ခြံအမှတ် ၅၄ အမွေရှင်းတမ်း

မိသားစုပိုင်ပစ္စည်းကို ခွဲဝေယူခြင်းသည် သာမန်ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင်။ သို့သော်ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံတစ်ခြံကို အမွေခွဲဝေရန် လုပ်ဆောင်မှုမှာမူ ကမ္ဘာကျော်သတင်းတစ်ပုဒ်ဖြစ်လာသည့်အပြင် ဝေဖန်သံများသောသောညံသွားသည်။

အဘယ်ကြောင့်နည်း။

မြန်မာ့ဒီမိုကရေစီခရီးစဉ်ထဲ သူ ပါဝင်ခဲ့သည်။ ယခုမူ သူနှင့်ပတ်သက်သော အမျိုးမျိုးသော ထင်မြင်ချက် ဝေဖန်ချက်များထဲတွင် သူက တိတ်တိတ်ဆိတ်ဆိတ် ပါဝင်နေဆဲ။ သူဆိုသည်မှာ ယနေ့တိုင် သမိုင်းကြောင်းများစွာတည်ရှိနေဆဲဖြစ်သည့် ကမ္ဘာကျော်ခြံအမှတ် ၅၄ ပင်။
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်သည် လေလံအောင်၍ ဝယ်ယူခဲ့သော ထိုအိမ်မှာပင် ခေါင်းချခဲ့သည်။ ဗိုလ်ချုပ်၏သမီးဖြစ်သော ဒီမိုကရေစီခရီးကြမ်းကို လျှောက်လှမ်းခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံရသည့် ၁၆ နှစ် နီးပါးကို ထိုခြံအတွင်း ဖြတ်သန်းခဲ့ရသည်။

ထိုတန်ဖိုးများရှိနေသော ခြံအမှတ် ၅၄ မှာ တစ်နည်းအားဖြင့်ဆိုရသော် ငွေကြေးနှင့် တန်ဖိုးဖြတ်မရနိုင်သည့် ကမ္ဘာကျော်သက်ရှိပြတိုက်တစ်ခု မဟုတ်ပါလား။

ကမ္ဘာပေါ်တွင် သက်ရှိပြတိုက်များစွာရှိသည်။

သက်ရှိပြတိုက်ဆိုသည်မှာ သမိုင်းဆိုင်ရာ အဖြစ်အပျက်များကို ဖော်ပြတတ်ပြီး လက်တွေ့ကျကျ ဖော်ထုတ်ခင်းကျင်း ပြသကြခြင်းဖြစ်သည်။ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်သမိုင်းအဖြစ်အပျက်များကို အပြည့်စုံဆုံး ဖန်တီးပြသကြပြီး ကြည့်ရှုရသူများအတွက် ကိုယ်တိုင် ပါဝင်ကြုံတွေ့ခဲ့ရသလို ခံစားမှုမျိုး ပေးနိုင်ကြသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်းထဲတွင် ကမ္ဘာကျော် အဆောက်အအုံတစ်ခုရှိသည်။ ထိုအဆောက်အအုံကို ၁၇၃၅ ခုနှစ်ကတည်း က ဗြိတိသျှဝန်ကြီးချုပ် အဆက်ဆက်၏ နေအိမ်ရုံးခန်းအဖြစ် အသုံးပြုခဲ့သည်။

ရောဘတ်ဝဲလ်ပိုးလ် (Robert  Walpole)၊ ဝင်စတန်ချာချီ (Winston  Churchill)၊ မာဂရက်သက်ချာ (Margaret Thatcher) အပါအဝင် အကျော်ကြားဆုံး ဗြိတိန်နိုင်ငံရေး ခေါင်းဆောင်များထဲက အချို့မှာ ထိုနေရာတွင် နေထိုင်ရင်း အလုပ်လုပ်ခဲ့ကြသည်။ လက်ရှိတွင်လည်း ဗြိတိန်၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သူ Theresa  May က နေထိုင်နေဆဲဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက သမ္မတအဆက်ဆက် အုပ်ချုပ်စီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့သည့် အိမ်ဖြူတော်သည်လည်း ကမ္ဘာကျော်နိုင်ငံ့ခေါင်းဆောင်များ သက်ဝင်လှုပ်ရှားခဲ့ရာ နေရာတစ်ခုဖြစ်သည်။ ယနေ့တိုင်လည်း ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်။

စင်ကာပူဝန်ကြီးချုပ် လီကွမ်ယု၏ နေအိမ်သည်လည်း ၎င်းကွယ်လွန်ပြီးနောက်တွင် ကျန်ရစ်သောသားသမီးသုံးဦးအတွက် အမွေဆက်ခံခွင့် ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။

၁၉၄၅ မှ သူသေဆုံးချိန် ၂၀၁၅ အထိ လီကွမ်ယုနေထိုင်ခဲ့သောအိမ်ကို ယခုနှစ်အတွင်း စင်ကာပူအမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့က ထိန်းသိမ်းနေသော ဘန်ဂလို ၂၀၀ ထဲတွင် ထားရှိကြောင်း The Straits Times က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း သက်ရှိပြတိုက်များရှိသည်။ ဗဟန်းမြို့နယ်နှင့် နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်များ၊ ဦးနုနေအိမ်ပြတိုက်နှင့် သီပေါဟော်နန်းကဲ့သို့ အဆောက်အအုံများမှာ သက်ရှိပြတိုက်များဟုဆိုလျှင် မမှားပေ။

ထို့အတူပင် ယခုလူပြောများနေသည့် ခြံအမှတ် ၅၄ သည်လည်း သက်ရှိပြတိုက်ဟုပင် ဆိုရမည်။

အင်းယားကန်နှင့် ဘေးချင်းယှဉ်လျက် ခန့်ခန့်ထည်ထည်ရှိလှသော ထိုခြံဝင်းသည် အကျယ် ၁ ဒသမ ၉၂၃ ဧက (၂ ဧကနီးပါး)ရှိသည်။

ထိုအိမ်တွင်ပင် ဒေါ်ခင်ကြည်သည် တိုင်းပြည်အတွက် လုပ်ငန်းတာဝန်များစွာဖြင့် အချိန်ကုန်ဆုံးခဲ့ပြီး ထိုအိမ်တွင်ပင် နောက်ဆုံး ခေါင်းချခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လာကာ ထိုအိမ်တွင် နေထိုင်ခဲ့သည်။

ထို့နောက် ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် နိုင်ငံတော်အား ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀/ခ ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခဲ့သည်။

ထိုနေအိမ်ခြံဝင်းအတွင်းမှပင် ပြည်သူများနှင့် အပြန်အလှန်စကားပြောဆိုခဲ့သလို မိုးစက်တပေါက်ပေါက် အမိုးမှယိုကျနေသည့် ထိုနေအိမ်ထဲတွင် စာအုပ်များကို အဖော်ပြုရင်းဖြင့် အနှစ်နှစ်ဆယ်နီးပါးကာလကို ကျော်ဖြတ်ခဲ့သည်။

“ခြံထဲမှာ အရင်ကတော့ ခြုံတွေနဲ့ အန်တီ့ (ဒေါ်အောင်ဆန်းစုကြည်)အိမ်ရှေ့မှာက မြေကွက်လပ်ကြီးပေါ့။ အခုကတော့ မြက်ခင်းဖြစ်သွားပြီ” ဟု ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ်က လုံခြုံရေးတာဝန်ယူခဲ့သူ ကိုလှိုင်ဝင်းက ပြောပြသည်။

အခက်အခဲပေါင်းများစွာကို ခြံအမှတ် ၅၄ က ဒိုးတူပေါင်ဖက် ရင်ဆိုင်ခဲ့သလို ကမ္ဘာကျော်ခေါင်းဆောင်များဖြစ်သော အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားလို၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်လို စသဖြင့် ကမ္ဘာ့အကျော်အမော်များရောက်လာချိန် တွင်လည်း ခန့်ညားဝင့်ထည်စွာပင် ကြိုဆိုခဲ့သူဖြစ်သည်။

နိုင်ငံကို အပြောင်းအလဲများစွာ ဖော်ဆောင်ခဲ့သည့် ရဲရဲတောက်အမျိုးသမီးတစ်ဦး၏ ဘ၀အစိတ်အပိုင်းများရှိရာ ထိုနေအိမ်ခြံဝင်းက မြန်မာပြည်သူများနှင့် နောင်လာနောင်သားများအတွက် သက်ရှိပြတိုက်ပင်။

သို့သော်လည်း ယခုမူ ထိုသို့ မဟုတ်ပေ။

ဒေါ်ခင်ကြည်၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက မိဘအမွေဖြစ်သော ထိုနေအိမ်ခြံဝင်းကို လေလံတင်ရောင်းချ၍ ရရှိလာမည့် ငွေကြေးကို ညီမဖြစ်သူနှင့် တစ်ယောက်တစ်ဝက်ခွဲယူလိုသည်ဟု နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံးသို့ ယခုလ ၁၇ ရက်က အထူးအယူခံတင်သွင်းခဲ့သည်။

“မြန်မာဗုဒ္ဓဘာသာထုံးတမ်းစဉ်လာဥပဒေအရ အမွေခံတွေက ညီတူညီမျှ ရရမယ်။ အဲဒီတော့ ကျွန်တော်တို့က နှစ်ယောက်ပဲရှိတော့ တစ်ယောက်တစ်ဝက် ရရမှာပေါ့ သဘောက” ဟု ဦးအောင်ဆန်းဦး က The Voice Journalသို့ ပြောကြားသည်။

အမွေကိစ္စအတွက် တရားရင်ဆိုင်ဖြေရှင်းခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ်ကဖြစ်ပြီး ဦးအောင်ဆန်းဦးက ပစ္စည်းခွဲဝေပေးစေလိုမှုဖြင့် စတင်တရားစွဲဆိုခဲ့သော်လည်း နိုင်ငံသားမဟုတ်သည့်အတွက်ကြောင့် အမွေစီမံခန့်ခွဲပေးစေလိုမှုဖြင့် ပြောင်းလဲတရားစွဲဆိုပြန်သည်။

၂၀၁၅ ခုနှစ်တွင် နှစ်ပုံတစ်ပုံရထိုက်သည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အတည်ပြုလိုက်သည်။

၂၀၁၆ခုနှစ်တွင် ကော်မရှင်နာခန့်အပ်၍ အမွေပစ္စည်းအပေါ် စစ်ဆေးခဲ့ကာ ထိုကော်မရှင်နာ၏ အစီရင်ခံစာတွင် ဒေါ်ခင်ကြည်၏ တူတော်စပ်သူ ဦးခင်မောင်အေး (မန္တလေး) ၏ ပေ ၁၀၀ × ၇၀ အကျယ်ရှိ မြေပိုင်ဆိုင်မှု စတင်ပါဝင်လာခဲ့သည့်အတွက်လည်း အမွေရရှိသည့်အပေါ် မကျေနပ်ခဲ့။

၂၀၁၆ ဒီဇင်ဘာတွင် ခရိုင်က အထက်ပါအတိုင်း အပြီးသတ်ဒီဂရီချလိုက်သည်။ ယင်းကို မကျေနပ်သည့်အတွက် ၂၀၁၇ ဇန်နဝါရီတွင် လျှောက်လဲချက်ပေးခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အဓိကအချက်မှာ ဦးအောင်ဆန်းဦးရရှိသည့် တက္ကသိုလ်ရိပ်သာလမ်းနှင့် ကပ်လျက်နေရာမှာ ပြိုနေသည့်တိုက်တစ်လုံးသာ ပါဝင်နေပြီး ညီမဖြစ်သူရရှိသည့် တစ်ဝက်မှာ အိမ်မကြီးပါဝင်နေသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရရှိမည့် အမွေတစ်ဝက်တွင် အိမ်မကြီး ပါဝင်နေရသနည်း။

ဒေါ်အောင်ဆန်းစုကြည်သည် ကျပ်သိန်းပေါင်း ၁၈,၀၀၀ အကုန်အကျခံကာ ပြင်ဆင်ထားသည့်အတွက် အိမ်မကြီးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က ဆိုသည်။

မကျေနပ်ချက်အတွက် လျှောက်လဲမှုကို တရားရုံးက ၂၀၁၇ ဒီဇင်ဘာလတွင် ပလပ်လိုက်သဖြင့် ၂၀၁၈ ဇန်နဝါရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ တရားမအထွေထွေလျှောက်လွှာ (အထူး) ထပ်မံတင်ခဲ့သည်။

ယင်းမှတစ်ဆင့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် လေလံပစ်၍ ခွဲဝေခြင်းသည် အကောင်းဆုံးဖြစ်သည်ဟူသော အကြောင်းပြချက်ပါဝင်သည့် အထူးအယူခံလျှောက်လွှာကို တင်ပြခဲ့သည်။

ယင်းအပြင် ဦးခင်မောင်အေး(မန္တလေး) ၏ ပိုင်ဆိုင်မှုအတွက်မှာမူ အမှုစတင်ကတည်းကပင် ပါဝင်ခဲ့မှုမရှိသောကြောင့် ဥပဒေအရ အမှုထဲမှ ပယ်ထုတ်ရန် တရားရုံးသို့ တင်ပြခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေဦးအေးလွင်က ဆိုသည်။

“လူတွေထင်နေသလိုမျိုး အခုချက်ချင်း လေလံဆွဲတော့မယ်ဆိုတာ မဟုတ်ပါဘူး” ဟု ဦးအောင်ဆန်းဦး၏ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က ဆိုသည်။

သို့သော် တစ်ဖက်တွင်လည်း နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနှင့် အမွေဆက်ခံခွင့်ဥပဒေအပေါ် အငြင်းအခုံများလျက် ရှိသည်။

ဦးအောင်ဆန်းဦးမှာ လက်ရှိတွင်လည်း အမေရိကန်နိုင်ငံသားအဖြစ် ရှိနေဆဲ ဖြစ်သည်။

မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့် ၁၉၈၇ ဥပဒေအရ မည်သူမျှ နိုင်ငံခြားသားနှင့် ဖြစ်စေ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီနှင့် ဖြစ်စေ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်းမပြုရဟု အခန်း၂၊ ပုဒ်မ ၃ တွင် ဖော်ပြထား သည်။

သို့သော် အခန်း ၃ ပုဒ်မ ၈ အရ နိုင်ငံခြားသားပိုင် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုပစ္စည်းတည်ရှိရာ ဒေသနှင့်သက်ဆိုင်သည့် မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့တွင် မှတ်ပုံတင်ရမည်ဟု ပါရှိသည်။

“ဒီဥပဒေအရ ပြည်ထဲရေးကို တင်ပြရတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုရင် အမွေဆက်ခံခွင့်ရှိတယ်။ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

ဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံသားဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဘက်မှ ပြည်ထဲရေးဝန်ကြီးဌာနကို ထိုဥပဒေနှင့် ငြိစွန်းကြောင်း တင်ပြခဲ့သည်။

“ပြည်ထဲရေးက သူတို့နဲ့မဆိုင်ဘူး။ အမွေရှင်က သီရိသုဓမ္မဒေါ်ခင်ကြည် ဗမာနိုင်ငံသား။ မြန်မာနိုင်ငံမှာပဲ နေတယ်။ မြန်မာနိုင်ငံမှာပဲ ကွယ်လွန်တယ်။ နိုင်ငံခြားကို အပြီးထွက်သွားတာလည်း မဟုတ်ဘူး။ ပြည်နှင်ဒဏ်ပေးခံရတာလည်း မဟုတ်ဘူး။ ပြည်ထဲရေးနဲ့ မဆိုင်ဘူးဆိုပြီး ပြန်ချပေးတယ်” ဟု ဦးအောင်ဆန်းဦး၏ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က ပြောကြားသည်။

“ဦးတင်ဝင်းနှင့် ဦးအံ့ကူ စီရင်ထုံးအရ တရားရုံးက ခွင့်ပြုပေးခဲ့တာ”

ထို့ကြောင့် ပြည်ထဲရေးကို ဦးအောင်ဆန်းဦးဘက်က လျှောက်ထားခြင်းမပြုဘဲ တရားရုံးသို့သာတင်ပြခဲ့ပြီး အယူခံအဆင့်ဆင့် တင်သွင်းခြင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မတိုင်ခင်ကာလများက နှစ်ဖက်တွေ့ဆုံမှုမရခဲ့သောကြောင့် ယခုကဲ့သို့ အမှုကိစ္စမှာ ကြန့်ကြာနေခြင်းဖြစ်ကြောင်း ရှေ့နေဦးအေးလွင်က ဆိုသည်။

အမွေကိစ္စများ ပြီးဆုံးပါက မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူရန်အတွက်လည်း စဉ်းစားထားကြောင်း ဦးအောင်ဆန်းဦး က ဆိုသည်။

“မြန်မာပြည်သားပြန်ဖြစ်အောင် ခေါင်းထဲမှာရှိပါတယ်။ အခြေအနေစောင့်ကြည့်နေတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံအတွက် အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရချိန်တွင် မိသားစုအရေးကိစ္စများကပါ ရှုပ်ထွေးနေသည်။

ခြံအမှတ် ၅၄ ၏ အနာဂတ်က ဆက်လက်တည်ငြိမ်နိုင်မည်လော။ ခြံအမှတ် ၅၄ အတွက် နိုင်ငံတော်အနေနှင့် ကာကွယ်ထိန်းသိမ်းနိုင်သောအချက်တစ်ခုရှိနေသည်။

၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပင်ဖြစ်သည်။

ထိုဥပဒေ၏ အခန်း (၁) ပုဒ်မ ခ ဖော်ပြထားချက်အရ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ရှေးဟောင်းစာရင်းဝင်အဆောက်အအုံအဖြစ်သတ်မှတ်၍ ရသည်။

ထိုအဆောက်အအုံများ ထိခိုက်ခြင်း၊ ဆွေးမြည့်ခြင်း၊ ပျက်စီးခြင်း၊ ပြောင်းလဲခံရခြင်း သို့မဟုတ် ရွှေ့ပြောင်းမည့်အန္တရာယ်ရှိခြင်း သို့မဟုတ် အကြောင်းကြောင်းကြောင့် ပျက်စီးနိုင်သည်ဟု ထင်မြင်ယူဆပါက သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူထံမှ ထိုက်တန်သော ကာလတန်ဖိုးအပြင် သမိုင်းယဉ်ကျေးမှုဆိုင်ရာ ထပ်ဆောင်းတန်ဖိုးချီးမြှင့်၍ လွှဲပြောင်းရယူပြီး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကာကွယ်ထိန်းသိမ်းခွင့်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကဲ့သို့ ပုဂ္ဂလိကအဖွဲ့အစည်းကလည်း ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိနေသည်။

“အတိုင်ပင်ခံအနေနဲ့က ကျွန်တော်တို့ကို ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပြောလေ့တော့မရှိဘူး။ ကျွန်တော်တို့အနေနဲ့တော့ တရားရုံးက ခေါ်တဲ့အတိုင်းပဲ ရင်ဆိုင်ရမှာပေါ့” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲများစွာကို အစပြုရာ ခြံအမှတ် ၅၄ ကို လေလံတင်ပွဲထဲ ငွေကြေးတန်ဖိုးဖြတ်နေခြင်းကို စောင့်ကြည့်ရမည်လား သို့မဟုတ် ကမ္ဘာကျော်အဖြစ် ခန့်ခန့်ထည်ထည် ဆက်လက်တည်ရှိနေမည်လားဆိုသည်မှာမူ … ။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *