လှိုင်သာယာတွင် အီလက်ထရွန်နစ် ပစ္စည်းဂိုဒေါင် မီးလောင်

photo - Ministry of Home Affairs Myanmar Facebook

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်အမှတ် (၃)ရှိ AA Electronics  စက်ရုံ ဂိုဒေါင်တွင် အောက်တိုဘာလ၂၅ ရက် ည ၉ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါဂိုဒေါင်သည် စက်မှုဇုန် အမှတ်(၃)ရှိ ကျန်စစ်သားလမ်းနှင့် ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်းထောင့်တွင် တည်ရှိပြီး အလျား ၁၀၁ ပေ၊ အနံ ၁၆၀ ပေရှိသော RC နှစ်ထပ်ဂိုဒေါင်တစ်လုံးနှင့် အလျား ၁၂၀ ပေ၊ အနံ ၁၅၀ ပေရှိသော ၃ ထပ် ဂိုဒေါင်တို့တွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနထံမှ ထပ်မံသိရသည်။

မီးလောင်မှုသည် Level 5 အဆင့် ဖြစ်ပြီး ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်စုစုပေါင်း ၁၀၅ စီးကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၀၂ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မီးလောင်တဲ့ ဂိုဒေါင်က ရေခဲသေတ္တာတို့၊ အဝတ်လျှော်စက်တို့ အီလက်ထရွန်နစ်ပစ္စည်းတွေ သိုလှောင်တဲ့ ဂိုဒေါင်ပါ”ဟု ၎င်းက ဆိုသည်။

မီးလောင်မှုသည် အချိန် ၁၀ နာရီ နီးပါးကြာမြင့်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက် နံနက် ၇နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးငြှိမ်းသွားသော်လည်း မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်နေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီးလောင်မှု အကြောင်းအရင်း၊ မီးလောင်ဆုံးရှုံးသည့် ပစ္စည်းနှင့် တန်ဖိုး၊ မည်သူ့အား အရေးယူရမည် ဆိုသည်တို့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ယင်းမီးလောင်မှုကို အောက်တိုဘာလ၂၅ ရက် ညပိုင်းမှာပင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ညွှန်ကြားခဲ့သေးသည်။

ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန် အနီးရှိ ဧက ၃၀၀ ကျယ်သော အမှိုက်ပုံမီးလောင်ခဲ့ပြီး ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနက ၅ ရက်တိုင်တိုင် မီးငြှိမ်းသတ်ခဲ့ရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *