အသစ်ထွက်မော်တော်ယာဉ်မူဝါဒ SKD လုပ်ငန်းများကိုဆက်လက်အားပေး

ရန်ကုန်၊ အောက်တိုဘာ ၂၆

၂၀၁၉ ခုနှစ် အတွက် ထွက်ရှိလာသော မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒသည် ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်သည့် (Semi Knock Down) မော်တော်ယာဉ် လုပ်ငန်းများကို အားသာစေကြောင်း ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက၂၀၁၉ ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို အောက်တိုဘာလ ၂၆ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“SKD လုပ်ငန်းတွေကိုတော့ စက်မှုဝန်ကြီးဌာနရဲ့ ဦးစားပေးလည်းဖြစ်တော့ ဒီမူဝါဒက အားသာစေတာ အမှန်ပါပဲ”ဟု မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းထုတ်လုပ်ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးရန်မျိုးအောင်က ဆိုသည်။

ထိုပြင် လက်ရှိထုတ်ပြန်လိုက်သော မူဝါဒသည်၂၀၁၈ခုနှစ်တွင်ထုတ်ပြန်ခဲ့သော မူဝါဒများကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့ချရေး၊ သွင်းကုန်လျှော့ချရေးနှင့် SKD အားပေးရေးတို့ကို ရည်ရွယ်လျက် ရှိသည်။

ယာဉ်အို၊ယာဉ်ဟောင်းစလစ်ဖြင့် လူစီးယာဉ်တင်သွင်းခွင့်ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထုတ်ယာဉ်များ၊ ဖရီးပါမစ်ဖြင့် တင်သွင်းခွင့်ကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထုတ်ယာဉ်များ (၁၃၅၀ စီစီအောက် ဘယ်မောင်းလူစီးယာဉ်များ) ကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အသစ်ထွက် မော်တော်ယာဉ်မူဝါဒထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးသည်တင်ယာဉ်များကိုမူ ယာဉ်အို ယာဉ်ဟောင်းစလစ်ဖြင့် ဖြစ်စေ၊ ဖရီးပါမစ်ဖြင့် ဖြစ်စေ မခွဲခြားဘဲ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထုတ် ယာဉ်များတင်သွင်းခွင့်ပေးမည် ဖြစ်သည်။

“ဘာမှ ထူးခြားတာ မရှိဘူး။ အရင်နှစ်တွေက ထုတ်သလိုမျိုး နှစ်အလိုက်သတ်မှတ်ချက်တွေ တက်သွားတာပဲ ရှိတယ်။ ပုံမှန်ပဲ”ဟု ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ထွန်းက ပြောကြားသည်။

ပြက္ခဒိန်နှစ်သစ်တစ်ခုအတွက် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို နှစ်မကုန်မီ သုံးလခန့် ကြိုတင်ထုတ်ပြန်ပြီး မော်တော်ယာဉ်မူဝါဒသစ်ထုတ်ပြန်ချိန်တိုင်း မော်တော်ယာဉ်ဈေးကွက် လှုပ်ခတ်လေ့ရှိသော်လည်း ယခုနှစ်တွင် ဈေးကွက် ငြိမ်သက်နေကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။

“ထုတ်ပြန်တဲ့ မူဝါဒတွေက လူတစ်စုကောင်းစားရေးအတွက် ပါပဲဗျာ။ ဒီမှာ  SKD တပ်ဆင်ထုတ်လုပ်တယ်ဆိုပြီး ပြောပေမယ့် တကယ်ကျ ဟိုက အလုံးလိုက် သွင်းပြီး ပြန်ရောင်းကြတာပါပဲ”ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဆိုသည်။

၂၀၁၈ ခုနှစ်က စတင်ကာ ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းခွင့်ပြုလိုက်ခြင်းကြောင့် မြန်မာကြိုက်ဂျပန်တစ်ပတ်ရစ် ညာမောင်းယာဉ်များ တင်သွင်းခွင့်မရတော့ခြင်းကြောင့် မော်တော်ယာဉ်ဈေးကွက်လည်း အေးလာခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“ဘယ်မောင်းဆိုတော့ ဂျပန်ကားက သွင်းလို့မရတော့ဘူး။ ဥရောပကားတွေကျတော့လည်း ဈေးကွက်ရဖို့ ခက်တာပေါ့။ ပြည်တွင်းမှာလည်း SKD (ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်း)ရှိတယ်။ အဲဒီ တော့ ၂၀၁၉ ကားမူဝါဒကို ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ အရင်ဆို ဒီအချိန် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီ”ဟု ၎င်းက ဆိုသည်။

တင်သွင်းရမည့် ယာဉ်မော်ဒယ်နှစ်(ထုတ်လုပ်သည့်ခုနှစ်)မြှင့်လိုက်သည့် အတွက် ပြည်ပမှ တစ်ပတ်ရစ်ယာဉ်များတင်သွင်းရန် ရှားပါးပြီး ယာဉ်အသစ်များမှာလည်း အခွန်အခများကြောင့် ဈေးနှုန်းကြီးမြင့်သဖြင့် ပြည်တွင်းထုတ်ယာဉ်များကိုသာ ဝယ်ယူကြကြောင်း ၎င်းက ဆိုသည်။

လက်ရှိမော်တော်ယာဉ်မူဝါဒသည် ပြည်တွင်း၌ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် (CKD၊ SKD) လုပ်ငန်းများအတွက် အဓိကအားသာချက်ရှိပြီး ပြည်ပမှ တင်သွင်းရောင်းချသည့် လုပ်ငန်းများအတွက် အားသာချက်မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ ဆူဇူကီး၊  KIA နှင့် Ford အစရှိသောကုမ္ပဏီတို့က SKD စနစ်ဖြင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *