ဇာတ်ရှိန်တက် မြန်မာ့ငြိမ်းချမ်းရေး

photo by Myanmar State Counsellor Office

ခုနစ်နှစ်တာကာလအတွင်း ကပြလာခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ဇာတ်ထုပ်၏အရှိန်သည် ယခု ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြင့်ပိုင်းသို့ တက်လာနေသည်။

မကြာသေးခင်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင်ထိပ်သီးများတွေ့ဆုံမှုက ယင်းအချက်ကို ညွှန်းပြလျက်ရှိသလို တွေ့ဆုံပွဲ၏ရလဒ်သည်လည်း ယင်းအချက်ကိုပင် ထပ်ဆင့်ဖော်ပြနေပြန်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် အစိုးရ၊ တပ်မတော်နှင့် အခြား တိုင်းရင်းသားခေါင်းဆောင်များက လိုလားလျက်ရှိသည့် ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးတွင် မဖြစ်မနေလုပ်ဆောင်ရမည့် အခြေခံအချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက် ၍တင်းခံနေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဇာတ်ရှိန်တက်လာစေသည်။

တစ်နည်းအားဖြင့် ယင်းကို ကျော်လွှားနိုင်ရေးသည်ပင် ရှေ့ဆက်သွားမည့် လမ်းကြောင်း၏ အဓိကစိန်ခေါ်မှု ဖြစ်၍နေသည်။

‘ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ခြင်း’ဆိုတဲ့ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာလက်ခံဖို့၊ ခွဲထွက်ရေးကိစ္စ မပြောဖို့ ကနဦး သဘောတူပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်ဆောင်ရွက်ခဲ့တယ်ဆိုတာကို အမှတ်ရကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ‘ခွဲမထွက်ရ’ ဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်/မထည့်သင့် အငြင်းပွားနေစရာ မလိုပါဘူး။ NCA ရဲ့အခြေခံမူ၊ ၂၀၀၈ ခုနှစ်အခြေခံဥပဒေရဲ့အခြေခံမူတွေအရ ထည့်ကိုထည့်ရမယ့် သဘောတူညီချက်ဖြစ်ကြောင်း ပြောလိုပါတယ်။”

အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်စကားတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကနဦးက ပုပ္ပါးတွင် ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့သည့် နေပြည်တော်တွင် ပြောင်းလဲကျင်းပခဲ့သော အဆိုပါအစည်းအဝေးသည် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ခေါင်းဆောင်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်သည်။

တွေ့ဆုံမှုများဖြစ်ပေါ်လာရန် စတင်စီစဉ်ခဲ့စဉ်ကပင် သက်ဆိုင်ရာအဖွဲ့အစည်း များအနေနှင့် ဆုံးဖြတ်ချက်ပေးနိုင်သူများသာ အစည်းအဝေးသို့ တက်ရောက်ရန်၊ အစည်းအဝေးသို့ မတက်ရောက်သည့် အဖွဲ့အစည်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အလေးအနက်မထားကြောင်း ပေါ်လွင်စေလိမ့်မည်ဟု အစိုးရဘက်က ထုတ်ဖော်ပြောဆိုကာ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်စေရန် လှုံ့ဆော်ခဲ့သည်။

NCA စာချုပ်တွင် စတင်လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်လည်း ဖြစ်သည့် အဆိုပါနေ့ များတွင် ယခင်နှစ်များကဲ့သို့ လုပ်ရိုးလုပ်စဉ် သာမန်အခမ်းအနားမျိုး မဖြစ်စေဘဲ အနှစ်သာရရှိသည့် ရလဒ်များထွက်ပေါ်လာစေရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ) တို့တွင် သဘော တူညီချက်မရနိုင်သည့် ပြဿနာတို့ကို ယခုခေါင်းဆောင်များ၏ နိုင်ငံရေးသဘောတူညီချက်ဖြင့် အဖြေရှာရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးကြီးသည့် အခြေခံမူများ ချမှတ်နိုင်ရန်ဟူ၍ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုသည် ၂၀၂၀ မတိုင်မီတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သုံးကြိမ် (ယခုနှစ်အတွင်း တစ်ကြိမ်နှင့် ၂၀၁၉အတွင်း နှစ်ကြိမ်) ကျင်းပနိုင်ရေးလိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေး လုပ်ငန်းများ စီစဉ်ထားရန်၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ NCA  အခန်း (၅)၊ နိုင်ငံရေးလမ်းပြမြေပုံချ မှတ်ခြင်း အပိုဒ် ၂၀(ဂ) ပါ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရေး စသည့်အချက်များကို သဘောတူနိုင်ခဲ့သည်။

သို့သော်၊ ခွဲထွက်ရေး၊ ခွဲမထွက်ရေး ကိစ္စနှင့် နိုင်ငံတွင်တစ်ခုတည်းသော တပ်မတော်ကိုသာ ထားရှိရေးကိစ္စတို့တွင် သဘောတူညီမှုမရခဲ့ပေ။

ခွဲမထွက်ရန် သေချာခိုင်မာသည့် စကားလုံးတို့ကို သုံးစွဲရန် တပ်မတော်ဘက်က အစဉ်တစိုက်ရပ်ခံလျက်ရှိနေသလို တိုင်းရင်းသားလက်နက်ကိုင်များဘက်ကလည်း ယင်းစကားလုံးကို ရှောင်ရှားလိုကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံချက် ရရှိလိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ထည့်သွင်းဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

ယင်းအချက်နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါထိပ်သီးတွေ့ဆုံမှု၊ အဖွင့်အမှာစကားတွင် ယခုလိုထည့်သွင်း ပြောဆိုခဲ့သေးသည်။

“ကျွန်မတို့ကြားမှာ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်မရရှိသေးတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို မထိခိုက်စေအောင်လို့၊ အပြန်အလှန်ငြင်းခုန်ပြီး တင်းမာမှုတွေ မြင့်တက်မလာစေဖို့ ကျွန်မတို့ အားလုံးနားလည်မှုရှိရှိနဲ့ ခဏတာ ရှောင်လွှဲထားကြတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

တိုင်းပြည်၏ ပကတိအခြေအနေတို့ကို လက်ခံထားလျှင် ခွဲမထွက်ရေးကိစ္စသည် ပြဿနာမဟုတ်သလို ခွဲထွက်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ပေါ်ပေါက်စေသည့် အတိတ်၏ သမိုင်းအဖြစ်အပျက်တို့ကိုလည်း အသိအမှတ်ပြုထားရန် လိုအပ် သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒီနေရာမှာ ခွဲမထွက်ရေးက အရေး ကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန် အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့် ပတ်သက်၍လည်း လာမည့်တွေ့ဆုံမှုများတွင် ထပ်မံဆွေးနွေးရဦးမည်ဖြစ်သလို တိုင်းရင်းသားအဖွဲ့များအနေနှင့်လည်း NCA တွင် မပါဝင်သေးသည့် အခြားအဖွဲ့များနှင့် ဆွေးနွေးရန် ရှိနေသေးသည်။

Photo by Myanmar State Counsellor Office

အဆိုပါခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရန်ကိုမူ လာမည့်နိုဝင်ဘာလအတွင်း ဖြစ်မြောက်ရန် ရည်ရွယ်ထားသည်။

နှစ်ရက်ကြာပြုလုပ်နိုင်ခဲ့သည့် ထိပ်သီးများတွေ့ဆုံမှုတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကြားက တင်းမာမှုအချို့ကို ထပ်မံတွေ့မြင်ခဲ့ရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနှင့် သူ၏အဖွင့်အမှာစကားတွင်  NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကို ထိုးနှက်ပြောဆိုခဲ့သလို အစည်းအဝေးသို့ ၎င်းအနေနှင့် အစည်း အဝေးကို အချိန်ပြည့်တက်ရောက်ခြင်း မရှိခဲ့မှုအပေါ်တွင်လည်း အမြင်မကြည်ခဲ့ကြ။

RCSS/SSA အနေနှင့် NCA စာချုပ်ကိုတွင် သဘောတူထားသည်တို့ကို ကျော်လွန်၍ နယ်မြေတိုးချဲ့တည်ဆောက်မှုများရှိနေသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကာ NCA ကို တလွဲအသုံးမချရန်၊ မဟုတ်ပါက လက်ပိုက်ကြည့်နေမည်မဟုတ်ဟု သတိပေးခဲ့သည်။

အလားတူပင် RCSS/SSA ၏ ခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်ဆစ်သည် ပထမအနေ့အစည်းအဝေး တက်ရောက်တော့ခြင်း မပြုခဲ့သလို အစည်းအဝေးအပြီးတွင်လည်း သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြန်လည်ခွန်းတုံ့ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လာမည့် ၂၀၂၀ တွင် ပြီးပြတ်အောင်ဆောင်ရွက်မည်ဟု အခမ်းအနားအဖွင့်တွင်ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ ငြင်းဆိုလိုက်ပြီး ယခုအတိုင်းသာဆိုလျှင် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။

နှစ်ဖက်ဆွေးနွေးမှုများတွင် အလျှော့အတင်း၊ အပေးအယူမရှိမှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အထက်စီးက ဆက်ဆံနေခြင်းတို့ကို ဗိုလ်ချုပ်ကြီးယွက်ဆစ်က ထောက်ပြ၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သူက ပြဿနာတွေ ဖြေရှင်းဖို့လာတာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှ ပြဿနာတွေဖန်တီးပြီး ပြဿနာတွေ ပိုဖန်တီးဖို့လာတာဖြစ်တယ်”ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ထိုင်းနိုင်ငံအခြေဆိုက် Bangkok Post  သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောဆို ခဲ့သည်။

ယင်းအပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရိုးသားမှုမရှိသူဟူ၍လည်း ၎င်းက စွပ်စွဲလိုက်သေးသည်။ ၎င်းသည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  အစည်းများ ကိုယ်စားပြုအဖွဲ့ PPST ၏ဒုတိယခေါင်းဆောင်လည်း ဖြစ်သည်။

ခွဲထွက်ခွင့် သို့မဟုတ် ခွဲမထွက်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကကျသည့် အစိတ်အပိုင်းသို့ ရောက်ရှိလာပြီး ယင်းကို သုံးပွင့်ဆိုင်ခေါင်းဆောင်များက အထူးတလည် ပြောဆိုလာလျက်ရှိသည်။

အဆိုပါကိစ္စသည်ပင်၂၀၂၀ ပြည့်နှစ်မတိုင်မီ ကျင်းပရန်လျာထားသည့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့၏ အဓိကဇာတ်ကောင် ဖြစ်လာဖွယ် ရှိနေသည်။

တပ်မတော်အပါအဝင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ညှိမရ၊ နှိုင်းမရ၊ ပြေလည်မှုမရဘဲ တစ်ဆို့လျက်ရှိသည့် အဆိုပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ခွင့်ဆိုသည့် ပြဿနာအပေါ် အမြင်များက ကွဲပြားလျက် ရှိနေသည်။

ယင်းပြဿနာကို အားလုံးက လက်တွေ့ကျကျရင်ဆိုင်ဖြေရှင်းနိုင်ရေးသည် အရေးကြီးကြောင်း PPST ၏ ခေါင်းဆောင်ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။

အဆိုပါအချက်က ၎င်းတို့အားလုံး မျှော်လင့်လျက်ရှိသည့် ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ၎င်းက ဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့် အခြေခံမူများကို ရှာဖွေရာတွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး၊ အာဏာခွဲဝေရေးစသည့်အချက်များနှင့် ပတ်သက်သည့် အခြေခံမူများကို ဖော်ထုတ်ရန်သာ လိုအပ်ပြီး ခွဲထွက်ရေး၊ ခွဲမထွက်ရေးဆိုသည့်ကိစ္စကို ဆက်စပ်ထားရန်မလိုဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။

ဆိုလိုသည်က ခွဲထွက်ရေး၊ ခွဲမထွက်ရေးကို ငြင်းခုံနေခြင်းထက် တိုင်းရင်းသားများ တောင်းဆိုလျက်ရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို နားလည်သဘောပေါက်ရန် သာဖြစ်သည်။

“ကျွန်တော်တို့ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ပြည်ထောင်စုတစ်ခု အတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုး ဖြစ်တယ်။ ဒါကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံးရမှာဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး တစ်ဆက်တည်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းတဲ့ ယန္တရားလည်း ပါရှိနေမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။

တပ်မတော်အနေနှင့်မူ လက်ရှိ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင်သာ ရပ်ခံနေဆဲဖြစ်သော်လည်း လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းကို လုပ်နိုင်သည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့သည်။

“ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကို မူအားဖြင့် သဘောတူပါတယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့မဆိုင်ဘဲ မိမိတိုရဲ့နိုင်ငံရေးလိုဘကို ဖြည့်ဆည်းဖို့  NCA လမ်းကြောင်း ကို တလွဲအသုံးချပြီး အခြေခံဥပဒေနဲ့ အခြားဥပဒေများကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ခက်ခဲမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ်ဖွဲ့စည်းပုံကိစ္စတို့နှင့် ပတ်သက်၍တိုက်ရိုက်ပြောဆိုခြင်းမရှိ သော်လည်းပြည်နယ်နှင့်တိုင်းဒေသကြီး တို့၏ဝန်ကြီးချုပ်များကိုသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒမဲ ဖြင့်ရွေးကောက်တင်မြှောက်ရန်တောင်း ဆိုနေမှုများကိုလည်းထည့်သွင်းစဉ်းစား ရမည်ဟု၎င်းကဆိုသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရမူ အဆိုပါဝန်ကြီးချုပ်များကို ပြည်ထောင်စုကပင် ရွေးချယ်ခန့်အပ်သည်။

တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့် ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ သဘောထားကို ယခုလိုထုတ်ဖော်ပြောဆိုသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဥပဒေနှင့်အညီ ခွင့်ပြုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရရှိရင် လက်နက်ကိုင်လမ်းစဉ်ကို သံယောဇဉ် ဖြတ်တောက်ရမှာဖြစ်ပါတယ်။ ကာကွယ်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ရင် တပ်မတော်အတွင်း ဝင်ရောက်ရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း သတ်မှတ်စစ်မှုထမ်းစည်းမျဉ်းနဲ့ အရည်အချင်းအလိုက် ရာထူး၊ နေရာတွေ ပေးသွားမှာ ဖြစ်ပါတယ်”

နှစ်ခုနစ်ဆယ်ကျော်ကြာ ပြည်တွင်းစစ် အဆုံးသတ်နိုင်ပြီး ငြိမ်းချမ်းရေးရရှိရန်သည် လက်ရှိအစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ်နှင့် ရှိနေခဲ့သည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၀ ဝန်းကျင် အနက် ၁၀ဖွဲ့က NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး အင်အားနှင့် ဩဇာကြီး မားသည့် ‘၀’နှင့် ကချင်တို့အပါအဝင် တရုတ်နိုင်ငံ နယ်စပ်ဒေအခြေစိုက်သည့် အဖွဲ့များ လက်မှတ်ရေးထိုးရန် မျှော်လင့်လျက်ရှိသလို လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့တွင် ပါဝင်လာနိုင်ရန် စောင့်ဆိုင်းလျက်ရှိသည်။

လက်ရှိအနေအထားတွင်မူ တပ်မတော်နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သလို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ အချင်းချင်းအကြားလည်း နယ်မြေစိုးမိုးရေး ပဋိပက္ခနှင့်ပတ်သက်၍ တိုက်ပွဲများဖြစ်ပွားလျက် ရှိနေသည်။

ရှမ်းပြည်နယ်တွင် တအန်းအမျိုး သားတပ် (TNLA) နှင့် တပ်မတော်တို့တိုက်ပွဲများ အပါအဝင် RCSS /SSA နှင့် ပအို့ဝ်အမျိုးသားတပ် (PNLO)တို့ အကြား တိုက်ပွဲများနှင့် ကယားပြည်နယ်တွင် ကရင်နီတပ် (KNPP) နှင့်တပ်မတော်တို့အကြား တိုက်ပွဲများရှိနေသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တစ်နည်းအားဖြင့် ဖက်ဒရယ်နှင့် လက်နက်ကိုင် ပဋိပက္ခလဲလှယ်ရေး သို့မဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးဖြစ်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာသင်တန်းကျောင်း (MIPS)  ၏ ဒါရိုက်တာလည်း ဖြစ်၊ ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်လည်း ဖြစ်သည့် ဒေါက်တာမင်းဇော်ဦးက The Voice Journal သို့ ပြောဆိုသည်။

“တပ်မတော်ဘက်က စဉ်းစားတဲ့ ပုံစံကျတော့လည်း ကဲ၊ ဟုတ်ပြီ၊ ဖက်ဒရယ် ဆိုလို့ရှိရင် ကျွန်တော်တို့ သဘောတူပေးလို့ရှိရင် ခင်ဗျားတို့ဘက်ကရော ဒီလက်နက်တွေကို ဘယ်လိုလုပ်မှာလဲ၊ ခင်ဗျားတို့ တပ်တွေကို ဘယ်လိုလုပ်မှာလဲဆိုတဲ့ ပုံစံမျိုးနဲ့ မြင်တယ်ဆိုတာမျိုးကို ကျွန်တော်တို့က သုံးသပ်တယ်။ သုံးသပ်တယ်ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း သူတို့ရဲ့တပ်တွေကို ဘယ်လိုလုပ်မှာလဲ။ ဆက်ထားမှာလား၊ တပ်တွေ ဖျက်မှာလား၊ ဒါမှမဟုတ် တစ်ခုတည်းသော တပ်မတော်ထဲ ထည့်မှာလား စတဲ့ အခင်းအကျင်းတစ်ခုကို သဘောတူညီမှုမရနိုင်ဘဲနဲ့ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားတွေ တောင်းဆိုတဲ့ လုံးဝဖက်ဒရယ်ဆိုတဲ့ ပုံစံမျိုးကို သူကလည်း ဆက်ကိုင်ရင် ကိုင်ထားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အစိုးရအနေနှင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သုံးကြိမ်ကျင်းပရန် စီစဉ်ထားပြီး အဆိုပါညီလာခံများသည် အထက်ပါခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းချက်များ အပါအဝင် ပဓာနကျသည့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များရရှိရေးကို ဦးတည်မည် ဖြစ်သည်။

ဖက်ဒရယ်စနစ်ပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အကျေအလည်ဆွေးနွေးရလိမ့်မည် ဖြစ်သည်။

“အဓိကကတော့ လာမယ့်နှစ်ထဲမှာ နင်လား၊ ငါလား ညှိရမယ့်ကိစ္စတွေ ဖြစ်လာလိမ့်မယ်ပေါ့။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အပိုင်းတွေကို တကယ်ညှိနှိုင်းတဲ့ဟာက ၂၀၁၉ ထဲမှာ ဖြစ်လာလိမ့်မယ်”ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *