စမ်းလှမ်း CBT ကြောင့် ငါးဖမ်းလှေများ ကမ်းကပ်ခွင့် မရမည်ကို ဒေသခံရေလုပ်သားများစိုးရိမ်

ထားဝယ်၊ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာတွင် အကောင်အထည်ဖော်ထားသည့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ကြောင့် ငါးဖမ်းလှေများ ကမ်းခြေသို့ ကပ်ခွင့်မရမည်ကို ဒေသခံရေလုပ်သားအများစုက စိုးရိမ်နေကြသည်။

လက်ရှိတွင် အဆိုပါခရီးသွားလုပ်ငန်းကို အကြောင်းပြုပြီး လူကြီးလာမည်ဟု ဆိုကာ ဌာနဆိုင်ရာအချို့က ငါးဖမ်းလှေများ ရပ်နားခွင့်မရှိကြောင်း ပြောဆိုလာသည့်အတွက် နီးစပ်ရာကမ်းခြေများတွင် သွားရောက်ရပ်နားထားခဲ့ရကြောင်း စမ်းလှမ်းရွာရှိ ငါးဖမ်းလှေပိုင်ရှင်အချို့က ဆိုသည်။

အောက်တိုဘာလ ၂၅ ရက်က ဖွင့်လှစ်ခဲ့သည့် CBT ခရီးသွားလုပ်ငန်း စတင် အကောင်အထည်ဖော်ချိန်မှ လက်ရှိအချိန်ထိ ဆယ်ကြိမ်ထက်မနည်း တားမြစ်ခံရပြီး နောက်ပိုင်းတွင် လှေရပ်နားခွင့်မပြုတော့မည်ကို စိုးရိမ်နေရကြောင်း အသက် ၄၈ နှစ်အရွယ်ရှိ ဒေသခံ ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ဆိုသည်။

ငါးဖမ်းလှေများက စမ်းလှမ်းရွာတောင်ဘက်ရှိ ကမ်းခြေတွင် ရပ်နားကာ ငါးအတင်အချလုပ်ကာ စက်သုံးဆီ၊ ရေခဲ၊ ရိက္ခာစသည့် ပစ္စည်းများဖြည့်တင်းကြပြီး ပင်လယ်ထဲ ပြန်လည်ထွက်ခွာလေ့ရှိသည်။

“သူတို့ လုပ်ငန်းလုပ်ရင်လည်း လုပ်ပေါ့၊ ဒါပေမဲ့ ငါးဖမ်းလှေတွေလည်း အရင်ကလို လွတ်လပ်စွာ ဝင်ထွက်ခွင့်ရချင်တယ်။ ကျွန်တော်တို့က ကြောက်နေရတယ်။ ဘယ်သူလာပြီး ဘာလုပ်မယ်မှန်းလည်း မသိတော့”ဟု အထက်ပါငါးဖမ်းလှေပိုင်ရှင်က ပြောသည်။

စမ်းလှမ်းကမ်းခြေတွင် ဒေသခံငါးဖမ်းလှေအစီးရေ တစ်ရာခန့်ရှိပြီး မြိတ်နှင့် အခြားဒေသများမှ လှေအစီးရေ ရာချီ လာရောက်ရပ်နားလေ့ရှိကြောင်း ဒေသခံ ငါးဖမ်းလှေပိုင်ရှင်များထံမှ သိရသည်။

လူကြီးလမ်းကြောင်း ရှိသည်ဟုဆိုကာ လှေများ ဝင်ရောက်ခွင့်တားမြစ်လိုက်သည့်အတွက် ငါးဖမ်းလှေများသာမက စမ်းလှမ်းရွာရှိ ဈေးဆိုင်များ၊ ငါးတင် ငါးချအလုပ်သမားများပါ နစ်နာမှုများရှိလာကြောင်း အဆိုပါရွာရှိ အသက် ၄၇နှစ် အရွယ် အခြားလှေပိုင်ရှင်တစ်ဦးက ဆိုသည်။

“နောက်ပိုင်းဆိုရင် အာဏာသုံးပြီး လှေတွေ လုံးဝမဝင်ရဘဲ ဖြစ်လာမှာကို စိုးရိမ်တယ်”ဟု အဆိုပါ ငါးဖမ်းလှေပိုင်ရှင်က ပြောသည်။

CBT ဖွင့်ပွဲရှိသည့်အတွက် စမ်းလှမ်းကမ်းခြေတွင် ရပ်နားထားသည့် မီးထွန်းငါးဖမ်းလှေကြီးများကို ခေတ္တတားမြစ်ခြင်းသာဖြစ်ပြီး ဒေသခံလှေငယ်များကို တားမြစ်ခြင်းမဟုတ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန လောင်းလုံးမြို့နယ် ဦးစီးမှူး ဦးအောင်တင်စောက ဆိုသည်။

“လူကြီးလာတိုင်း ဖယ်ခိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ (ဒေသခံ)တွေ နားလည်မှုလွဲနေတာပါ”ဟု ဦးအောင်တင်စောက ပြောသည်။

ယခင်က စမ်းလှမ်းကမ်းခြေတွင် ငါးဖမ်းလှေများအစီးရေ ရာချီရပ်နားထားသည်ကို တွေ့ရလေ့ရှိပြီး CBT ဖွင့်ပွဲကျင်းပသည့်ရက်တွင်မူ ငါးဖမ်းလှေတစ်စီးမျှ မတွေ့ရပေ။

စမ်းလှမ်းကမ်းခြေတွင် လက်ရှိလုပ်ဆောင်နေသည့် CBT ခရီးသွားလုပ်ငန်းက ရေလုပ်သားများကို အခြေပြုလုပ်ဆောင်ထားသည့်အတွက် အထက်ပါ ငါးဖမ်းလှေများအား ကမ်းကပ်ခွင့်ကန့်သတ်၍ မရကြောင်း ၎င်းက ဆိုသည်။

CBT ခရီးသွားလုပ်ငန်းလုပ်ဆောင်  နေသည့် စမ်းလှမ်းရွာနေဒေသခံများက ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အဆိုပါရွာတွင် ရေခဲစက်/ရေခဲဂိုဒေါင်နှစ်လုံး၊ ငါးအဝယ်ဒိုင် ၁၀ ခုကျော် ရှိကြောင်း ဒေသခံလှေပိုင်ရှင်များထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင်ရှိ ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင်ရှိ မကြုံဂလက်ကျေးရွာတို့တွင်လည်း ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT)  ကို အကောင်အထည်ဖော်လျက်ရှိသည်။

ထို့အပြင် နိုင်ငံတကာ NGO အဖွဲ့နှင့် ပူးပေါင်းကာ ထားဝယ်ခရိုင်အတွင်းရှိ တီဇစ်ရွာနှင့် ကလုံးထာရွာတို့တွင်လည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

Dawei Watch

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *