စိတ်ဖိစီးမှု မရှိလျှင်

လူတို့သည် ဖိစီးမှုကို ကြောက်လေ့ရှိသည်။ သို့သော် ဖိစီးမှုမရှိလျှင် လူဖြစ်မလာ။

စိတ်ဖိစီးမှုကို Stress ဟုလည်း အင်္ဂလိပ်ဘာသာအတိုင်း သုံးနှုန်းလေ့ရှိကြသည်။ ‘အခုတစ်လော အရမ်း Stress များတယ်’

‘အလုပ်က Stress များတယ်’ ဟု ညည်းကြလေ့ရှိသည်။ သို့သော် Stress မရှိလျှင် လူဒုက္ခရောက်သွားမည်။ စင်စစ် Stress က လူကို ဖန်တီးသည်ဟုပင် ပြောနိုင်သည်။

အအောင်မြင်ဆုံးသူများသည် စိတ်ဖိစီးမှုကို အကောင်းဆုံးအသုံးချနိုင်ခဲ့သူများ ဖြစ်သည်။ ကမ္ဘာကို ပြောင်းလဲနိုင်ခဲ့သည့် နိုင်ငံရေးခေါင်းဆောင်များ၊ သိပ္ပံပညာရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များသည်  စိတ်ဖိစီးမှုမခံရဘဲနှင့် အောင်မြင်ခဲ့ကြသည်များ မဟုတ်ပါ။ သူတို့သည်  စိတ်ဖိစီးမှုနှင့် လည်ပင်းဖက်ပေါင်းကြသူများ ဖြစ်သည်။ အောင်မြင်ချင်လျှင် စိတ်ဖိစီးမှုကို ရှောင်မရ။

စိတ်ဖိစီးခြင်းသည် အခက်အခဲမှ လာသည်။ တော်အောင်ကျင့်ခြင်း၏ အနှစ်သာရကပင်လျှင် အခက်အခဲကို ကျော်ရခြင်းဖြစ်သည်။ အခက်အခဲက သေးလွန်းလျှင် စိတ်မဖိစီး၊ အေးအေးဆေးဆေးသာ ဖြစ်သည်။  အေးဆေးခြင်းသည် Comfort Zone ခေါ် သက်သောင့်သက်သာ  နေရာ ဖြစ်သည်။ ထိုနေရာကို မကျော်လျှင် အရည်အချင်းမတက်ပါ၊ ရှင်းပါသည်။ အခက်အခဲအသေးကို ကျော်နိုင်လျှင် ထိုထက်ကြီးသည်ကို ကျော်ရသည်။ အခက်အခဲသေးသေးကို ကျော်ရသည်ကိုသာ  ဇိမ်တွေ့နေလျှင် မတိုးတက်တော့။ တစ်သက်လုံး ထိုအတိုင်း သွားပေရော့။ လုပ်သက် နှစ်၂၀ မက ၃၀ ပင်ရှိရှိ ဒုံရင်းဒုံရင်း။ သူတို့သည် လုပ်သက် နှစ် ၂၀ ရှိသော်လည်း လုပ်သက်တစ်နှစ်ကို ၂၀ နှင့်မြှောက်ထားခြင်းသာ။  အခက်အခဲကို တစ်နှစ်ကျော်ပြီးသည်နှင့် ကျေနပ်သွားသည့် အတွက်ကြောင့်။

ကမ္ဘာကျော်ပုဂ္ဂိုလ်များ တိုးတက်အောင်မြင်ပုံများကို လေ့လာကြသည့်အခါ Deliberate Practice ‘တမင်တကာ လေ့ကျင့်ခြင်း’  ဆိုသည့်အရာကို သွားတွေ့ကြသည်။ ထိုသို့လေ့ကျင့်ကြရာတွင် ကိုယ့်စွမ်းဆောင်ရည်ကို အကဲဖြတ်ပြီး အားနည်းချက်များကို သတိထားကာ ပြုပြင်ကြခြင်းကို ‘တမင်တကာလေ့ကျင့်ခြင်း’ ဟု ပြောခြင်းဖြစ်သည်။ အားနည်းချက်များကို ကျော်လွှားနိုင်လျှင် နောက်တစ်ဆင့်မြှင့်ပြီး ကျင့်ကြရသည်။ အခက်အခဲများကို တစ်ဆင့်ပြီး တစ်ဆင့်တင်သွားပြီး  ကျော်လွှားကြရခြင်းဖြစ်သည်။

အခက်အခဲကို ကျော်လွှားခြင်းသည် အရည်အချင်းကို မြှင့်တင်သလို စိတ်ကိုကျင့်ပေးခြင်းလည်း ဖြစ်သည်။ လူတို့၏ စိတ်ရင်းမှန်ကို အခက်အခဲကြုံမှသာ တွေ့ကြရသည်။ စိတ်ကြံ့ခိုင်သူဟု သာမန်အချိန်တွင် ထင်ရသူသည် ကြက်ရေးငှက်ရေးတွင် ချက်ချင်းပြိုဆင်းသွားသူဖြစ်တတ်သည်။ အိမ်တွင် စာသင်ခန်းထဲတွင် သင်္ချာကောင်းသူသည် စာမေးပွဲဖြေရသည့်အခါ တစ်ပုဒ်၊ နှစ်ပုဒ်သာ ဖြေပြီး လက်လျှော့ထွက်ပြေးလာသူဖြစ်တတ်သည်။

ကာယဗလလေ့ကျင့်လျှင် အလေးကို တိုးတိုးပြီး မကြသည်။  ယခင်က ၁၀ ပေါင်ဆိုလျှင် မနည်းမရသည်။ တဖြည်းဖြည်းနှင့် ကျင့်သား ရလာသည်ဆိုလျှင် ၁၀ ပေါင် မနိုင်သွားပြီ။ စွမ်းရည်တက်လာသည်။  ထိုအခါကျလျှင် အလေးတိုးပြီး ၁၅ ပေါင်မရသည်။ ထိုနည်းနှင့် တိုးတက် ကြရသည်။

အချို့မှာ ပြည့်စုံလွန်းသဖြင့် အစစအရာရာ အဆင်သင့်ဖြစ်နေကြတတ်သည်။ မည်သည့်အခက်အခဲမျှ ကျော်စရာမလို၊ မဖိစီးသည့်အတွက် အရည်အချင်းက တက်သင့်သလောက် တက်မလာတတ်ကြ။  ထိုအခါမျိုးတွင် မိဘကိုယ်တိုင်က အခက်အခဲကို ဖန်တီးပေးရသည်။  အခက်အခဲကို ကျော်ခိုင်းထား၊ တစ်ခုခုဆိုလျှင် ကိုယ်က အသင့်အနေ အထားနှင့် မလှမ်းမကမ်းက အကဲခတ်ရမည်။ ကိုယ်ပိုင်လုပ်ငန်းရှိလျက် သားနှင့် အခြားသူ၏ လုပ်ငန်းတွင် သားသမီးကို ဝင်လုပ်ခိုင်းခြင်းမျိုး။  ခရီးတစ်ခုခုကို သူ့ချည်းလွှတ်လိုက်ခြင်းမျိုး။ ကားနှင့် ကိုယ်တိုင် လိုက်ပို့ လိုက်ကြို လုပ်ပေးရာမှ ဘတ်စ်ကားစီးခိုင်းခြင်းမျိုး။

တစ်ခုတော့ ရှိသည်။ အခက်အခဲက ကြီးလွန်းလျှင် တစ်ခါတည်း ပွဲပြီးသွားသည်။ နာလန်မထူနိုင်တတ်။ ထို့ကြောင့် အခက်အခဲကို မနိုင် ရင် ကာလည်း မထမ်းသင့်။ ကိုယ့်အနေအထားနှင့် ကိုယ်ချိန်ကြည့်သင့် သည်။ ပေါင် ၂၀၊ ၃၀ ပင် ယခုမှစပြီး မမည့်သူက ပေါင် ၃၀၀ တန်း မလျှင်  ခါးကျိုးသွားမည်။ ထို့ကြောင့် အခက်အခဲကို ကျော်လွှားသည့် အကျင့် မွေးထားသင့်သည်။ အခက်အခဲကို ကျော်လွှားနေကျသူသည် တော်ရုံ တန်ရုံ အခက်အခဲကို မကြောက်၊ ကျော်လွှားနိုင်သည်။ အခက်အခဲကို  ဖြေရှင်းကျင့်မရှိလျှင် နင်လားငါလား အခက်အခဲ ကြီးကြီးမားမားနှင့်  ကြုံလျှင် တစ်ချီတည်း ဗုန်းဗုန်းလဲသွားနိုင်သည်။

ဧရာမအခက်အခဲများကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်သူသည် သူ့ကိုယ်သူပင် မမှတ်မိလောက်အောင် ပြောင်းလဲသွားတတ်သည်။ နဂိုကထက် အဆပေါင်းများစွာ ရင့်ကျက်သူ၊ စိတ်ဓာတ်ခိုင်မာသူ၊  အရည်အချင်းပြည့်ဝသူ ဖြစ်လာတတ်သည်။ ‘What does not kill me makes me stronger’  ‘ငါ့ကို သတ်လို့မသေရင် ငါ ပိုသန်စွမ်းလာတယ်’ ဟူသော ဂျာမန်အတွေးအခေါ်ရှင် Friedrich Nietzsche ၏ စကားရှိသည်။ သို့သော် အခက်အခဲကို ရင်ဆိုင်ရလေ့မရှိသူများအတွက်  ဧရာမအခက်အခဲမဆိုထားနှင့်၊ တော်ရုံအခက်အခဲများသည်ပင် သူတို့ကို သေအောင် သတ်နိုင်သည့်အတွက် အခက်အခဲကို ရင်ဆိုင်သည့်အကျင့် လုပ်ထားသင့်သည်။

အခက်အခဲနှင့် ရင်ဆိုင်ရပြီး စိတ်ဖိစီးသည့်အခါ ‘ငါ့ဘ၀ ဆိုးလှချည်လား’ မတွေးပါနှင့်။ ကိုယ်တိုးတက်အောင် လာကျင့်ပေးနေသည်သာ မှတ်ပါ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *