ဒုတိယံမိ ကြားဖြတ်စာမေးပွဲ

ဓာတ်ပုံ - မိုးကျော်လွင်

လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀ ကျော် ကြားဖြတ်စာမေးပွဲရန် တစ်ပတ်သာလိုတော့သည်။

ကိုယ်စားလှယ်လောင်း ၆၀ ကျော် အနက် ၁၃ဦးသာ ယင်းစာမေးပွဲတွင် အောင်မြင်ခွင့်ရမည် ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး မဲရုံတစ်ထောင်ကျော်တွင် လာမည့် နိုဝင်ဘာလ ၃ ရက်နေ့၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။ နိုင်ငံရေး ပါတီ ၂၃ခုနှင့် တစ်သီးပုဂ္ဂလ ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိသည်။

မဲဆန္ဒနယ် ၁၃ ခုတွင် မဲပေးရမည့် မဲဆန္ဒရှင် ကိုးသိန်းကျော်ရှိနေသည်။ မဲဆန္ဒနယ်အချို့မှာ လွှတ်တော်ကိုယ် စားလှယ်နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြရမည့် အခြေအနေရှိသည်။

သမ္မတနယ်

ပါတီကြီးနှစ်ခု ပွတ်တိုက်မှုရှိသည့် တာမွေမဲဆန္ဒနယ်မှာ အကြိတ်အနယ် ဖြစ်လာနိုင်သည်။

တာမွေမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသဖြင့် လစ်လပ်သွားသည့် မဲဆန္ဒနယ် ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်၏ အောင်မြေ တာမွေမြို့နယ် မဲဆန္ဒနယ်တွင် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိသည်။

“တာမွေကတော့ ကြိတ်အနယ်ပဲ။ နယ်မြေအခြေအနေအရ သူက ရန်ကုန်ရဲ့ မြို့လယ်ခေါင်ဖြစ်တယ်” ဟု ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

လက်ရှိကြုံတွေနေရသည့် စီးပွားရေးကျဆင်းမှုအပါအဝင် အထွေထွေအကျပ်အတည်းများကြောင့် ယှဉ်ပြိုင်မှု ပြင်းထန်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသ သုံးနေရာကို ရှောင်ကာ ၁၀ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် မဲဆန္ဒနယ် ၁၃ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

တာမွေသည် NLD ၏ အောင်မြေဟု ကြွေးကြော်သူက ပါတီ၏ ပြောရေးဆိုခွင့်ရသူ ဒေါက်တာမျိုးညွန့် ဖြစ်သည်။ တာမွေမြို့နယ်သည် နိုင်ငံတော်သမ္မတပေါ်ထွက်ခဲ့သော နေရာဖြစ်သောကြောင့် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်နိုင်မှုစွမ်းအားကို ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်နေရာများသည် ပါတီတွင်း သုံးသပ်ချက်များ ဖြစ်သောကြောင့် ထုတ်ပြောဆိုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

NLD သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အောင်နိုင်ခဲ့သည်။

တာမွေမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်ကမူ NLD သောင်ပြိုကမ်းပြိုကို အောင်နိုင်မှုကို မြင်ရတော့မည်မဟုတ်ကြောင်း ပြောဆိုသည်။

“အရင်တုန်းကတော့ သောင်ပြိုကမ်းပြိုဆိုတဲ့ အနေအထားမျိုးပေါ့ဗျာ။ အခုကတော့ သောင်ပြိုကမ်းပြိုဆိုတာကို အိပ်မက်ထဲ ထည့်မက်မှပဲ ရတော့မယ်”ဟု ၎င်းက ပြောကြားသည်။

သို့သော် အဘယ်ကြောင့် NLD သောင်ပြိုကမ်းပြို အနိုင်ရရန် မရှိနိုင်တော့သည်ကို ဦးမျိုးဝင်းကျော်က ပြောကြားခဲ့ခြင်း မရှိပေ။

တာမွေမြို့နယ် မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီရှစ်ခုက ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အောင်မြေဖြစ်မည်လော၊ အိပ်မက်ဖြစ်မည်လော နိုဝင်ဘာလ ၃ ရက်နေ့တွင် အဖြေထွက်မည်ဖြစ်သည်။

ဓာတ်ပုံ – မိုးကျော်လွင်

ရှမ်းတို့နယ်

ရှမ်းပြည်နယ် လဲချားမြို့နယ်တွင်လည်း စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်သည်။

အင်အားကြီးပါတီဖြစ်သော NLD၊ ကျားခေါင်းဟု လူသိများသည့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၊ ကျားဖြူဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သဖြင့် ယှဉ်ပြိုင်ရသည့် မဲဆန္ဒနယ် ဖြစ်သည်။

ယင်းမဆန္ဒနယ်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် SNLD က အပြတ်အသတ် အနိုင်ရထားသည့် နယ်မြေ ဖြစ်သည်။ ထို့ကြောင့် SNLD ၏ အိမ်ကွင်းဆိုလည်း မမှားပေ။ ယင်းရွေးကောက် ပွဲတွင် ကြံ့ခိုင်ရေးက ဒုတိယမဲအများဆုံးရပြီး ကျားဖြူပါတီက မဲကိုးရာကျော်ဖြင့် တတိယ၊ NLD က မဲခုနစ်ရာကျော်ဖြင့် စတုတ္ထရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် ကြံ့ခိုင်ရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။

အင်အားကြီး NLD ပါတီသည် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျေးသီးနှင့် မိုင်းရှူးတို့တွင် ရှစ်နေရာ ယှဉ်ပြိုင်ကြရာ တိုးမပေါက်ခဲ့ပေ။

NLD ပါတီသည် တိုင်းရင်းသားဒေသများတွင် ဘာသာစကား အခက်အခဲ၊ လူမျိုးစွဲပြဿနာများ ရှိသည့်အတွက်ကြောင့် ပိုမိုအာရုံစိုက်ရမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

“တိုင်းရင်းသားနယ်မြေတွေ ကျွန်တော်တို့က ပိုအာရုံစိုက်တယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်ကလည်း ရှမ်းနှင့် ရခိုင်တို့တွင် ဘာသာစကားမပေါက်ခြင်းနှင့် အခြားသော ဖိအားများရှိနေသဖြင့် NLD အတွက် အားနည်းချက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကလည်း ရှမ်းပြည် နယ်တွင် NLD အနိုင်ရမည် မဟုတ်ကြောင်း ယူဆနေသည်။

“လဲချားမှာ အမျိုးသား ဒီမိုကရေစီချုပ်ပါတီ မနိုင်နိုင်ဘူးဗျာ။ ကျွန်တော် ပြောရဲတယ်” ဟု ကျားဖြူပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ကျားဖြူပါတီသာ အောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှို့ဝှက်ချက်ဖြင့်ပြုလုပ်သော ပြည်သူများကို လိုက်လံမေးမြန်သည့် မဲပေးစနစ်တွင် ကျားဖြူပါတီသာ ၉၀ ရာခိုင်နှုန်း ရရှိထားသည့်အတွက် မိမိတို့ပါတီသာနိုင်မည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ဦးဆိုင်းအိုက်ထွန်းက ရှင်းပြသည်။

ရခိုင်တို့နယ်

ရခိုင်ပြည်နယ်ရသေ့တောင်မဲဆန္ဒနယ်မှာလည်း အကြိတ်အနယ်ရှိလာမည် ဖြစ်သည်။

ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်း ကွယ်လွန်သဖြင့် ရသေ့တောင် မဲဆန္ဒနယ် (၂) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အပြတ်အသတ်နိုင်ထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ၊ NLD ပါတီ၊ တစ်ကျော့ပြန်တည်ထောင်ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ သား ဦးတင်မောင်ဝင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဒေါက်တာအေးမောင် ဦးဆောင်မည့် ပါတီမှာ တည်ထောင်နေဆဲဖြစ်သဖြင့် ဦးတင်မောင်ဝင်း တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းသည် ANP ပါတီ၏ အမာခံနယ်ဖြစ်နေပြီး ၂၀၁၅ ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရထားသည်။ ယင်းနှင့်ဆန့်ကျင်ဘက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ NLD ပါတီ တိုးမပေါက်သည့် နယ် ဖြစ်သည်။

ထို့ကြောင့် ANP နှင့် တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပါတီ နှစ်ခု မပေါင်းစည်းခင် ဦးဆောင်ခဲ့သည့် ALD တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် နယ်ဟု ဆိုနိုင်ပါသည်။

ကြံခိုင်ရေးပါတီက ယင်းမဲဆန္ဒနယ်ကို လက်ရှောင်ထားသည်။

ဇာတိမြေဖြစ်သည့် ရသေ့တောင်တွင် သားဖြစ်သူ ရွေးကောက်ပွဲမနိုင်လျှင် နိုင်ငံရေးလောကကို စွန့်ခွာမည်ဟု ဒေါက်တာအေးမောင်က အလဲအထပ်စကားကြောင့် ယင်းမဲဆန္ဒနယ်မှာ စိတ်ဝင်စားမှု မြင့်တက်နေသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်ပါတီများသာ မဲရရှိနိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မလွယ်ကူကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် သုံးသပ်သည်။  

“ရခိုင်ပါတီတွေတော့ အခြေအနေကောင်းတယ်။ ဒီဘက်က လူတွေက အမျိုးသားရေး အားကောင်းတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ မှန်းလို့ရမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားသည်။

၎င်းတို့အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးမျိုးကျော်က ထပ်မံပြောကြားသည်။

NLDပါတီဗဟိုက တာဝန်ရှိသူများကိုယ်တိုင် လာရောက်ခြင်း၊ ALD တွင်လည်း ဗဟိုဌာနချုပ်က ပုဂ္ဂိုလ်များ ကိုယ်တိုင် မဲဆွယ်စည်းရုံးရေးဆင်းကြောင်း၊ ANP ကလည်း ဗဟိုက ကြီးကြပ်ကာ မြို့နယ်များကလည်း ဝင်ရောက်မဲဆွယ်ကြကြောင်း ANP ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ရသေ့တောင်တွင် စာပေဟောပြောရာမှ ဒေါက်တာအေးမောင် ဖမ်းဆီးခံထားရသဖြင့် တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်းမှာလည်း မြို့လူထု၏ ကရုဏာသက်မှုကို ရရှိနေကြောင်း၊ ဒေါက်တာအေးမောင် စာပေဟောပြောပွဲကို စီစဉ်ပေးသည့် ပရဟိတအဖွဲ့ကလည်း ဦးတင်မောင်ဝင်းအတွက် မဲဆွယ်ပေးနေကြောင်း ၎င်းက ဆိုသည်။

“တစ်ယောက်နဲ့ တစ်ယောက် အကြိတ်အနယ်ယှဉ်ပြိုင်နေကြတယ်။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီရယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရယ်၊ တစ်သီးပုဂ္ဂလတွေနဲ့ကတော့ အားထုတ်ပြီး ပြိုင်နေကြတာတွေ့တယ်ဗျ” ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

သို့သော်လည်း တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်းနှင့် ရခိုင်အမျိုးသားပါတီ ပြိုင်ဆိုင်မှုကို အာရုံစူးစိုက်မှု ပိုရှိကြကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ – မိုးကျော်လွင်

ကြီးနှစ်ကြီးနှင့် တိုင်းရင်းသား

အင်းအားကြီး ပါတီနှစ်ပါတီဖြစ်သော NLD ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့သည် ချင်းနှင့် ကချင်တိုင်းရင်းသားဒေသတို့တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ ပြည်နယ်လွှတ်တော်တစ်နေရာတို့အတွက် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ကန်ပက်လက်မြို့တွင် ယှဉ်ပြိုင်ရမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် NLD ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မတူပီမဲဆန္ဒနယ် (၁) တွင် ပြည် နယ်လွှတ်တော်နေရာအတွက် NLD ပါတီနှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကန်ပက်လက်တွင် NLD ပါတီက ကြံ့ခိုင်ရေးပါတီကို မဲတစ်ရာကျော်အကွာဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲတွင် ယင်းနှစ်ပါတီ၏ ယှဉ်ပြိုင်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။

မတူပီတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ NLD ပါတီက အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

ကချင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၂) တွင် NLD ပါတီနှင့် ကြံ့ခိုင်ရေးပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ တစ်သီးပုဂ္ဂလတို့ ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါမဲဆန္ဒနယ်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီ က မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသည်။ ယင်းရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါပြည်နယ်နှစ်ခုတွင် အခြေအနေကောင်းပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ယင်းဒေသများတွင် အခြေအနေကောင်းကြောင်း မီဒီယာသမားများကို ပြောဆိုထားသည်။  

မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ သပိတ်ကျင်းမြို့နယ်တွင် တိုင်းလွှတ်တော်တစ်နေရာ၊ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်တွင် တိုင်းလွှတ်တော်တစ်နေရာ၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် တိုင်းလွှတ်တော်တစ်နေရာ၊ မကွေးတိုင်းမင်းဘူးမြို့နယ်တွင် တိုင်း လွှတ်တော်တစ်နေရာ၊ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော် တစ်နေရာ၊ မန္တလေးတိုင်းတွင် (ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး) တစ်နေရာတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ဒုတိယအကြိမ်မြောက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရက်ပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် အရေးပါလှသည်ဟု နိုင်ငံရေးပါတီများ တူညီစွာ ပြောဆိုထားကြသည်။

တိုင်းရင်းသားဒေသတွင် အစစ်ဆေးခံရမည့် NLD ၊ ပြည်သူထောက်ခံမှု ပြန်ရအောင် ကြိုးပမ်းရမည့် ကြံ့ခိုင်ရေး ပါတီတို့၏ အခြေအနေကို စောင့်ကြည့်ရမည့် ပွဲလည်းဖြစ်သည်။

မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *