Weekly Eleven ဂျာနယ်အယ်ဒီတာချုပ် အပါအဝင် သုံးဦး အာမခံရ၊ တရားလို သွေးတိုး၍ ခွင့်တိုင်

ဓာတ်ပုံ - မိုးကျော်လွင်

ရန်ကုန်၊ အောက်တိုဘာ ၂၆

Weekly Eleven ဂျာနယ်အယ်ဒီတာချုပ် အပါအဝင် သုံးဦးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရမှုကို အောက်တိုဘာ ၂၆ ရက်နေ့ ရုံးချိန်းတွင် အာမခံပေးလိုက်ကြာင်း တာမွေမြို့နယ်တရားရုံးထံမှ သိရသည်။

တရားလိုဖြစ်သူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်သည် ရုတ်တရက် သွေးတိုး၍ တရားရုံးသို့ မလာနိုင်ဟု ခွင့်တိုင်ခဲ့ကြောင်း တရားရုံးထံမှ သိရသည်။

စွပ်စွဲခံထားရသူ သုံးဦးသည် တစ်သက်တစ်ကျွန်းချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲထားခြင်း မဟုတ်ဘဲ နေရာ အတည်တကျရှိပြီး ထွက်ပြေးနိုင်သည့် အကြောင်းမရှိခြင်း စသည့်အချက်များဖြင့် ၎င်းတို့ကို အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။

“ဒီနေ့ အာမခံရတယ်။ တရားလိုကတော့ မလာဘူး”ဟု စွပ်စွဲခံထားရသူများဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောကြားသည်။

Weekly Eleven ဂျာနယ်အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်းအယ်ဒီတာကိုဖြိုးဝေဝင်းတို့ကို အာမခံပေးရန်တစ်ဦးလျှင် ကျပ်သိန်းတစ်ရာစီ၊ စုစု ပေါင်းသိန်း ၃၀၀ ဖြင့် အာမခံ ရခဲ့ခြင်းဖြစ်ကြောင်း ဦးကြီးမြင့်က ပြောဆိုသည်။

အဆိုပါအမှုကို အာမခံပေးရန် အောက်တိုဘာလ ၁၇ ရက်က အာမခံ  လျှောက်ထားခဲ့ပြီး တရားလိုဘက်က ကန့်ကွက်ခဲ့သည်။

အောက်တိုဘာ ၁၇ ရက်နေ့ ရုံးချိန်းအပြီးတွင် သတင်းမီဒီယာဥပဒေဖြင့် ဦးစွာဖြေရှင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားလိုက်ပြီးနောက်တွင် တိုင်းအစိုးရက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ရုံးခန်းတွင် ဦးအောင်ကျော်ခိုင်နှင့် Eleven Media Group က တာဝန်ရှိသူများကို အဆိုပါကောင်စီက တွေ့ဆုံညှိ နှိုင်းခဲ့သည်။ ယင်းသို့ ညှိနှိုင်းပြီး တစ်ပတ်ခန့်အကြာတွင် အာမခံရခြင်းဖြစ်သည်။

“သမ္မတက သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူဖို့ ညွှန်ထားတာ။ အဲဒါက အမှုကို ရုပ်သိမ်းဖို့ ပြောတာနဲ့ အတူတူပဲ”ဟု ဦးကြီးမြင့်က ပြောဆိုသည်။

အမှုမရုပ်သိမ်းခြင်းသည် ရန်ကုန်တိုင်းအစိုးရက သမ္မတ၏ညွှန်ကြားချက်ကို အတိအကျလိုက်နာရာ မရောက်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကလည်း အမှုကိုရုပ်သိမ်းပြီးမှသာလျှင် ညှိနှိုင်းဖြေရှင်းပေးနိုင်မည်ဟု တုံ့ပြန်ထားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေငါးဦး တင်သွင်းထားကြောင်း ဦးကြီးမြင့်က ဆိုသည်။

အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့ သည့် ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ’ သတင်းသုံးသပ်ချက်ဆောင်းပါးကြောင့် တိုင်းအစိုးရက တရားစွဲဆိုခြင်း ဖြစ်သည်။      

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *