ရွှေစံအိမ် မှတ်တမ်း

ပုပ္ပါး၊ ရန်ကုန်၊ နေပြည်တော်

ပုဂ္ဂလိကမီဒီယာတော်တော်တော်များများက ‘ထိပ်သီးဆွေးနွေးပွဲ’ဟု သုံးသည်။ EAO များကမူ ‘10 + 10’ ဟု ဆိုသည်။ (NCA လက်မှတ်ရေးထိုးထားသည့် ဆယ်ဖွဲ့မှ ခေါင်းဆောင်ဆယ်ဦးနှင့် အစိုးရ၊ တပ်မှ ခေါင်းဆောင်ဆယ်ဦးပါဝင်၍ ‘10 + 10’) အစိုးရသတင်းစာကြီး နှစ်စောင်ကမူ ‘နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသီးသန့်အစည်းအဝေး’ ဟု အရှည်ကြီးပြောသည်။ အသုံးအနှုန်း အပြောအဆိုတွေ မည်သို့ပင် ကွဲပြားနေစေကာမူ စာရေးသူ မကြာခဏဆိုသလို ညွှန်းလေ့ရှိသော ‘အနည်းဆုံးညှိဝါဒ’ (Minilateralism) သဘောဟု နားလည်ရပါသည်။ ၂၁ ရာစု ပင်လုံတွင် တစ်ဆို့နေသော ပြဿနာများ ကို ဤနည်းဖြင့် ဖယ်ရှားလိမ့်မည် မှန်းဆမိ၍ စိတ်ထဲက ကျေနပ်မိသည်။

အစည်းအဝေးမစမီ ဧရာဝတီမှ တင်ဆက်သော EAO ခေါင်းဆောင်အချို့နှင့် အင်တာဗျူးကို နားထောင်ရသည်။ ‘NCA ကို ယုံကြည်ပါသေးရဲ့လား’ ဆိုသော မီဒီယာအမေးကို ‘ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့’ နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘အပြည့်အဝယုံကြည် သည်’ဟု ပြန်ဖြေလိုက်သည်။ ချင်းအမျိုးသားတပ်ဦး နာယက ဆလိုင်းလျန်မှုန်းဆားခေါင်ကလည်း ‘NCA မှလွဲ၍ တခြားလမ်းကြောင်း မရှိ’ ဟု ဖြေလိုက်သည်။ နောက်ထပ်ခေါင်းဆောင်နှစ်ဦး (ပအို့အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းနှင့် ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်မျိုးဝင်း)နှင့် အင်တာဗျူးကိုလည်း နားထောင်ရသည်။ ခေါင်းဆောင်များ၏ပြောစကားအရ ယခုလို ထိပ်သီးဆွေးနွေးပွဲဖြစ်အောင် အတော်ကြိုးပမ်းခဲ့ရဟန် တူသည်။

ထိပ်သီးဆွေးနွေးပွဲကို မူလက ပုပ္ပါးဟု ကြားထားသည်။ နောက် ရန်ကုန်ဟု ကြားရပြန်သည်။ နောက်ဆုံးတော့ ထုံးစံအတိုင်း နေပြည်တော် ဖြစ်သွားသည်။ နေရာကအစ အတော်ညှိရဟန်တူသည်။ အပြောင်အပျက် ပြောကြဟန်တူပါသည်။ ‘ပုပ္ပါးမယ်တော်နဲ့ ကိုးမြို့ရှင် မတည့်လို့ ပုပ္ပါးမှာ မလုပ်ဖြစ်တာ’ ဟု ခပ်သဲ့သဲ့ကြားလိုက်ရသည်။

ပထမနေ့

ပထမနေ့ (အောက်တိုဘာ ၁၅) မနက်ပိုင်းကို ခေါင်းဆောင်သုံးဦး၏ မိန့်ခွန်းနှင့် စဖွင့်ပါသည်။ အစိုးရသတင်းစာတွင် အပြည့်အစုံပါပြီး ဖြစ်၍ မဖော်ပြတော့ပါ။ ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းထဲမှ အချို့ကိုမူ ကောက်နုတ်ဖော်ပြလိုသည်။ တပ်မတော်၏ ‘ရပ်တည်ချက်’ ဟု  ယူဆရသောကြောင့် ဖြစ်ပါသည်။

၁။ ခွဲမထွက်ရကိစ္စ

– ‘ခွဲမထွက်ရ’ ဆိုတဲ့စကားရပ်ဟာ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ စကားရပ်တစ်ခု၊ အာမခံချက်တစ်ခု ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

– ‘ခွဲမထွက်ရ’ ဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောနေသလို တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပေါ် မယုံကြည်လို့မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ပြောကြားလိုပါတယ် …။

၂။ အတူယှဉ်တွဲနေထိုင်ရေးလား၊ အတူပေါင်းစည်းနေထိုင်ရေးလား

– ကျွန်တော်တို့နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် ကိုယ့်မင်းကိုယ့်ချင်းဘ၀ကတည်းက တိုင်းရင်းသားအားလုံး အတူပေါင်းစည်းနေထိုင်တဲ့ ပြည်ထောင်စုစနစ် (Holding together Federalism) ကို ကျင့်သုံးခဲ့တဲ့ မိသားစုနိုင်ငံတစ်ခု ဖြစ်ပါတယ်။

၃။ ပင်လုံစာချုပ်

– ပင်လုံးစာချုပ်ဟာ နှစ်ပေါင်းများစွာ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း (Holding – together) ရှိခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်း သားညီအစ်ကိုမောင်နှမတွေအတွက် စည်းလုံးမှု ပိုမိုကျစ်လျစ်ခိုင်မာ စေရေး အသိအမှတ်ပြုတဲ့ မိမိသဘောဆန္ဒအလျောက် ထပ်မံပေါင်းစည်းနေထိုင်ခြင်း (Agreement Holding – together) စာချုပ်တစ်ခုလို့ မြင်ပါတယ်။

– ဒီနေ့ အပြောအများဆုံး ရည်ညွှန်းအခံရဆုံး စာပိုဒ်ကတော့ စာပိုဒ် ၅ ရဲ့ နောက်ဆုံးစာကြောင်းပါပဲ။ အဲဒီစာကြောင်းမှာ ‘Full autonomy in internal administration for the frontier areas is accepted in principle’  ‘နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းပြည့်ရှိစေရမည်ဟူသော မူကို သဘောတူညီကြသည်’ လို့ ပညာရှင်အချို့က ဘာသာ ပြန်ထားပါတယ်။

– Internal Administration ‘နယ်တွင်းအုပ်ချုပ်ရေး’ ဆိုတဲ့ စကားကို သတိပြုမိကြမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ‘ကိုယ်ပိုင်အုပ်ချုပ်ရေး’ ဖြစ်ပါတယ်။ NCA မှာ ကျွန်တော်တို့ သဘောတူထားတာ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဖြစ်ပါတယ်။

၎။ ၂၀၀၈ အခြေခံဥပဒေ

– အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်နိုင်ပေမယ့် အသစ်ပြန်လည်ရေးဆွဲခြင်းကိုတော့ ခွင့်ပြုမထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။

၅။ ပုဒ်မ ၂၆၁

– အချို့တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအရ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေမှာ မဲအများဆုံးရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ မဲနဲ့ပဲ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးကောက်တင်မြှောက်နိုင်ခွင့်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ (ပုဒ်မ ၂၆၁ – ကို ဆိုလိုဟန်ရှိ)

၆။ တစ်ခုတည်းသော တပ်မတော်

မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံပဲဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခု(Single Army) သာ ထားရှိပါတယ်။

ဒုတိယနေ့

ပထမနေ့ ညနေပိုင်းနှင့် ဒုတိယနေ့ (အောက်တိုဘာ ၁၆) တို့တွင်  ဆက်လက်ဆွေးနွေးကြသည်ဟု သိရပါသည်။ သို့နှင့်တိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းထဲမှ ဆိုခဲ့ပါ ခေါင်းစဉ်ခြောက်ရပ်ကိုမူ ဆွေးနွေးကြသလား အတိအကျ မသိရပါ။ စာရေးသူ၏ အမြင်အရဆိုရ လျှင် ဤခေါင်းစဉ် ခြောက်ခုသည်ပင် တပ်မတော်၏ ရပ်တည်ချက်ဖြစ်လိမ့်မည် ထင်ပါသည်။ အရပ်စကားနှင့် ပြောရလျှင် တပ်မတော်ဘက်မှ ‘ခေါ်ဈေး’ ပင် ဖြစ်သည်။ ကျန်အင်အားစုများ (အစိုးရ၊ နဗဥ) အနေနှင့် မိမိတို့ သီးခြားရပ်တည်ချက်များဖြင့် ညှိနှိုင်းဆွေးနွေးကြဖို့ လိုလိမ့်မည် ထင်ပါသည်။

၂၁ ရာစု ပင်လုံညီလာခံကျင်းပရာတွင် အစိုးရအစုအဖွဲ့ဆိုရာ၌ ‘အစိုးရလွှတ်တော်နှင့် တပ်မတော်’ ကို ဆိုလိုရင်း ဖြစ်သည်။ သို့အတွက် ညီလာခံတွင် တစ်သံတည်းထွက်စေရန် ညီလာခံမတိုင်မီကပင် ကြိုတင်ညှိထားဖို့လိုလိမ့်မည် ထင်သည်။ အနိမ့်ဆုံး တပ်မတော်၏ ဆိုခဲ့ပါခေါင်းစဉ်ခြောက်ခုကို ညှိနှိုင်းထားဖို့ လိုပါလိမ့်မည်။ သို့တစေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) နှင့်ပတ်သက်လျှင်မူ စာရေးသူက တစ်မျိုးစဉ်းစားသည်။ အချို့က EAO များလည်း တစ်သံတည်း ထွက်စေရန် ကြိုညှိထားစေချင်ကြသည်။ စာရေးသူကတော့ အရာရာ တစ်သံတည်းထွက်ဖို့ဆိုသည်ကို သိပ်မလွယ်ဟု ထင်သည်။ EAO အားလုံးမှာ ဖက်ဒရယ်လိုအပ်ချက်အသီးသီးကြောင့် တော်လှန်ရေး လုပ်ကြသည်ဆိုသော်ငြား အကြောင်းရင်းခံချင်း တစ်ထပ်တည်းကျကြသည်တော့ မဟုတ်ပါ။ ကရင်နှင့် မွန်မှာ နိုင်ငံရေးပြဿနာနှင့် ဆိုင်သလို ရှမ်းမှာ စော်ဘွားများ အာဏာစွန့်ရသည်နှင့် ဆက်စပ်နေပါသည်။ ကချင်မှာ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ပြဋ္ဌာန်းလိုက်သည်နှင့် ဆိုင်သည်။ ထို့ထက် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ကြသည့် အချိန်ကာလချင်းလည်း မတူကြပါ။ ကရင်နှင့် မွန်က လွတ်လပ်ရေးရကာစ ရှမ်းက အိမ်စောင့်အစိုးရလက်ထက်၊ ကချင်က ပထစခေတ် ဖြစ်သည်။

‘တစ်ခုတည်းသော တပ်မတော်’ နှင့်ပတ်သက်လျှင်လည်း စာရေးသူတွင် ပြောစရာအချို့ ရှိသလောက်ရှိသည်။ လစ်ဘရယ်ဒီမိုကရေစီကို ကျင့်သုံးသည့်နိုင်ငံတိုင်းတွင် ‘တစ်ခုတည်းသော တပ်မတော်’ ဆိုသည်ကို မူအရ လက်ခံထားကြသည်။ ဤသို့ဖြစ်သည်မှာလည်း ‘၁၉ ရာစုပညာရှင် ‘မက်ဝီဘာ’ ၏ ‘နိုင်ငံတော်’ (State) နှင့် ပတ်သက်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ကြောင့် ဖြစ်သည်။  ‘ဝီဘာ’ က ‘နိုင်ငံတော်’ ကို ယခုလို အဓိပ္ပာယ်ဖွင့်ခဲ့သည်။ ‘နိုင်ငံတော်ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အင်အားကို ထိထိရောက်ရောက်အောင်အောင်မြင်မြင် တရားနည်းလမ်းကျစွာဖြင့် တစ်ဦးတည်းသော အသုံးပြုခွင့်ရသော လူမှုအုပ်စုတစ်ခု ဖြစ်သည်။’ (The State is a human community that successfully claims the monopoly of the legitimate use of physical force)  ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံ၍ ‘တစ်ခုတည်းသော တပ်မတော်’ အယူအဆကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

လေ့လာစောင့်ကြည့်သူတော်တော်များများက တစ်ခုတည်းသော တပ်မတော်ဆိုသည်ကို EAO များ အပါအဝင် အင်အားစုအားလုံးက မူအရ လက်ခံပြီးပြီဟု ဆိုကြသည်။ စာရေးသူကတော့ ဤမျှ မလွယ်ဟု ထင်သည်။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံက အကွဲအပြဲကို ယခုထက်တိုင် မညှိနှိုင်းနိုင်သေးဟု နားလည်ထားသည်။ တပ်မတော်က ‘တစ်ခုတည်းသော တပ်မတော်’ကို လက်ခံထားသည်။ (မည်သည့် နာမဝိသေသနမှ မပါ)။ အစိုးရက ‘ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော တစ်ခုတည်းသော တပ်မတော်’ ဟု ဆိုသည်။ (နာမဝိသေသနတစ်ခု ပါသည်။) EAO အစုကမူ ‘တန်းတူ ညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် တစ်ခုတည်းသော တပ်မတော်’ ဟု ရပ်ခံသည်။ (နာမဝိသေသန နှစ်ခုပါသည်။)

ယခု ထိပ်သီးဆွေးနွေးပွဲမှ သိလာရသည့် နောက်ထပ်ထူးခြားမှု မှာ Package Deal ကိစ္စပင် ဖြစ်သည်။ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးက ‘နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော ပြဋ္ဌာန်းချက်ကို ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ငါးချက်နှင့် ချိတ်ဆက်ထားသည်။ (Package Deal) ယခု  အဆိုပါ Package ပြုတ်သွားပြီဟု ဆိုသည်။ တစ်ဖက်မှ ‘ခွဲမထွက်ရ ပြဋ္ဌာန်းချက်’ ကို လက်ခံလျှင်ပင် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ငါးချက်ကို ဒီအတိုင်းမပေး။ ညှိနှိုင်းရဦးမည်ဟု ကြားရသည်။ ‘ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား …’ ညည်းရတော့မလိုရှိသည်။

ထုတ်ပြန်ကြေညာချက်

ဒုတိယနေ့အဆုံးတွင် ‘လူပြောများလှသော’သဘောတူထုတ်ပြန် ကြေညာချက် ထွက်ပေါ်လာသည်။ လူပြောများသည်မှာ အခြားကြောင့် မဟုတ်။ ဘာဆိုလိုချင်မှန်း၊ ဘာပြောချင်မှန်း နားမလည်သောကြောင့် ဖြစ်သည်။ စာရေးသူ ဖတ်ကြည့်တော့လည်း နားလည်သလိုလို၊ မလည် သလိုလို …။ မိတ်ဆွေတစ်ဦးကတော့ ပြောပါသည်။ “အခြေအနေအရ  ဒီအတိုင်းပဲ ထုတ်ရမှာ” …။

ဤတွင် စာရေးသူအနေနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တတိယအကြိမ် ကွန်ဂရက်မှထုတ်ပြန်သော ကြေညာချက်ထဲမှ စာတစ်ပိုဒ်ကို ‘ဖျတ်’ ကနဲ အမှတ်ရလိုက်သည်။ ‘တော်လှန်ရေး တက်/မတက်ဆိုသော ကိစ္စကို ပါတီဗဟိုက ယခုလိုအဖြေပေးထားသည် …။ “၁၉၄၈ ဒီရေ မြင့်သစ်နှင့် နောင်လာမည့် ဒီရေမြင့်သစ်ကြားမှ ကာလတစ်ခု’ … ဆိုလားပင် …။

အော် … နိုင်ငံရေးဆိုသည်မှာ တစ်ခါတစ်ရံ လိုအပ်ချက်အရ

‘ဝေ့လည်ကြောင်ပတ်’ လုပ်ရတဲ့ အမျိုးပါလား …။       

ဝင်းနောင်

၂၃ အောက်တိုဘာ၊ ၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *