“အိမ်မကြီးလည်း ကျွန်တော်က လုံးဝမရဘူးဆိုတာ ဒါမဟုတ်တရုတ်ပဲ ကျွန်တော် အဲ့လိုယူဆတယ်”

ဓာတ်ပုံ - မြင့်မိုးညို

ဦးအောင်ဆန်းဦးနှင့် တွေ့ဆုံခြင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေပြီး မိခင်ဒေါ်ခင်ကြည်၏အမွေဖြစ်သော ခြံအမှတ် ၅၄ကို လေလံပစ်၍ ရရှိလာသည့် ငွေကြေးကို နှမဖြစ်သူနှင့် ခွဲဝေယူရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အထူးအယူခံတင်သွင်းခဲ့သော ဦးအောင်ဆန်းဦးနှင့် The Voice Journal က ဆက်သွယ်မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြပါသည်။

The Voice Journal: ဒီခြံနဲ့ပတ်သက်ပြီး ငယ်ဘ၀အမှတ်တရ ဘာတွေရှိခဲ့လဲ။

UASO – ၁၉၅၆ လောက်က ကျွန်တော်တို့ အဲဒီခြံထဲရောက်သွားတယ်ပေါ့လေ။ ခြံက ၁ ဒသမ ၉၂၃ ဧက ရှိတယ်။ ခြံထဲမှာ အိမ်မကြီးရှိတယ်။ ခြံအရှေ့ဘက်ပိုင်းမှာ ဗိုလ်တဲအကြီးစားလိုဟာမျိုးတစ်ခု ရှိတယ်။ ကျွန်တော်တို့ကတော့ အိမ်မကြီးမှာ နေတယ်။ ဗိုလ်တဲအကြီးစားမှာ ကျွန်တော့်ဒေါ်လေးနဲ့ သူ့မိသားစုနဲ့ ပေါ့လေ။ ကျွန်တော်က ၁၉၅၉ မှာ ဆယ်တန်းအောင်တယ်။ အင်္ဂလန်ထွက်သွားတယ်။ နောက်ပိုင်းမှာ ကျွန်တော်က ကျောင်းပိတ်ရက်မှာတော့ အင်္ဂလန်ကနေ မြန်မာပြည်လာရင် အဲဒီအိမ်မှာပဲ တည်းတာပေါ့။ နောက်ပိုင်းမှာက ၁၉၈၈ အမေ ဒီဇင်ဘာမှာဆုံးတော့ အဲဒီတုန်းက ကျွန်တော်က အမေရိကန်နိုင်ငံသားဖြစ်နေပြီဆိုတော့ အဲဒီတော့မှ ဗိုလ်ချုပ်စောမောင်က အထူးခွင့်ပြုချက်ပေးလို့ အမေ့ဈာပနအတွက် လာခွင့်ရတယ်။ ဟိုမှာလည်း ဗိုလ်ချုပ်အောင်ဆန်းသားဆိုလို့ အခုဗိုလ်ချုပ်တွေရဲ့ သားသမီးလို အကြီးအကျယ်ချမ်းသာနေတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ်လုပ်စားနေရတဲ့အခါ အလုပ်ရအောင် အမေရိကန်နိုင်ငံသား ခံယူရတာပေါ့။ ဒါက အခြေအနေအရပါ။ မြန်မာပြည်သား ပြန်ဖြစ်အောင် ခေါင်းထဲမှာ ရှိပါတယ်။ အခြေအနေစောင့်ကြည့်နေတယ်။ အခုအမွေကိစ္စပြီးမှ အဲဒါကို နောက်တစ်ဆင့် စဉ်းစားရမှာကိုး။

The Voice Journal: လက်ရှိနေထိုင်နေမှုကို သိပါရစေ။

UASO: ပုဂံမှာလည်း တစ်နှစ်ကို ခြောက်လနီးပါး၊ အမေရိကန်မှာ ခြောက်လနီးပါးနေတယ်။ အခုဩဂုတ်လကတည်းက ရောက်နေတာ။ လဆန်းလောက်ကတည်းက။

The Voice Journal: လက်ရှိဘာတွေလုပ်ဖြစ်နေပါသလဲ။

UASO: ပုဂံမှာ ကျွန်တော်ကြည့်ထားတဲ့ ကလေး ၂၈ ယောက်လောက် ရှိတယ်။ သူတို့အတွက် ကျန်းမာရေးအတွက်လည်း ဂရုစိုက်ပေးတယ်။ အာဟာရစိုက်ပေးတယ်။ သူတို့ပညာရေးအတွက်လည်း စိုက်ပေးတယ်။ သူတို့မိဘတွေလည်း အကူအညီလိုရင် ပေးတယ်။ ဒီရွာအတွက်လည်း ထရန်စဖော်မာလည်း လုပ်ပေးတယ်။ မီးတိုင်တစ်ရာကျော်လည်း လုပ်ပေးတယ်။ ရွာကိုလည်း တဖြည်းဖြည်းအဆင့်မြင့်လာအောင် လုပ်ပေးတယ်။

The Voice Journal: ခြံကိစ္စနဲ့ ပတ်သက်ပြီး သိပါရစေ။

UASO : မခွဲခင်ကတည်းက မြန်မာဗုဒ္ဓဘာသာထုံးတမ်းစဉ်လာဥပဒေအရ အမွေခံတွေက ညီတူညီမျှရရမယ်။ အဲဒီတော့ ကျွန်တော်တို့က နှစ်ယောက်ပဲရှိတော့ တစ်ယောက်တစ်ဝက်ရရမှာပေါ့ သဘောက။ ၂၀၁၂ ကတည်းက ဒီဟာကတစ်ယောက်တစ်ဝက်တန်ဖိုးအရ ခွဲရမယ်လို့ကို ဆုံးဖြတ်ပြီးသား။ နောက်ထပ် စုကြည်ဘက်က အယူခံသုံးခါတောင်မှ သူတို့ တက်ခွင့်ပေးတယ်။ အဲဒီတော့ တက်ခွင့်ပေးတဲ့အခါမှာလည်း ၂၀၁၅ ဧပြီမှာ နောက်ဆုံးတတိယအကြိမ်မှာလည်း နေပြည်တော်က အမြင့်ဆုံးနှစ်ပါးထိုင်ကနေ တစ်ယောက် တစ်ဝက်ဆိုတာပဲ။ ဒါပေမဲ့ ဦးသိန်းစိန်သမ္မတ သက်တမ်းမကုန်ခင်တော့ ကော်မရှင်နာနဲ့ လက်တွေ့မှာ ဘယ်လိုခွဲမလဲဆိုတာကို ဆုံးဖြတ်မှုက မစသေးဘူး။ စချင်တော့ စမယ်။ ဘယ်မှ မရောက်သေးဘူး။ အဆုံးနီးပါး မရောက်ဘူး။ အခု NLD အစိုးရတက်လာပြီးတော့မှ ကော်မရှင်နာနဲ့ တရားသူကြီးက ကျွန်တော်ရရမယ့် တစ်ဝက်ထက် နည်းတဲ့ မြေကြီးပဲ ရခွင့်ပေးမယ်။ အိမ်မကြီးလည်း စုကြည်က အကုန်လုံးရရမယ်ဆိုပြီးတော့ ကျွန်တော်ကတော့ ဒါက မဟုတ်တရုတ်ဆုံးဖြတ်ချက် လုပ်ပေးတယ်လို့ ယူဆတယ်။ ဘောင်ကျော်ပြီးတော့ အမြင့်ဆုံးတရားသူကြီးအဆင့်က တစ်ယောက်တစ်ဝက်လို့ သတ်မှတ်ထားတာကို ဘောင်ကျော်ပြီးတော့ တစ်ဝက်ထက်လည်း မြေကြီးအရ နည်းသေးတယ်။ အိမ်မကြီးလည်း ကျွန်တော်က လုံးဝမရဘူးဆိုတာ ဒါ မဟုတ်တရုတ်ပဲ ကျွန်တော်အဲ့လို ယူဆတယ်။ အဲဒါကြောင့် အခုပြန်ပြီးတော့ ဒါကို အယူခံတက်နေတာပေါ။ ဒီအရေးက သက်တမ်းက ၁၈ နှစ်မက ကြာနေပြီ။

The Voice Journal: ဒီခြံကို လေလံတင်ချင်တာဘာ့ကြောင့်ပါလဲ။

UASO : (လက်ရှိ) ရတာက နည်းတာမဟုတ်ဘူး။ ရတာက မတရားတာ။ မတရားတာနဲ့ နည်းတာနဲ့ တခြားစီပဲ။ ဥပဒေအရ တရားသဖြင့် ဆုံးဖြတ်ပေးရမှာကို မတရားသဖြင့် ဆုံးဖြတ်ပေးတဲ့ အနေအထားရှိလို့ မကျေနပ်လို့ အခုအယူခံတက်တာ။ တကယ်တော့ သူတို့ဘက်က ညှိမယ် ပြောပြီးတော့ လေနဲ့ပဲ ညှိနေတယ်။ အခုထက်ထိတော့ ဘာမှ သေချာညှိတာလည်း သတိမထားမိသေးဘူး။ အဲဒီတော့ လေလံပစ်ပြီး တစ်ယောက်တစ်ဝက်ရအောင် ခွဲမယ်ဆိုတာကတော့ သူတို့ဘက်က ကျေနပ်အောင်ညှိပေါ့။ ညှိတာက နှစ်မျိုးအတွက် ရှိတယ်။ တစ်မျိုးက ဘာလဲဆိုတော့ သူတို့က အခုခြံကြီးကို အကုန်လုံးကို လိုချင်တယ်။ အဲဒါက သူတို့မတတ်နိုင်ရင်တော့ ကျွန်တော့်ကို ခြံတစ်ဝက်ပေးပြီး အိမ်ကိုတော့ ညှိရမှာပေါ့ ဟုတ်တယ်မလား။ သူတို့ဟာ သူတို့ ဘာညှိချင်မှန်းဆိုတာ ကျွန်တော် အခုထက်ထိမသိသေးဘူး။

The Voice Journal: သမိုင်းကြောင့်ရှိတဲ့ အိမ်ဖြစ်တယ်လို့ ပြောဆိုနေကြတဲ့အပေါ် မှတ်ချက်ပေးပါဦး။

UASO: အဲဒါက ကျွန်တော်ရှင်းရှင်းပြောမယ်။ ကျွန်တော်က မခံယူဘူး။ ကျွန်တော်က အရေးကြီးတဲ့ပုဂ္ဂိုလ်။ ကျွန်တော် မခံယူဘူး။ ကျွန်တော့်ကို တရားသဖြင့် လုပ်ပေးရမှာပဲ ကျွန်တော်ခံယူမယ်။ ကျွန်တော့်ကို မတရားလုပ်ချင်တာ ကျွန်တော် မခံယူနိုင်ဘူး။

The Voice Journal: ဒီအိမ်ကို သက်ရှိပြတိုက်တစ်ခုအနေနဲ့ ထိန်းသိမ်းသွားမယ်ဆိုရင်ရော ဘယ်လိုမြင်ပါသလဲရှင့်။

UASO: ကျွန်တော်က ဒါကို တရားသဖြင့် လုပ်ရမယ်။ ဒါအရင်ဆုံးပဲ။ ဒီတိုင်းပြည်ကြီး လိုနေတာက တရားသဖြင့် အုပ်ချုပ်ရမယ့် နိုင်ငံအနေနဲ့ Process အများဆုံးပဲ။ ဒီတိုင်းပြည်ကြီးက လွတ်လပ်ရေးရပြီးကတည်းက မတရားသဖြင့် လုပ်နေတာတွေက အများကြီး။ အဲဒါတွေကို စပြောင်းဖို့ အချိန်ရောက်နေပြီ။ အခုလို မတရားလုပ်ပြီးတော့ တောင်ပြောမြောက်ပြောလျှောက်ပြီးတော့ မစဉ်းစားတတ်တဲ့ လူပြိန်းတွေ လျှောက်ပြောနေတာတော့ ကျွန်တော်က လိုက်ပြီးတော့ သူတို့ကျေနပ်အောင် ဘာတစ်ခုမှ လုပ်ပေးမှာ မဟုတ်ဘူး။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *