စမတ်မြို့တော် မန္တလေး

စမတ်စီးတီး (Smart City) သည် နေ့ချင်းညချင်းပြုလုပ်၍ရသည်မဟုတ်သည့်အတွက် မိမိတို့အစိုးရသက်တမ်း ငါးနှစ်အတွင်း အကောင်းဆုံးလုပ်ဆောင်ပေးခဲ့မည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ကတိပေးသည်။

လွန်ခဲ့သည့် ၂ နှစ်က The Voice ဂျာနယ်သို့ အထက်ပါအတိုင်း ၎င်းကပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဖြစ်နိုင်ရန်အတွက် အစိုးရတစ်ခုတည်းမဟုတ်ဘဲ မြို့သူမြို့သားများကလည်း ပူးပေါင်းပါဝင်ရန်လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

စမတ်မြို့တော်ဆိုတာ ဘာလဲ

စမတ်မြို့တော်ဟူသည် မြို့တော်နေပြည်သူများအတွက် နေထိုင်မှုအဆင်ပြေစေရန် ကုန်ကျစရိတ်နှင့် သဘာဝအရင်းအမြစ်များကုန်ဆုံးမှုကို လျှော့ချပေးနိုင်သည့်မြို့တော်ဟု ပညာရှင်တို့က အဓိပ္ပာယ်ဖွင့်ဆိုသည်။

သို့သော် ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ရှုပ်ထွေးသည်။ Smart City ဟူသည် စမတ်ကျကျ နေထိုင်နိုင်မည့်မြို့တော်ဟု ဆိုလျှင်ရပြီ။

မန္တလေးမြို့မှ ကွန်ပျူတာပညာရှင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်လည်းဖြစ်သော ဦးရဲမြတ်သူက စမတ်မြို့တော်ဟူသည် Smart Management with Technology၊ နည်းပညာဖြင့် အဆင့်မြင့်မြင့်စီမံအုပ်ချုပ်မှု ဟု အဓိပ္ပာယ်ဖွင့်သည်။

စမတ်မြို့တော်တွင် အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများနှင့် မြို့သူမြို့သားများကြား အီလက်ထရွန်နစ်နှင့် ဒစ်ဂျစ်တယ်နည်းပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ မီတာခကို ရုံးသို့သွားဆောင်စရာမလိုဘဲ မိုဘိုင်းလ်ဖုန်း စသည့် အွန်လိုင်းမှ ပေးဆောင်ခြင်း (Payment) မျိုး ဖြစ်သည်။

စမတ်မြို့တော်ဖြစ်ရန် ပြုလုပ်ရမည့် နည်းပညာအမျိုးအစား များစွာရှိပြီး မည်သည့်နည်းပညာကို အသုံးပြုလျှင် Smart City  ဖြစ်သည်ဟု သတ်မှတ်ရန် ခက်ခဲသည်။

မပါမဖြစ်ပါရမည့် အချက်တစ်ခုရှိသည်။ ယင်းမှာ ဝိုင်ဖိုင်ဟုသိကြသည့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ် အထူးကောင်းမွန်ရန် လိုအပ်သည်။ မန္တလေးမြို့တော်တွင် အခပေးဝိုင်ဖိုင်စက်များ ဝန်ဆောင်မှုပေးသည့် ပုဂ္ဂလိကကုမ္ပဏီများ အနည်းဆုံး သုံးခုထက်မနည်း ရှိသည်။

ယင်းစနစ်ဖြင့် အစိုးရအဖွဲ့အချင်းချင်း၊ အစိုးရမှ ပြည်သူ၊ အစိုးရမှ လုပ်ငန်းရှင်၊ လုပ်ငန်းရှင်မှ ပြည်သူ စသည်ဖြင့် ဆက်သွယ်နိုင်ရမည် ဖြစ်သည်။

စမတ်မြို့တော်သည် လူသိများသည့် e-Government  နှင့် တူညီသည်တော့ မဟုတ်။ e-Government သည် အစိုးရ၏ အချက်အလက်များ၊ အမိန့်ကြေညာစာများ၊ တင်ဒါများကို ပြည်သူများသိရှိနိုင်ရန် လွှင့်တင်ပေးသည့် ဝက်ဘ်ဆိုက်ဖြစ်ပြီး စမတ်မြို့တော်က မြို့သူမြို့သားများကို နည်းပညာသုံး၍ ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။

ခြုံငုံ၍ပြောပြရလျှင် စမတ်မြို့တော်သည် စီးပွားရေး၊ လူမှုဝန်းကျင်၊ သွားလာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်မှု စသည့် စနစ်အားလုံးအတွက် ခေတ်မီသည့်၊ အဆင့်မြင့်သည့် ဝန်ဆောင်မှု (Smart Service) ဖြစ်နေရမည်။ ယင်းအချက်များ ပြည့်စုံမှ စမတ်မြို့တော်ဟု ယူဆနိုင်မည် ဖြစ်သည်။

ဘာတွေ လုပ်ဆောင်ခဲ့သလဲ

မန္တလေးမြို့သည် မြန်မာမင်းဆက်တို့ နောက်ဆုံး ထီးနန်းစိုက်ခဲ့သည့်မြို့တော်ဖြစ်ပြီး ယနေ့အထိ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိနေသေးသည်။ မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ပူအိုက်သည့် မန္တလေး၏ရာသီဥတုနှင့် ကိုက်ညီမည့် Clean City ၊ Green City ဟုခေါ်သည့် စိမ်းလန်းစိုပြည်သည့် မြို့တော်ဖြစ်ရန်အတွက် ယခင်မြို့တော်ဝန် ဦးအောင်မောင်းလက်ထက်ကတည်းက ကြိုးပမ်းခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင်မူ စမတ်မြို့တော်အဖြစ်သို့ ဦးတည်ဆောင်ရွက်ခဲ့သည်။ စမတ်မြို့တော်ဖြစ်လျှင် Clean City ကော၊ Green City ကော တစ်ပြိုင်နက်တည်း ပါဝင်ပြီး ဖြစ်သည်။

စမတ်မြို့တော်နှင့် သက်ဆိုင်သည့် ခေါင်းစဉ်များတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး၊ Online Payment အသုံးပြုနိုင်မှု၊ ကမ္ဘာ့လှည့်ခရီးသွားဆိုင်ရာကိစ္စများ၊ ပို့ဆောင်ဆက်သွယ်ရေးကိစ္စများ ပါဝင်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) သည် ယင်းအချက်အလက်များကို လုပ်ပိုင်ခွင့် မရှိ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ရှိပြီးဖြစ်သည်။

“သူတို့နိုင်ငံတွေမှာတော့ ဒါတွေက မြို့တော်ဝန်အောက်ထဲမှာ ရှိတာပေါ့နော်။ ကျွန်တော်တို့နိုင်ငံမှာက မြို့တော်ဝန်အောက်မှာ အဲဒါတွေ ပေးမထားဘူး။ မြို့တော်ဝန်ဟာ အမှိုက်ကျုံးရုံ (သန့်ရှင်းရေးလုပ်ငန်း) သက်သက်ပဲ ရှိတာ” ဟု MCDC ကော်မတီဝင်လည်းဖြစ်သည့် ဦးရဲမြတ်သူက ပြောသည်။

ထို့ကြောင့် MCDC ၏ လုပ်ပိုင်ခွင့်ထဲမှဖြစ်သည့် အမှိုက်သိမ်းစနစ်၊ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်များကို ပြောင်းလဲပစ်သည်။ အမှိုက်သိမ်းယာဉ်များ တကယ် အလုပ်လုပ် မလုပ် သိနိုင်သည့် အာရုံခံစနစ် (Sensor) များ တပ်ဆင်သည်။

ရေပေးဝေမှုအပိုင်းတွင်လည်း အမှန်တကယ်ရောက်ရှိနိုင်ရန်အတွက် ကြိုးပမ်းသည်။ ရေမီတာခ ကောက်ခံမှုများကိုလည်း လျှပ်စစ်မီတာကဲ့သို့ အလိုအလျောက် ဖတ်နိုင်သည့်စနစ်သို့ ပြောင်းလဲသည်။

“သူများတွေ ခရက်ဒစ်ကတ်သုံးနေတဲ့အချိန်မှာ ကျွန်တော်တို့က မသုံးနိုင်ဘူး။ ခရက်ဒစ်ကတ် ခေတ်မဟုတ်တော့ဘဲနဲ့ QR ကုတ်နဲ့ အွန်လိုင်း Payment ခေတ် ရောက်နေတဲ့အချိန်မှာ ခရက်ဒစ်ကတ်ကို ကျော်လိုက်သလိုမျိုးပေါ့။ ဘာမှမရှိတဲ့အတွက် ကျော်ချလိုက်တာ” ဟု ခေတ်ကို အပြေးလိုက်ရသည့်အကြောင်း ဦးရဲမြတ်သူက ရှင်းပြသည်။

စမတ်မြို့တော်တွင် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုမှာ Mobility ဟူ သည့်အရာလည်း ပါဝင်သည်။ Mobility ဆိုသည်က မြို့တော်တွင်နေထိုင်သူများ တစ်နေရာနှင့်တစ်နေရာ လွယ်ကူလျင်မြန်စွာရောက်ရှိရန်အတွက် ယာဉ်ကြောမပိတ်ရန်၊ မကျပ်တည်းရန်တို့ ဖြစ်သည်။

“ရန်ကုန် စာမေးပွဲကျတဲ့ကိစ္စက အဲဒီကိစ္စပဲ။ ရန်ကုန်မှာ Mobility ကို ကောင်းအောင် လုပ်မပေးနိုင်ဘူး။ YBS တွေ ဘယ်လောက် ကောင်းတယ်ပြောပြော ကျန်တဲ့ Traffic Management ကို မထိန်းနိုင်တဲ့ကိစ္စက သူတို့ Mobility ကို မလုပ်နိုင်ဘူး” ဟု ရန်ကုန်မြို့၏ စမတ် မြို့တော်မဖြစ်ရခြင်းအကြောင်းကို ဦးရဲမြတ်သူက ရှင်းပြသည်။

မန္တလေးမြို့တွင် အဓိကအသုံးပြုသည့် ၃၅ လမ်းကုန်းကျော်တံတားသည် အမြဲလိုလို ယာဉ်ကြောပိတ်လေ့ရှိသည်။ အနီးအနားရှိ မန္တလေးဘူတာကြီးကလည်း ရှစ်ပြခန့် (သုံးမိုင်ခန့်) လမ်းပိတ်ထားသည်၊ နန်းတွင်းကလည်း ရှစ်ပြခန့် ပိတ်ထားသည်။ ထို့ကြောင့် ခရီးသွားများအနေနှင့် ၂၆ လမ်း နှင့် ၃၅ လမ်းကို အားထားသွားလာသည်။

ယခင်က ၃၅ လမ်းကုန်းကျော်ပေါ်သို့ တစ်ရက်လျှင် ပျမ်းမျှ မော်တော်ယာဉ်စီးရေ ၈၀၀ ခန့် ဖြတ်သန်းသွားလာနိုင်သည်။ မန္တလေးတွင် သွားလာနေသည့် မော်တော်ယာဉ်က ထိုမျှမက ရှိသည်။

ထို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်ရန်အတွက် ခေတ်မီနည်းပညာများကို MCDC က သုံးစွဲသည်။ Sensor နှင့် Control System များ တပ်ဆင်လိုက်သည့်အခါ တစ်ရက်လျှင် အစီးရေနှစ်ထောင်ခန့် ဖြတ်သန်းနိုင်ပြီ ဖြစ်သည်။ တံတားကိုမချဲ့ဘဲ နည်းပညာသုံးလိုက်ခြင်း၏ အကျိုးပင်။

မန္တလေးမြို့၏ အဓိကကျသော အချက်ပြမီးပွိုင့်တော်တော်များများတွင် ယင်းကဲ့သို့ အာရုံခံစနစ် Sensor များ တပ်ဆင်ထားသည်။ ကင်မရာများလည်း တပ်ဆင်သည်။ ထို့ကြောင့် မီးပွိုင့်တစ်ခုနှင့် တစ်ခုချိတ်ဆက်ကာ လမ်းရှင်းပေးသည်။ မီးပွိုင့်တစ်ခုချင်းတွင်လည်း ယာဉ်မရှိလျှင် စိမ်းနေရာမှ နီပေးသည်။

ထိုသို့သော နည်းပညာကို မန္တလေးကထုတ်လုပ်သည်တော့မဟုတ်။ စင်ကာပူနိုင်ငံတွင် သုံးစွဲအောင်မြင်နေသည့် ဩစတြေးလျနိုင်ငံနည်းပညာ ဖြစ်သည်။ မန္တလေးကလည်း ယင်းနည်းပညာကို ဝယ်ယူတပ်ဆင်ထားခြင်းသာဖြစ်သည်ဟု MCDC ထံမှ သိရသည်။

ယင်းအပြင် မီးနီဖြတ်သည့် ယာဉ်များ၊ စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များကို သိရှိနိုင်ရန်အတွက် မီးပွိုင့်ရှိကင်မရာများမှတစ်ဆင့် ယာဉ်နံပါတ်များ၊ ယာဉ်ပုံစံများကို ဓာတ်ပုံရိုက်ယူသည်။ ထွက်ပြေးလျှင် မည်သည့်နေရာသို့ သွားခဲ့သည်ကိုပါ သိနိုင်သည့်စနစ်များကို အသုံးပြုလျက် ရှိသည်။

အာဆီယံဒေသတွင်းက ထိပ်တန်းစမတ်မြို့တော်

အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများမှ စမတ်မြို့တော် ၁၀ မြို့တွင် မန္တလေးမြို့လည်း ပါဝင်ကြောင်း Cio-asia မဂ္ဂဇင်းက အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ မန္တလေးမြို့တော်နှင့်အတူ ဟနွိုင်း(ဗီယက်နမ်)၊ စင်ကာပူ (စင်ကာပူ)၊ ဂျကာတာ(အင်ဒိုနီးရှား)၊ ကွာလာလန်ပူ(မလေးရှား)၊ ဖူးခက် (ထိုင်း)၊ မာကတ်ဆာ(အင်ဒိုနီးရှား)၊ ဒနန်း(ဗီယက်နမ်)၊ ဘန်ကောက်(ထိုင်း)၊ နယူးကလပ်မြို့တော်(ဖိလစ်ပိုင်) တို့လည်း ပါဝင်သည်။ မန္တလေးမြို့က အဆင့်ငါး ဖြစ်သည်။

ယခုနှစ် မတ်လအတွင်းကပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် စင်ကာပူသမ္မတ လီရှန်လွန်းက အာဆီယံစမတ်မြို့တော် ကွန်ရက် (ASCN) တည်ထောင်ရန် ယင်းကွန်ရက်တွင် အာဆီယံဆယ်နိုင်ငံမှ မြို့ပေါင်း ၂၆ မြို့ ပါဝင်မည် ဖြစ်သည်။ ယင်းမြို့များအနက် မန္တလေးအပါအဝင် ၁၀ မြို့မှာ စမတ်မြို့တော်အဖြစ် အလားအလာအကောင်းဆုံး ဖြစ်နေသည်။

“အမှိုက်စွန့်ပစ် စနစ်တကျဖြစ်တာ။ Smart နဲ့ Green လုပ်တာ၊ နည်းပညာအသုံးပြုပြီး ရုံးလုပ်ငန်းတွေသုံးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာပါ။ ဆုတံဆိပ်တို့ ဘာတို့လို ရမှာတော့ မဟုတ်ပါဘူး” ဟု MCDC ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

မန္တလေးမြို့တော်၏ ယာဉ်စည်းလမ်း လမ်းစည်းကမ်း ချိုးဖောက်မှုအခြေအနေတို့ကို စီစီတီဗွီများတပ်ဆင်ကာ ၂၄ နာရီ စောင့်ကြည့်နေသည့် စနစ်ကြောင့်လည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

စင်ကာပူ၊ ဟနွိုင်း၊ ဂျကာတာနှင့် ကွာလာလန်ပူမြို့တော်တို့ပြီးလျှင် မန္တလေးမြို့တော်ဖြစ်ပြီး နှစ်နှစ်ခွဲအတွင်း ကြိုးစားခဲ့သည့် ရလဒ်ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

တကယ် စမတ်ဖြစ်ရဲ့လား

မန္တလေးသည် မြန်မာ့နောက်ဆုံးမင်းနေပြည်တော်ဖြစ်ပြီး ရန်ကုန်ပြီးလျှင် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ လူဦးရေ ၁ ဒသမ ၂၅ သန်းကျော် နေထိုင်ကာ မကြာသေးသည့် နှစ်များက လျင်မြန်သည့်ဖွံ့ဖြိုးမှုနှင့် လူဦးရေတိုးပွားမှု အတွေ့အကြုံတို့ ရှိခဲ့ကြောင်း Cio-asia မဂ္ဂဇင်းက ဆက်လက်ဖော်ပြထားသည်။

မန္တလေးမြို့တော်တွင် ရေပေးဝေရေး၊ ရေဆိုးသန့်စင်ရေးနှင့် အမှိုက်စွန့်ပစ်မှုဆိုင်ရာ စီမံခန့်ခွဲခြင်းကိစ္စရပ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီတို့က နည်းပညာနှင့် ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေပြီး ယင်းသည် မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကိုလည်း အထောက်အကူ ဖြစ်စေသည်။

မန္တလေးမြို့ကို စမတ်မြို့တော်ဖြစ်စေရန်အတွက် အခြေခံအဆောက်အဦများ လိုအပ်နေဆဲဖြစ်ကြောင်း MCDC ကော်မတီဝင် ဦးရဲမြတ်သူက ပြောဆိုသည်ဟု Cio-asia မဂ္ဂဇင်းတွင် ဆက်လက်ဖော်ပြထားသည်။

အာဆီယံဒေသတွင်း စမတ်မြို့တော်အဖြစ် ပါဝင်နိုင်ရန်အတွက် အာဆီယံတာဝန်ရှိသူများက တောင်းဆိုမှုတွင် မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့သုံးမြို့ကို ကနဦး ရွေးချယ်ခံရသည်။

သို့သော် နေပြည်တော်မှာ မြေကွက်များသာရှိပြီး ယင်းအပေါ်တွင် စမတ်မြို့တော်တည်ဆောက်နိုင်ရန်အတွက် ဖိတ်ခေါ်သည်ဟုသာ ပြောဆိုနိုင်သည်။ နေပြည်တော်တွင် စမတ်နည်းစနစ်များ အသုံးပြုထားခြင်းရှိ မရှိကို မပြောဆိုနိုင်ခဲ့ပေ။

ရန်ကုန်မြို့သည်လည်း ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြုလုပ်ခဲ့မှုများရှိသော်လည်း လက်ရှိအုပ်ချုပ်ရေးတာဝန်ရှိသူများက အဆိုပါအကြောင်းများကို မပြောပြနိုင်ကြပေ။ ရန်ကုန်မြို့၏ အားနည်းချက်တစ်ခုဖြစ်သည့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ငွေများသုံးစွဲ၍လုပ်ကိုင်သော်လည်း လက်တွေ့တွင် ကျပ်မြဲကျပ်လျက်ရှိနေသေးသည်။

ယင်းမှာ မန္တလေးကဲ့သို့ အာရုံခံစနစ် Sensor များ သုံးစွဲမှုမရှိခြင်းကြောင့်ဟု ဦးရဲမြတ်သူက သုံးသပ်သည်။

“ဒါဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို အများကြီးထိခိုက်တယ်လေ။ လမ်းမှာ တစ်နာရီ၊ နှစ်နာရီကြာတဲ့ကိစ္စက။ လူတွေရဲ့ စွမ်းရည်ကျတဲ့ ကိစ္စ၊ ပင်ပန်းသွားတဲ့ကိစ္စ၊ အလကားနေ စက်တွေနှိုးထားပြီး အဲယားကွန်းတွေ ဖွင့်ပြီးတော့ ဆီတွေကုန်တဲ့ ကိစ္စတွေ၊ ဒီကိစ္စတွေမှာ သူတို့ရဲ့ Mobility က မန္တလေးကို ကျော်သွားစရာအကြောင်းမရှိဘူး”

မန္တလေးက စမတ်စီးတီး ဘယ်အဆင့်လဲ

မန္တလေးမြို့၏ စမတ်မြို့တော်အဆင့်သည် မည်မျှရှိသည်ကိုမူ အတိအကျပြောဆို၍ မရပေ။ လက်ရှိ ရွေးချယ်ခံထားရခြင်းမှာလည်း အာဆီယံအဆင့်သာ ရှိသေးသည်။ ယင်းသို့ ရွေးချယ်မှုသည်လည်း နိုင်ငံအလိုက်မဟုတ်သေး၊ မြို့တစ်မြို့၏ လုပ်ဆောင်မှုကိုသာ ကြည့်၍ ရွေးချယ်ခြင်း ဖြစ်သည်။

ထို့ကြောင့် အခြားအာဆီယံပြင်ပနိုင်ငံများနှင့် နှိုင်းယှဉ်၍လည်း မရနိုင်သေး။ စမတ်မြို့တော်ဟူသည် အဆိုပါမြို့မှ မြို့သူမြို့သားများသို့ပေးသည့် ဝန်ဆောင်မှုအရည်အသွေး (Service Quality)ကို တိုင်းတာခြင်းပင် ဖြစ်သည်။ ယင်းဝန်ဆောင်မှု ကောင်းမွန်လျှင် ကောင်းမွန် သည့်အလျောက် မြို့သူမြို့သားများ စမတ်ကျမည် ဖြစ်သည်။

ဘာတွေ ဆက်လုပ်ရမလဲ

စမတ်မြို့တော်တည်ဆောက်နေမှုကို မည်သည့်အချိန်တွင် ပြီးစီးမည်ဟု တိုင်းတာနေ၍ မရပေ။ အမြဲမပြတ်လုပ်ဆောင်ပေးနေရမည်ဖြစ်သည်။ လုပ်ဆောင်မှုစွမ်းရည်လျော့ကျလျှင် စမတ်မြို့တော်အဖြစ်မှ လျော့ကျသွားမည်ပင်။

မန္တလေးမြို့တော် စမတ်မြို့တော်အဖြစ် တည်ဆောက်ရာတွင် အခြေခံအဆောက်အဦများမရှိခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ ဥပမာ Sensor များ တပ်ဆင်ရေးကိစ္စမျိုးတွင် ဖြစ်သည်။

မန္တလေး ကမ်းနားလမ်းတွင် အမှိုက်များ စုပြုံနေ၍ စမတ်မြို့တော် မဟုတ်။ မြို့သူမြို့သားများ မလုံခြုံသေး၍ စမတ်မြို့တော်မဟုတ်ဟု ဝေဖန်နေသူများလည်း ရှိသည်။

ယင်းသို့ ဝေဖန်မှုများသည် စမတ်မြို့တော်၏ အဓိပ္ပာယ်ကို နားမလည်၍ ဖြစ်ပြီး စမတ်မြို့တော်ဟူသည်မှာ နည်းပညာသုံးစွဲ၍ စီမံခန့်ခွဲပေးခြင်း၊ မြို့ကို ဝန်ဆောင်မှုပေးခြင်းဟု ASCN (ASEAN Smart Cities Network) ၏ Chief Smart City Officer လည်းဖြစ်သည့် ဦးရဲမြတ်သူက ရှင်းပြသည်။

စမတ်မြို့တော်သည် စိတ်ကူးယဉ်သိပ္ပံဇာတ်ကားများထဲကလို ထူးဆန်းသည့်မြို့တော် မဟုတ်၊ သန့်ရှင်းတောက်ပြောင်နေရမည့် မြို့တော်လည်း မဟုတ်။ မြို့တွင်နေထိုင်သည့် လူဦးရေ၊ ယာဉ် စသည်တို့ကို နားလည်ပြီးလျှင် ရေပေးဝေရေး၊ အမှိုက်စီမံခန့်ခွဲမှု၊ ကောင်းမွန်သည့် ယာဉ်အသွားအလာစနစ်တို့ ရှိနေရခြင်းပင် ဖြစ်သည်။

မန္တလေး၏ စမတ်မြို့တော်စီမံကိန်းမှာ အခြားမြို့တော်များနှင့် ထပ်တူကျမည်တော့မဟုတ်၊ အခြားမြို့တော်များမှ လုပ်ဆောင်မှုများကို လေ့လာကာ ဒေသနှင့် ကိုက်ညီမည့် စီမံကိန်းကိုသာ ပြုလုပ်မည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုထားသည်။

မြန်မာနိုင်ငံအတွက်မူ မန္တလေးသည် စမတ်မြို့တော်အတွက် စံပြမှတ်ကျောက်တင်ရမည်သာ။ 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *