ပိတ်ရက် ခရီးဝေးကျိန်စာ

အိမ်ပြန်သော်လည်း အိမ်သို့ ပြန်မရောက်နိုင်သူများရှိသည်။

သီတင်းကျွတ်ပိတ်ရက် မွေးရပ်မြေ ပြန်ခြင်း၊ စိတ်အပန်းဖြေရန် ခရီးထွက်ခြင်း၊ အလုပ်ကိစ္စဖြင့် ခရီးသွားရခြင်းတို့တွင် အိမ်သို့ ပြန်မလာနိုင်သူများရှိခဲ့သည်။ အချို့ဆိုလျှင် ထိခိုက်ဒဏ်ရာများဖြင့် ပြန်ရောက်လာကြသည်။

ရန်ကုန်မြို့ပြတွင် လာရောက်အလုပ်လုပ်ကိုင်ကြသူများ သီတင်းကျွတ်ကာလ အလုပ်ပိတ်ချိန်တွင် မွေးရပ်မြေပြန်ကြသည်။ အများအပြားလည်း အပျော်ခရီးထွက်ကြသည်။ သို့သော်အချို့မှာ ကံဆိုးမှုနှင့် ရင်ဆိုင်ရသည်။

စက်ချို့ယွင်းချက်၊ လူ၏အမှား၊ အခြေခံအဆောက်အဦအမှား တစ်ခုခုကြောင့် ယင်းသို့ကံဆိုးမှုနှင့် ကြုံရခြင်းဖြစ်သည်။ ထို့ကြောင့် အချို့မှာ အိမ်မပြန်နိုင်တော့ပေ။ အပျော်ခရီးထွက်သူအချို့မှာ မပျော်ရသည့်အပြင် ဆုံရှုံးမှုများဖြင့် ကြုံကြရသည်။

အမြန်လမ်းတွင်ဖြစ်သည်။

သီတင်းကျွတ်ပိတ်ရက်ကြောင့် ခရီးထွက်ကြသည့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မှ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ ပြေးဆွဲသည့် အောင်သုခခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသမီးသုံးဦး အသက်ဆုံးရှုံးခဲ့သည်။

မအူပင်မြို့နယ်ကအထွက် လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိမ်းမှောက်မှုကြောင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး ခရီးသည် ၁၆ ဦးဒဏ်ရာရကာ မအူပင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

ယင်းနေ့တွင်ပင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မဉ္ဇူသကလမ်းနှင့် မိုးဝေလမ်းထောင့်တွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည့် တောင်ပေါ်သား EXPRESS ခရီးသယ်ယာဉ်သည် BRLTA ယာဉ်ကို ရှောင်တိမ်းရာမှ တိမ်းမှောက်သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်ယာဉ်တွင် လိုက်ပါလာသူ ၁၆ ဦး ဒဏ်ရာရှိပြီး BELTA ယာဉ်ပေါ်တွင် လိုက်ပါလာသူ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းမတိုင်ခင် အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မန္တလေး-နေပြည်တော်လမ်း မိုင်တိုင် ၂၂၇ အကျော်တွင် အိမ်စီးမော်တော်ယာဉ်အရှိန်မထိန်းနိုင်ဘဲ တံတားထိပ်တွင် ကာထားသော တုံးကိုတိုက်မိကာ တိမ်းမှောက်သည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အငြိမ်းစား ဒုတိယပါမောက္ခချုပ်တစ်ဦး သေဆုံးပြီး ၎င်း၏အမျိုးသမီးနှင့် ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရှိခဲ့သည်။ ကလေးငယ်အတွက် ဖခင်မဲ့သွားသကဲ့သို့ အမျိုးသမီးအတွက်လည်း အားကိုးရာ ခင်ပွန်းဆုံးရှုံးသွားရခြင်းဖြစ်ပြီး တိုင်းပြည်အတွက် နိုင်ငံ့သားကောင်းဆုံးရှုံးရခြင်းဖြစ်သည်။

ယင်းမတိုင်ခင်က သာသနာအတွက် ဆုံးရှုံးမှုတစ်ရပ် အမြန်လမ်းတွင် ဖြစ်ပေါ်ခဲ့သေးသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က ကျောက်ဂူဆရာတော် လိုက်ပါစီးနင်းလာသည့် Lexus မော်တော်ယာဉ်သည် နေပြည်တော် – မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၀ ကျော်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသား တောင်စောင်းကို ဝင်တိုက်မိခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကျောက်ဂူဆရာတော် ပျံလွန်တော်မူပြီး ယာဉ်မောင်းလည်း သေဆုံးခဲ့သည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ယောဒေသ၏ သာသနာ့မီးရှူးတန်ဆောင်ဟု တင်စားကြသည့် ကျောက်ဂူရေထွက်တောရရိပ်သာဆရာတော် ဦးဣန္ဒစရိယ ပျံလွန်တော်မူခြင်းသည် သာသနာအတွက် ကြီးမားသောဆုံးရှုံးမှုလည်း ဖြစ်သည်။

ယောဒေသ၏ သာသနာ နေလို လလို ထွန်းတောက်နေချိန်၊ တပည့်ဒကာ ဒကာမများကို တရားရေအေး တိုက်ကျွေးနေချိန်တွင် ရွှေတောင်ကြီးပြိုလဲသလို ခံစားရကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးမြင့်ဇော်က ပြောဆိုသည်။

အဆိုပါယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသူ လေးဦးပါရှိပြီး ကျန်အမျိုးသားနှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရကာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည်။

ယင်းအပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၂၂၉ အနီးတွင် အောက်တိုဘာလ ၁ ရက်နေ့ ည ၁၁ နာရီခန့်က လေအိတ်ပေါက်၍ လမ်းဘေးတွင် ရပ်နားပြုပြင်နေသော ကျေးဇူးရှင်ဘုရားဖူးယာဉ်ကို အရိဒ္ဒမာခရီးသည်တင် Express က ဝင်တိုက်မိခဲ့ရာ လူအများ အပြားသေဆုံးခဲ့သည်အထိ ဖြစ်ခဲ့သည်။

ရပ်နားပြုပြင်နေသော ကျေးဇူးရှင်ဘုရားဖူးယာဉ်အနီးတွင် ရှိနေသည့် ခရီးသည်အချို့နှင့် ယာဉ်ကို ပြင်ဆင်နေသူများအပါအဝင် စုစုပေါင်း ၁၄ ဦးအထိ သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း အမရပူရမြို့နယ် ထုံးဘို-မြစ်ငယ်လမ်းတွင် ဘုရားဖူးသွားသည့် ဒိုင်နာယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိသည်။

ခရီးသည်တင်ယာဉ် မတော်တဆမှုဖြစ်သည့် အခြားဖြစ်ရပ်တစ်ခုမှာလည်း အမြန်လမ်းတွင်ပင်ဖြစ်သည်။

အောက်တိုဘာလ ၂၃ ရက်က ပဲခူးတိုင်း တောင်ငူမြို့နယ် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၄ တွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာ သော HYUNDAI ခရီးသည်တင်ယာဉ်သည် ဘယ်ဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည်။

ကံကောင်းသည်ဟုဆိုရမည်။ ယာဉ် ပေါ်လိုက်ပါလာသည့် ခရီးသည် ၃၂ ဦး လုံး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။ အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းနှင်သူ ကိုဝေဖြိုးအောင်ကို ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့် ထားသည်။

ထို့အပြင် မကွေးတိုင်းတွင်လည်း ယင်းနေ့တွင်ပင် နေပြည်တော် – ကံပြားလမ်း မိုင်တိုင်အမှတ် ၅၁ မိုင်အကျော်တွင် နေပြည်တော်မှ ကံပြားဘက်သို့ မောင်းလာသည့် BELTA ယာဉ်နှင့် ကံပြားဘက်မှ နေပြည်တော်သို့ မောင်းလာသည့် ခြောက်ဘီးယာဉ်တို့ ယာဉ်တိုက်မှုဖြစ် သည်။

ယင်းဖြစ်စဉ်တွင်လည်း လူထိခိုက် ဒဏ်ရာရမှု ကြီးကြီးမားမား မရှိခဲ့ပေ။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် နေပြည်တော် – ရန်ကုန်လမ်း ၇၉ မိုင်ခန့် တွင် NISSAN ယာဉ် အရှိန်လွန်၍ မြေသားလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပါသည်။ ထို့ကြောင့် ယာဉ်နောက်လိုက် ကိုထွန်းမင်းသိန်းသည် ယာဘက်လက်ကောက်ဝတ်ကျိုး ဒဏ်ရာရရှိသည်။

ယင်းကဲ့သို့ ဖြစ်ရပ်များသည် အရှိန် လွန်မောင်းခြင်းကြောင့်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ အရာရှိတစ်ဦးက ပြောကြားသည်။
ယာဉ်မောင်းများအနေနှင့် ခရီးဝေးသွားရမည့်အချိန်တွင် မိမိယာဉ်ကို စစ်ဆေးရန်လိုအပ်ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေရန်လိုအပ်ကာ သတ်မှတ်ထားသည့်နှုန်းအတိုင်းသာ မောင်းနှင်ရန်လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

“အများဆုံးဖြစ်တာကတော့ လူကြောင့်ဖြစ်တာများတယ်။ အိပ်ငိုက်တဲ့အချိန်မျိုးတွေ၊ သတိလက်လွတ်ဖြစ်သွားချိန်မျိုးတွေနဲ့ အရှိန်လွန်အောင်မောင်းတဲ့ အချိန်မျိုးတွေမှာ ယာဉ်မတော်တဆမှုတွေ ဖြစ်တာပေါ့” ဟု ၎င်းက သုံးသပ်သည်။

အမြန်လမ်းတွင် မောင်းနှင်မည်ဆိုလျှင် အိမ်စီးယာဉ်များသည် တစ်နာရီ ကီလိုမီတာ ၁၀၀၊ ခရီသည်တင်ယာဉ်များသည် ကီလိုမီတာ ၉၀ နှင့် Hi-ace ကဲ့သို့ မော်တော်ယာဉ်များသည် ကီလိုမီတာ ၆၀ ခန့်ဖြင့်သာ မောင်းနှင်ရမည်ဖြစ်ကြောင်း အမြန်လမ်းများတွင် ဆိုင်းဘုတ်ထောင် သတိပေးထားသည်။

သို့သော် အမြန်လမ်းတွင်မောင်းနှင်သည့် မော်တော်ယာဉ်များသည် သတ်မှတ်ကီလိုထက် ကျော်မောင်းမှုများကြောင့် မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပွားသဖြင့် အရေးယူမှုများစွာရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမြန်လမ်းတွင် သတ်မှတ်ကီလိုထက် ကျော်မောင်းသည့်ယာဉ်များကို ဖမ်းဆီးအရေးယူနေသော်လည်း လက်ရှိအချိန်ထိ သတ်မှတ်ကီလိုထက် ကျော်မောင်းခြင်းများကြောင့် ယာဉ်တိုက်မှုများဖြစ်ကာ လူသေဆုံးမှုများရှိနေကြောင်း အဆိုပါရုံးထံမှ သိရသည်။

အမြန်လမ်းတွင် အိမ်စီးယာဉ်များ ယာဉ်မတော်တဆမှုဖြစ်ပွားပါက လူထိခိုက်၊ သေဆုံးမှုနည်းသော်လည်း ခရီးသည်တင်ယာဉ်များ မတော်တဆမှုဖြစ်ပွားလျှင် လူထိခိုက်သေဆုံးမှု များပြားသည်။

ထို့ကြောင့် ခရီးသည်တင်ယာဉ်မောင်းများသည် အများပြည်သူအသက်ကို ကာကွယ်သည့်အနေနှင့် အမြန်လမ်းတွင် စည်းကမ်းနှင့်အညီမောင်းနှင်ရန် လိုအပ်ပြီး ပိုမိုဂရုစိုက်သင့်ကြောင်း ထောက်ပြမှုများရှိသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၂၅ ရက်နေ့အထိ အမြန်လမ်းတွင် ယာဉ်တိုက်မှု ၃၇၇ မှုရှိပြီး လူသေဆုံးမှု ၉၀ ဦးအထိရှိကာ ဒဏ်ရာရသူ ၇၀၅ ဦး အထိရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တစ်လလျှင် ပျှမ်းမျှ လူကိုးဦး သေဆုံးနေပြီး ဒဏ်ရာရသူ ၇၀ ကျော်အထိ ရှိနေသည်။

ယာဉ်မောင်များအနေနှင့် အမြန်လမ်းပေါ်တွင် သတ်မှတ်ကီလိုထက် ပိုမောင်းနေမှုများကို ယနေ့အချိန်ထိ တွေ့နေရကြောင်း ခရီးဝေးထွက်လေ့ရှိသည့် အင်ဂျင်နီယာ ဦးထင်ကျော်က ပြောသည်။

ယခင်က ခရီးဝေးထွက်ရာတွင် မိမိစီးသည့်မော်တော်ယာဉ်ကို တစ်နာရီ ကီလို ၁၀၅ အထိ တင်မောင်းနေသည့်တိုင် မိမိယာဉ်ကိုကျော်ကာ အရှိန်လွန်မောင်းသွားသည့် ယာဉ်များရှိကြောင်း ၎င်းက ဆိုသည်။

“တချို့ကလည်း ငါးနာရီ၊ ခြောက် နာရီလောက်မှ ရောက်မယ့်ခရီးကို သုံးနာရီလောက်နဲ့ မောင်းတဲ့သူတွေကလည်းရှိသေးတယ်လေ။ တချို့ကလည်း ကားကောင်းတော့ ကီလိုကို ကျော်ပြီး မောင်းတာတွေ ရှိတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

အမြန်လမ်းတွင် မိမိကလမ်းမှန် မောင်းနေသော်လည်း လမ်းပြောင်းပြန်မောင်းလာသည့် ဆိုင်ကယ်များ၊ အမြန်လမ်းပေါ်တွင် မကြာခဏတွေ့မြင်ရသည့် ကျွဲ၊ နွား၊ ခွေးများကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှုများလည်း ကြုံရနိုင်ကြောင်း ဦးထင်ကျော်က ပြောကြားသည်။

“ဘယ်ကားကို ဘယ်လောက်ကီလိုနဲ့ မောင်းရမယ်ဆိုတာလည်း ပြောထားပြီးသား၊ သတ်မှတ်ထားပြီးထားပါ။ အဲဒီလိုသတ်မှတ်ချက်အတိုင်းမောင်းမယ်ဆိုရင် နည်းနည်းတော့ ထိန်းနိုင်မှာပေါ့။ ထိမိခိုက်မိရင်တောင် မသေလောက်ဘူးပေါ့” ဟု ၎င်းကဆိုသည်။

အမြန်လမ်းတွင် သတိထားမောင်းနှင်ရန်လိုပြီး အထူးသဖြင့် ညဘက်တွင် ပိုသတိထားရမည်ဖြစ်ကာ မိုးရွာနေလျှင်လည်း အထူးသတိထားမောင်းနှင်ရန်လိုအပ်ကြောင်း ခရီးဝေး မကြာခဏထွက်လေ့ရှိသည့် တက္ကစီယာဉ်မောင်း ဦးဝင်းမြင့် က ပြောဆိုသည်။

“အဖော်ပါရင် ပိုကောင်းတာပေါ့။ ညဘက်တွေဆို အိပ်လည်းငိုက်တတ်တယ်။ မှောင်လည်း မှောင်တော့ တစ်ချက်တစ်ချက် လမ်းပေါ်ကို ထွက်လာတဲ့ အကောင်တွေ၊ ဘာတွေဆို အရှိန်အလွန်အကျွံမောင်းနေရင် ရှောင်ရတာမလွယ်ဘူး။ အန္တရာယ်များတာပေါ့” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အမြန်လမ်း၏ လမ်းတည်ဆောက်ပုံ ချို့ယွင်းချက်ကြောင့်လည်း လူအသက်သေဆုံးမှု သာဓကများ ရှိခဲ့သည်။

‘စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား’ ထိုစကားသည် ယာဉ်မောင်များပါးစပ်ဖျားတွင် အလွတ်ရနေသော်လည်း ထိုစကားနှင့်အညီမောင်းသည့် ယာဉ်မောင်းများ ရှားပါးလျက် ရှိသည်။

မော်တော်ယာဉ်အချို့သည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ၊ သတ်မှတ်ကီလိုထက်ကျော်၍ မဆင်မခြင်မောင်းနှင်မှုများ၊ ရာသီဥတုဆိုးရွားခြင်းများနှင့် ယာဉ်မောင်းများ၏ ပေါ့ဆမှုများကြောင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

စည်းကမ်းမဲ့မောင်းနှင်မှုများနှင့် ခရီးဝေးမသွားခင် ယာဉ်ကိုစစ်ဆေးမှုအားနည်းခြင်းများကြောင့် ယာဉ်မတော်တဆမှု အဖြစ်များခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ အရာရှိတစ်ဦးက ဆိုသည်။

“မောင်းမယ့်သူကလည်း ဂရုစိုက်ပြီးတော့ သတ်မှတ်ကီလိုနဲ့ စည်းကမ်းနဲ့ အညီမောင်းမယ်ဆိုရင်တော့ ယာဉ်မတော်တဆမှုတွေ နည်းနည်းတော့ လျော့လာမှာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

 

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *