ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူးကို ဝေဖန်စွပ်စွဲသူ ထောင်ခြောက်လကျ

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဝေဖန်စွပ်စွဲခဲ့သည့် စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးက အောက်တိုဘာလ၂၆ ရက်နေ့ တွင် ထောင်ဒဏ်ခြောက်လချမှတ်လိုက်သည်။

နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၆ (ရာဇဝတ်မကင်းသောခြောက်လှန့်မှု)တို့ဖြင့် ထောင်ဒဏ်ခြောက်လချမှတ်လိုက်ခြင်း ဖြစ်သည်။

မြောက်ဦးမြို့တွင် စာပေဟောပြောပွဲပိတ်ပင်ရာမှ လူစုလူဝေးဖြင့် ရုန်းရင်း ဆန်ခတ်ဖြစ်ရာ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းသဖြင့် အရပ်သားခုနစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းအမှု နှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးအောင်သန်းဝေက  Facebook စာမျက်နှာမှတစ်ဆင့် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဦးတင်မောင်ဆွေ ရခိုင်ပြည်နယ်က ပြောင်းရွှေ့ခါနီးအချိန်တွင် လူသတ်တရားခံ ဖြစ်သူကို ရခိုင်ပြည်နယ်က ထွက်ခွာခွင့်မပေးနိုင်ကြောင်း၊ လူသတ်လက်နက် ကိုင်ဆောင်ထားသည့် ရခိုင်ပြည်နယ်အတွင်းရေးမှူးဦးတင်မောင်ဆွေစသဖြင့် ဦးအောင်သန်းဝေက ရေးသားခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးဖြစ်ရပ်တွင် အရပ်သား များအပေါ် ပြစ်မှုကျူးလွန်သူများကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ ယင်းသို့ကျူးလွန်သူများကို ဥပဒေအရ ကင်းလွတ်ခွင့်ပေးသလောဟုလည်း တရားရုံးက အမိန်ချမှတ်အပြီးတွင် မီဒီယာသမားများကို ပြောဆိုခဲ့သည်။

“လူသတ်ဖို့အတွက် အမိန့်ပေးသူက ဥပဒေအရ ကင်းလွတ်ခွင့်ရှိသလား”ဟုလည်း ၎င်းက ပြောဆိုသည်။

မြောက်ဦးဖြစ်ရပ်ဖြစ်ပွားချိန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးလည်း ဖြစ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြည်နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးတင်မောင်ဆွေသည် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့သွားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *