တနင်္သာရီဂျာနယ်အမှု ဆက်လက်စစ်ဆေးရန် တရားလွှတ်တော်ချုပ်အမိန့်ချ

ရန်ကုန်၊ အောက်တိုဘာ ၂၆

သရော်စာရေးသားမှုကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုခြင်းခံထားရသည့် တနင်္သာရီဂျာနယ်အမှုကို ဆက်လက်စစ်ဆေးရန် နိုင်ငံ၏အမြင့်ဆုံး တရားလွှတ်တော်ချုပ်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချလိုက်သည်။

‘မဲဆွယ်အပြုံး’ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းကို တိုင်းဒေသကြီးအစိုးရက တရား စွဲဆိုထားခြင်းဖြစ်ပြီး ယင်းအမှုကို ချေဖျက်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်သို့ ဂျာနယ်ဘက်မှ လျှောက်ထားခဲ့သော်လည်း ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အဆိုပါလျှောက်ထားမှုကို ပလပ်လိုက်ကာ အမှုကို ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

အမှုကို ဆက်လက်စစ်ဆေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချလိုက်ပြီဖြစ်ရာ ယင်းအမှုနှင့် ပတ်သက်၍ ထားဝယ်မြို့နယ်တရားရုံးတွင် အမှုကို ဆက်ပြီး စစ်ဆေးသွားမည်ဖြစ်ရာ အနိုင်ရရှိရေးအတွက် ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ပြီး အကောင်းဆုံးခုခံချေပနိုင်ရေးအတွက် ရှေ့နေများနှင့် တိုင်ပင်လုပ်ဆောင်သွားမည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

“မျှော်တော့ မျှော်လင့်ထားတာပေါ့၊ မျှော်လင့်ချက်က လျှော့လိုက်လို့မှ မရတာကိုး။ ဆိုတော့ စိတ်လျှော့လိုက်ရင် ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူးလေ”ဟု ဦးမျိုးအောင်က ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အခြေစိုက်သည့် အဆိုပါဂျာနယ်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ပါရှိခဲ့သည့် ‘မဲဆွယ်အပြုံး’သရော်စာသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကိုထိခိုက်သည်ဟု ဆိုကာ သတင်းမီဒီယာဥပဒေပုဒ်မ၂၅(ခ)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဂျာနယ်တွင် ပါရှိခဲ့သည့် သရော်စာနှင့်ပတ်သက်၍ တရားစွဲဆိုမှုကို အစိုးရဘက်က မြန်မာနိုင်ငံသတင်းမီဒီယာဥပေဒပါပြဋ္ဌာန်းချက်ဖြစ်သည့် အငြင်းပွားဖွယ်ရာကိစ္စ တစ်စုံတစ်ရာအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် ဦးစွာဖြေရှင်းစေခြင်းမပြုခဲ့ဘဲ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)အရ တရားစွဲဆိုခံရသူသည် ဒဏ်ငွေကျပ်သုံးသိန်းမှ ကျပ်၁၀သိန်းအထိ ချမှတ်နိုင်သည်။

အမှုနှင့်ပတ်သက်ပြီး တရားလိုဘက်ခြမ်းကို စစ်ဆေးလျက်ရှိပြီး လာမည့်ရုံးချိန်း တွင် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးရန်ကျန်ရှိကာ ပြီးလျှင် တရားခံဘက်ခြမ်းကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။

စစ်ဆေးပြီးစီးသည့်အခြေအနေများတွင် တရားလိုပြသက်သေများကို စစ်ဆေးပေါ်ပေါက်ထားချက်များအရ မိမိတို့အနေနှင့် အားရကျေနပ်မှုရှိနေကြောင်း ဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက ဆိုသည်။

အမှုကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်ဆေးရန် ထားဝယ်မြို့နယ်တရားရုံးက ချိန်းဆိုထားသည်။

သရော်စာရေးသားမှုအပါအဝင် သတင်းမီဒီယာများတွင် ဖော်ပြပါရှိမှုများနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အသိုင်းအဝိုင်းတို့က မကြာခဏတရားစွဲဆိုမှုများရှိနေခဲ့ပြီး လတ်တလောမှာပင်  Weekly Eleven သတင်းဂျာနယ်ပါဆောင်းပါးနှင့် ပတ်သက်၍ အယ်ဒီတာ သုံးဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားသည်။

ယင်းအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် ကနဦးဖြေရှင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားသော်လည်း လက်ရှိအချိန်အထိ အမှုကို ရုပ်သိမ်းခြင်း မပြုသေးပေ။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *