ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်ထံ လက်လွှတ်လိုက်ရမည်ကို မော်ရင်ညို စိုးရိမ်၊ အသင်းတာဝန်ရှိသူများ၏ထောက်ခံမှု ပိုမိုလိုအပ်ကြောင်း ပြောကြား

မန်ချက်စတာ၊ အောက်တိုဘာ ၂၆

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဂိုးသမား ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးလိုက်ရသည့်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ပြီး ဒီဂီယာကိုခေါ်ယူရန်အတွက် လက်ရှိတွင် ဂျူဗင်တပ်အသင်းက ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ထံကတစ်ဆင့် ကမ်းလှမ်းချိတ်ဆက်မှုများရှိနေပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ဒီဂီယာနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး မန်ယူဘက်က ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် လုပ်ခလစာဖြစ်လာစေမည့် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်သုံးသိန်းဖြင့် ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ်ချုပ်ဆိုရန် ကမ်းလှမ်းထားသည်ကို ဒီဂီယာက ယခုအချိန်တိုင်သည်အထိ လက်မခံဘဲ ရှိနေဆဲဖြစ်သည်။

ဂျူဗင်တပ်သည် အသင်းနှင့်လမ်းခွဲသွားခဲ့ပြီဖြစ်သော ဝါရင့်ဂိုးသမားကြီး ဘူဖွန်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦး ရှာဖွေလျက်ရှိပြီး လာမည့် ၂၀၁၉ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရနိုင်ဖွယ်ရှိနေသော ဒီဂီယာမှာ ဂျူဗင်တပ်၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

မော်ရင်ညိုသည် အသင်းတာဝန်ရှိသူများကို ထိပ်တန်းအဆင့်ကစားသမားကောင်းများဝယ်ယူရန် အဆက်မပြတ် တိုက်တွန်းနေပြီး ယင်းသို့လုပ်ဆောင်မှသာ အသင်းရှိကစားသမားကောင်းများကို စာချုပ်သစ်များ လက်မှတ်ရေးထိုးဖြစ်စေရန် ဆွဲဆောင်နိုင်လိမ့်မည်ဟုလည်း မော်ရင်ညိုက ရှင်းပြထားသည်။

မန်ယူသည် ဒီဂီယာကို နည်းပြဗန်ဟားလ်လက်ထက်၌ စာချုပ်သစ်ချုပ်ခဲ့စဉ်တွင် ၎င်း၏စွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်ပါက စာချုပ်သက်တမ်းကို အသင်းဘက်မှနေ၍ အလိုအလျောက် တစ်နှစ်သက်တမ်း ထပ်တိုးနိုင်ရန် စီမံထားခဲ့ပြီး ယင်းသဘောတူညီချက်ကို အသုံးချ၍ အသင်းထံတွင် ဒီဂီယာကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါကမူ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ အပြီးသတ်လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို ၎င်းအား ယခုထက်ပို၍ ထောက်ခံမှုပေးအပ်ရန် တောင်းဆိုလိုက်ပြီဖြစ်ပြီး ယင်းသို့ဆောင်ရွက်မှသာလျှင် အသင်းကိုဦးဆောင်ရာ၌ ၎င်းအတွက် ပိုမိုအဆင်ပြေနိုင်လိမ့်မည်ဖြစ်ကြောင်း မော်ရင်ညိုက မှတ်ချက်ပေးအပ်ထားသည်။

မန်ယူသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အဆင့် ၁၀ နေရာသို့ ရောက်ရှိနေပြီး ဘောလုံးရာသီပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်တစ်နေရာစာ ရယူနိုင်ခြင်းမရှိခဲ့ပါက မော်ရင်ညိုကို ရာထူးထုတ်ပယ်၍ မန်ယူအသင်းတာဝန်ရှိသူများက နည်းပြသစ်တစ်ဦး အစားထိုးခေါ်ယူခန့်အပ်လိမ့်မည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *