ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို ကွန်တီ ငြင်းပယ်၊ ပိုချက်တီနိုကို ပီရက်ဇ် ပြောင်းလဲပစ်မှတ်ထား

မက်ဒရစ်၊ အောက်တိုဘာ ၂၆

ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီသည် ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီဖြစ်ပြီး ယင်းအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်မှာ စပါးနည်းပြ ပိုချက်တီနိုဘက်သို့ ပြောင်းလဲပစ်မှတ်ထား ဦးလှည့်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် နည်းပြ ဇီဒန်း ရာထူးနုတ်ထွက်သွားချိန်ကတည်းကပင် ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ရန် ဆန္ဒရှိခဲ့ဖူးပြီး ယင်းအချိန်တွင် ပိုချက်တီနိုက ၎င်း၏မိခင်ကလပ်ဖြစ်သော စပါးနှင့် သက်တမ်းတိုးစာချုပ် လက်မှတ်ရေးထိုးလိုက်သည့်အတွက် ပီရက်ဇ်မှာ လက်လျှော့လိုက်ရခြင်းဖြစ်သည်။

ကွန်တီ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ၎င်း၏အစ်ကိုဖြစ်သူ ဒန်နီရယ်လ်သည် ၎င်းတို့နှင့် ရီးရဲလ်မက်ဒရစ်အသင်းအကြား၌ ယခုအချိန်တိုင်သည်အထိ အချိတ်အဆက်မရှိသေးကြောင်း ထုတ်ဖော်ပြောကြားထားပြီး အကယ်၍ ထိပ်သီးနည်းပြတစ်ဦးကို ခေါ်ယူနိုင်ရန် အဆင်မပြေခဲ့ပါက ရီးရဲလ်မက်ဒရစ်အရန်အသင်းနည်းပြ ဆိုလာရီကို ကာလတိုစာချုပ်တစ်ရပ်ဖြင့် အသင်းကြီးနည်းပြအဖြစ် ယာယီတာဝန်ပေးရန်လည်း ဥက္ကဋ္ဌပီရက်ဇ်က စိတ်ကူးလျက်ရှိသည်။

အသက် ၄၆ နှစ်အရွယ်ရှိ ပိုချက်တီနိုသည် စပါးအသင်းနှင့် တစ်နှစ်လုပ်ခ ပေါင် ၈ ဒသမ ၅ သန်းရရှိမည့် ငါးနှစ်သက်တမ်းစာချုပ်သစ်ကို လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး ယင်းအတွက် ၎င်းကိုခေါ်ယူမည်ဆိုပါက အဆိုပါစာချုပ်အတွက် လျော်ကြေးတစ်ရပ်ကို ရီးရဲလ်မက်ဒရစ်က မလွဲမသွေ ပေးအပ်ရလိမ့်မည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် နည်းပြ လိုပီတီဂွီကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက မန်ယူနည်းပြ မော်ရင်ညိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန်လည်း စောင့်ကြည့်မှုများရှိနေပြီး မော်ရင်ညိုကို အသင်းနည်းပြအဖြစ် တစ်ကျော့ပြန်လည် တာဝန်ပေးအပ်ဖြစ်ခဲ့မည်ဆိုပါက လက်ထောက်နည်းပြအဖြစ် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သူ အလွန်ဆိုကိုခေါ်ယူမည်ဟု ဥက္ကဋ္ဌ ပီရက်ဇ်က စိတ်ပိုင်းဖြတ်ထားသည်။

ပိုချက်တီနိုသည် စပါးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်မှနေ၍ လက်ပြနှုတ်ဆက်ရမည့်အခြေအနေနှင့် ကြုံဆုံရင်ဆိုင်နေရသည်ကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ပီအက်စ်ဗီနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ရသောပွဲစဉ်အပြီး၌ ၎င်းတို့အတွက်၁၆ သင်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ရန်မှာ မျှော်လင့်ချက်ကုန်ဆုံးသွားခဲ့ရပြီဟု ပိုချက်တီနိုက ၀န်ခံခဲ့ပြီးလည်းဖြစ်သည်။

ပိုချက်တီနိုသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အသင်းဥက္ကဋ္ဌ လီဗိုင်းဘက်က အသင်းကို အားဖြည့်ရန်အတွက် အပြောင်းအရွှေ့အသုံးစရိတ် အလုံအလောက် မထုတ်ပေးခဲ့သည်ကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး စပါးမှာ ဘောလုံးကွင်းသစ်ဆောက်လုပ်လိုက်ခြင်း၏ရိုက်ခတ်မှုဒဏ်ကို ရှေ့လာမည့်နှစ်များအတွင်း၌ ပိုမိုဆိုးရွားစွာ ခံစားရဖွယ်ရှိနေပြီဖြစ်ကြောင်း သတင်းမီဒီယာများကလည်း သုံးသပ်နေကြပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် ကြားရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ ပလာဇန်ကို အနိုင်ယူကာ ပြိုင်ပွဲအရပ်ရပ်၌ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရသည်ကို ရပ်တန့်နိုင်ခဲ့သော်လည်း အသင်းနည်းပြ လိုပီတီဂွီ၏အနာဂတ်ကမူ အာမခံချက်ကင်းမဲ့နေဆဲဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ဘာစီလိုနာအသင်းပိုင် နျူးကမ့်ဘောလုံးကွင်းသို့သွားရောက်၍ ဘာစီလိုနာနှင့်ယှဉ်ပြိုင်ရမည့် စပိန်လာလီဂါပွဲစဉ်၌ အရှုံးရလဒ်ဖြင့် ကြုံဆုံရင်ဆိုင်ခဲ့ရမည်ဆိုပါက လိုပီတီဂွီမှာ ရာထူးထုတ်ပယ်ခံလိုက်ရရန် ရာခိုင်နှုန်းများလျက်ရှိသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *