အင်ဂျင်နီယာအသင်းစစ်ဆေးမှုအရ ယုဇနအိမ်ရာတိုက် လေးပုံတစ်ပုံကျော် ကြံ့ခိုင်မှုအလွန်ဆိုးရွား

ရန်ကုန်၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ စစ်ဆေးချက်အရ ယုဇနအိမ်ရာရှိ တိုက်လေးပုံတစ်ပုံကျော်သည် ကြံ့ခိုင်မှု အလွန်ဆိုးရွားသည့် အခြေအနေတွင် ရှိနေကြောင်း အောက်တိုဘာလတွင် ထွက်ရှိသည့် တိုက်များ၏ အရည်အသွေးစစ်ဆေးချက်ကို ကိုးကား၍ ဒဂုံဆိပ်ကမ်းမဲဆန္ဒနယ်မှ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြူဖြူခိုင်က ပြောကြားသည်။

မျက်နှာကြက်အမိုးများ ကွာကျခြင်း၊ အဆောက်အအုံတိုင်အက်ကွဲမှုဖြစ်ပေါ်နေခြင်းတို့ကြောင့် ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်များ၏ အရည်အသွေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက စစ်တမ်းကောက်ယူခဲ့ပြီး တိုက်အလုံး ၁၀၀ ကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်ဆေးချက်အရ ကြံ့ခိုင်မှုအလွန်အမင်းဆိုးရွားသော အခြေအနေရှိသည့် တိုက် ၂၈ ရာခိုင်နှုန်း၊ ဆိုးရွားသည့်အဆင့် သတ်မှတ်ခံရသည့် တိုက် ၃၁ ရာခိုင် နှုန်းနှင့် ပြန်လည်ပြုပြင်ရမည့် တိုက် ၃၀ ရာခိုင်နှုန်းရှိကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြူဖြူခိုင်ထံမှ သိရှိရသည်။

မျက်မြင်စစ်ဆေးချက်အရ အလွန်အမင်းဆိုးရွားသည့် အခြေအနေသည် သဘာဝဘေးတစ်ခုခုနှင့် ကြုံတွေ့ရပါက စိတ်မချရသည့်အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနဌာနမှူး ဒေါက်တာဉာဏ်မြင့်ကျော်က ဆိုသည်။

အဆောက်အအုံများ၌ တိုင်များသည် အရေးအကြီးဆုံးဖြစ်ပြီး ကော်လံ တိုင်များ ကွဲအက်ပါက ယင်းနှင့် တွဲနေသည့် ကြမ်းခင်းများ အကုန်ပြိုကျနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“Very Bad ဆိုရင်တော နေလို့ သိပ်လည်း မကောင်းတော့ဘူးပေါ့”ဟု ဒေါက်တာဉာဏ်မြင့်ကျော်က ဆိုသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းအချို့သည် သက်တမ်းနှစ် ၂၀ မပြည့်မီပင် မျက်နှာကြက်များ ကွာကျခြင်း၊ ကော်လံတိုင်များ အက်ကွဲခြင်း၊ လှေခါးခွင်များ ပြိုကျခြင်းတို့ ဖြစ်ပေါ်နေသော်လည်း အဆိုပါအခြေအနေကို ပြန်လည်ကုစားရန် ရန်ကုန်တိုင်းအစိုးရတွင် မည်သည့်အစီအစဉ်မျှ မရှိသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြူဖြူခိုင်က ဆိုသည်။

“ယုဇနအိမ်ရာကြီးကို ဆောက်ဖို့ ဆိုပြီးတော့ လုပ်ခဲ့တဲ့အချိန်မှာ အစိုးရနဲ့ ကုမ္ပဏီကြားမှာ ဘာ Contract  (သဘောတူစာချုပ်)မှ မချုပ်ခဲ့ဘူး။ (အိမ်ရာဆောက် ကုမ္ပဏီ) ယုဇနကတော့ တာဝန်မရှိတဲ့ ပုံစံနဲ့ နေတာပေါ့။ တကယ်ကျတော့ သူရဲ့(အိမ်ရာ) သက်တမ်းက နှစ်၂၀ တောင် မရှိသေးဘူးလေ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယုဇနဥယျာဉ်မြို့တော်တွင် အခြေခံလူတန်းစားအများစု နေထိုင်ကြသောကြောင့် အကုန်အကျခံ ပြုပြင်နိုင်ခြင်းမရှိဘဲ ယင်းပြဿနာကို ရန်ကုန်တိုင်းအစိုးရက မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *