို့သော်လည်း အဆိုပါဖော်ပြချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ၎င်းတို့ကို ကိုယ်စားပြုသည့်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုသာ မေးမြန်းနိုင်ကြောင်း ဖော်ပြထားခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများကို ခေါ်ယူမေးမြန်းခွင့်ရှိကြောင်း ဖော်ပြမထားပေ။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေကို ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် နည်းဥပဒေမှာမူ ယနေ့တိုင်ထွက်ရှိလာခြင်း မရှိသေးပေ။

“နည်းဥပဒေ (ဥပဒေကြမ်း)ကိုတော့ ပြည်ထောင်စုကို ပို့ထားပြီးပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

လွှတ်တော်လုပ်ငန်းစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီများက သိချင်သည့် အချက်အလက်များကို မေးမြန်းနိုင်ရန်အတွက် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် တင်ပြကြရသည်။

လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုလျှင် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင် မေးမြန်းခြင်း၊ ကော်မတီဆိုပါက ဆိုင်ရာဝန်ကြီးဌာနကို ဆင့်ခေါ်၍ မေးမြန်းနိုင်ပြီ ဖြစ်သည်။ နည်းဥပဒေမရှိသေးသည့် ယခုကဲ့သို့ အချိန်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခွင့်ရရေး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် စာတင်ပြထားကြသည်။

“အောက်တိုဘာလတတိယပတ်ထဲမှာပဲ တင်ပြထားတယ်။ အစိုးရက ရှင်းမပြရင်တော့ ကုမ္ပဏီတွေကို ကျွန်တော်တို့က နောက်ဆုံးအနေအထားနဲ့ တိုက်ရိုက်ခေါ်တွေ့ရတော့မှာ။ အဲဒါကို ပြောပြတာပါ”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော် ပြန်လည်စတင်မည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိပြီး အဆိုပါ ကိစ္စများအတွက် အဖြေတစ်ခုခုရရန် မျှော်လင့်လျက်ရှိသည်။

လက်ရှိတွင် လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းသည်လည်း တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လျက်ရှိသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များထံသို့ တိကျသော အဖြေတစ်ခု မရောက်လာသေးပေ။

“မှန်ပါတယ်။ ကျွန်တော်တို့ သီတင်းကျွတ်ပြန်ဖွင့်တဲ့ ရက်မှ တွေ့နိုင်မှာပါ။ အခုထိတော့ မတွေ့ရသေးဘူး။ ဥက္ကဋ္ဌက ခရီးသွားနေတယ်။ ခွင့်ပြုချက်တော့ မရသေးဘူး။ ဥက္ကဋ္ဌဆီကို ကော်မတီ အလိုက် တင်ပြထားတာ”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဆိုသည်။

ဤသို့ဆိုလျှင် စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရက ကော်မတီများထံသို့ လာရောက်ရှင်းလင်းတင်ပြရေးသည် ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၏ သဘောထားပါမှသာ အကောင်အထည်ပေါ်လာတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်မောင်ထွန်းလက်ထက်တွင် အစိုးရနှင့် လွှတ်တော်အပြန်အလှန်ထိန်းညှိခြင်းက မည်သို့ရှိလာမည်နည်း။

ဒုတိယအကြိမ်လွှတ်တော်များကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပြီး သုံးလပြည့်မြောက်သည့် နေ့လည်း ဖြစ်သည်။

ထိုနေ့တွင်ပင် ဦးတင်မောင်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် အရေးကြီးသည့် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုစဉ်က လွှတ်တော်ဥက္ကဋ္ဌ အသစ်စက်စက်ဖြစ်လာသူ ဦးတင်မောင်ထွန်း တစ်ယောက် အစိုးရနှင့် လွှတ်တော်အပြန်အလှန်ထိန်းညှိခြင်းအကြောင်း The Voice Journal သို့ ယခုလိုပြောကြားခဲ့ဖူးသည်။

“အစ်မ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ဟာတွေပေါ် မူတည်ပြီး အားလုံးအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်။ (ပွတ်တိုက်မှုတွေ၊ အပြန်အလှန် ထိန်းကျောင်းမှုတွေကတော့) ဖြည်းဖြည်းပေါ့။ ကြည့်တာပေါ့”။          ။

ရဲနိုင်ဦး၊ ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *