ပညာရေးကောလိပ်များကို လေးနှစ်သင် ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်မည်

ရန်ကုန်၊ အောက်တိုဘာ၂၆

မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၅ ကျောင်းကို လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

လက်ရှိပညာရေးကောလိပ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ၂ နှစ် ပညာသင်ကြားစေကာ ဆရာအတတ်ပညာဒီပလိုမာလက်မှတ်ပေးပြီး မူလတန်းပြအဖြစ် ပညာရေးဝန်ကြီးဌာနက ခန့်အပ်နေသည်။

ယင်းသို့ ဆရာ၊ ဆရာမအဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို ၂ နှစ်သင်တန်းပေးခြင်းသည် ခေတ်ကာလနှင့် မလျော်ညီသောကြောင့် ဆရာအတတ်ပညာအရည်အသွေး ပိုမိုပြည့်ဝရန် လေးနှစ်သင်ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ရခြင်းဖြစ်ကြောင်း ဒေါက်တာ အောင်အောင်မင်းက ပြောဆိုသည်။

“မူလတန်းပြဆရာတစ်ယောက်ကို ၂နှစ်နဲ့ Training ပေးတာ ဘယ် နိုင်ငံမှာမှ မရှိပါဘူး။ ဒါကြောင့် လေးနှစ်  Training ပေးမယ်။ ဘွဲ့ပေးမယ်။ အဲဒါပြီးရင် မူလတန်းပြ ဖြစ်မယ်ပေါ့။ ဒီအစိုးရ တက်တဲ့အချိန် အဲဒါပြင်ခိုင်းလို့ ပြင်တာပါပဲ” ဟု ၎င်းက ဆိုသည်။

ထိုအပြင် အခြေခံပညာကျောင်းများတွင် မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာအတတ်ပညာဒီပလိုမာလက်မှတ်ရ ဆရာ၊ ဆရာမများကို စာပေး၊ စာယူစနစ်ဖြင့် ပညာရေးဘွဲ့ရယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဒေါက်တာအောင်အောင်မင်းက ပြောဆိုသည်။

ပညာရေးကောလိပ် ၂၅ ကျောင်းကို လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် လာမည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်နိုင်ရန် မျှော်မှန်းထားပြီး ဒီဂရီကောလိပ်များတွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများမှာလည်း ရေးဆွဲပြီးစီးနေပြီဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရသည်။

အဆိုပါသင်ရိုးများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရှေ့ပြေးအစီအစဉ်အဖြစ် ရန်ကင်းပညာရေးကောလိပ်နှင့် မန္တလေးပညာရေးကောလိပ်တွင် စတင်သင်ကြားမည်ဖြစ်ပြီး လိုအပ်ချက်များရှိပါက ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

“အခု ဒီပလိုမာပြီးတဲ့သူတွေက KG+12 စနစ်သစ်ကို မလိုက်နိုင်ဘူး။ လက်ရှိသင်ရိုးညွှန်းတမ်းကလည်း ၁၉၉၈ ကတည်းက ဆိုတော့ ကြာနေပြီ။ လေးနှစ်သင်ဆိုတော့ အကုန်လုံးကို တစ်ခါတည်း ပြင်လိုက်တော့တယ်”ဟု ၎င်းက ဆိုသည်။

လေးနှစ်သင်ပညာရေးကောလိပ်အဖြစ် ပြောင်းလဲလျှင် အခြေခံပညာကျောင်းများရှိ ဒီပလိုမာလက်မှတ်သာရထားသော ဆရာများသည် ဒီဂရီကောလိပ်များတွင် အဝေးသင်ဘွဲ့ယူရန် ကြိုးစားကြမည်ဖြစ်ရာ အလုပ်မှ ခွင့်ယူမှုများရှိလာနိုင်ကြောင်း မကွေးပညာရေးကောလိပ် ကျောင်းသားဟောင်း ကိုဇင်ကိုဝင်းက ပြောကြားသည်။

“အခြေခံကလေးတွေအတွက် နစ်နာမှုတွေ ဖြစ်နိုင်တယ်။ ကျွန်တော့်အမြင်ကတော့ ပညာရေးကောလိပ်ကို ပုံမှန်အတိုင်းဖွင့်ပြီးတော့ ဆရာတွေကို ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်အောင် လေ့ကျင့်ပေးဖို့ပဲ”ဟု မကွေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ၏ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ၎င်းက ဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *