လွတ်လပ်ရေး နှစ် (၇၀) နဲ့ ကာကွယ်ရေးဝန်ကြီး

လွတ်လပ်ရေးရတဲ့ နှစ်ပေါင်း (၇၀) အတွင်းမှာ ကာကွယ်ရေးဝန်ကြီး  လုပ်သွားတာ ၁၄ ယောက် ရှိတယ်။ အရပ်သားစစ်စစ်သုံးဦး ရှိတယ်။ ကာကွယ်ရေးဝန်ကြီးသုံးခါ ပြန်လုပ်သွားတာက နှစ်ဦး ရှိတယ်။ တစ်ဦးက အရပ်သားစစ်စစ်၊ နောက်တစ်ဦးကတော့ ဗိုလ်ချုပ်ကြီးတစ်ယောက်။ ကာကွယ်ရေးဝန်ကြီးတစ်ယောက်ကတော့ ၁၉ နှစ်ကျော် တာဝန်ထမ်းဆောင်သွားတယ်။ မြန်မာနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီးဌာန ပေါ်လာပုံလေးကို ပြောပြချင်ပါတယ်။

The Government of Burma Art 1935 အရ မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်လိုက်ပြီး မြန်မာတို့အခေါ် (၉၁) ဌာနအုပ်ချုပ်ရေးစတင်တဲ့ ၁ ဧပြီ ၁၉၃၇ ရက်နေ့မှာပဲ မြန်မာနိုင်ငံအစိုးရ (ကာကွယ်ရေးဌာန) – The Governmetn of Burma (Defence Department) ဆိုတာ ပေါ်လာတယ်။ မြန်မာအစိုးရက မြန်မာ့ကာကွယ်ရေးကို တာဝန်ယူရမယ်ဆိုတဲ့ သဘောပေါ့။ မြန်မာနိုင်ငံအစိုးရ (ကာကွယ်ရေးဌာန) ပေါ်မလာခင်ထိကတော့ မြန်မာ့ကာကွယ်ရေးကို အိန္ဒိယစစ်ဌာနချုပ် (India Command) လက်အောက်မှာ Headquarters Burma District ဆိုတာ ဖွဲ့ထားပြီး တာဝန်ယူတယ်။ မြန်မာနိုင်ငံမှာ ကာကွယ်ရေးဌာနအဖြစ် သီးခြားထွက်ပေါ်လာတော့ ဗမာ့တပ်ဖွဲ့(Burma Command) ဆိုတာ ပေါ်လာတယ်။ အိန္ဒိယတပ်အချို့ကိုလည်း ဗမာ့တပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်တယ်။ ပထမဦးဆုံး စစ်ဦးစီးချုပ် (General Officer Commanding of Burma Command) က Major General Donald Kenneth McLeod ဖြစ်ပါတယ်။ The Government of Burma Act 1935 အရ ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့ကြတယ်။ ဂျပန်အဝင်၊ အင်္ဂလိပ်အပြေးကာလအထိ နန်းရင်းဝန်ကြီး (Chief Minister) လေးယောက် ရှိခဲ့တယ်။ ဒေါက်တာ ဘမော် (ဧပြီ ၁၉၄၂-  ဖေဖော်ဝါရီ ၁၉၃၉)၊ ဦးပု (ဖေဖေါ်ဝါရီ ၁၉၃၉ – စက်တင်ဘာ ၁၉၄၀)၊  ဦးစော (စက်တင်ဘာ ၁၉၄၀ – ဇန်နဝါရီ ၁၉၄၂) နဲ့ နောက်ဆုံး – ဆင်းမလားကို အင်္ဂလိပ်နဲ့ ဆုတ်ခွာသွားတဲ့ – ဆာပေါ်ထွန်းပဲ ဖြစ်တယ်။ ဘယ်သူတွေ နန်းရင်းဝန်ကြီးလုပ်နေပါစေ ကာကွယ်ရေးဌာနကို ကိုင်တွယ်တာကတော့ ဘုရင်ခံပဲ။ ဒါဟာ ၁၉၃၅ ခုနှစ်အက်ဥပဒေအရ ဘုရင်ခံကို ပေးထားတဲ့  အခွင့်အရေး။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်မီးဟာ မြန်မာပြည်ကို ကူးလာတော့ ဘုရင်ခံဆာဒေါ်မန်စမစ် (Sir Rginald Hugh Dorman – Smith)  ရယ်၊ နန်းရင်းဝန်ဆာပေါ်ထွန်းရယ်၊ မြန်မာအစိုးရရယ် ဆင်းမလားကို ပြောင်းရွှေ့ကြတယ်ပေါ့။ Lieutenant General Thomas Jacomb Hutton (စစ်ဦးစီးချုပ်) အဖြစ် တာဝန်ယူကွပ်ကဲတဲ့ Burma Command လည်း အောင်မြင်စွာ ဆုတ်ခွာခဲ့ကြတယ်။

အင်္ဂလိပ်ဘုရင်ခံနဲ့ ဆာပေါ်ထွန်းအစိုးရ ဆင်းမလားကို ဆုတ်သွားတဲ့ အချိန်ဟာ BIA နဲ့အတူ ဂျပန်တပ်တွေ မြန်မာနိုင်ငံထဲကို ဝင်လာချိန်ပေါ့။  အမှတ် (၁၅) ဂျပန့်ဘုရင့်တပ်တော်ကို Lt.General Shōjirō Iida  က ဦးဆောင်ပြီးဝင်လာတယ်။ မေမြို့ကို ရောက်တော့ ကျော်ကြားတဲ့ နိုင်ငံရေးသမားတွေကို ဖိတ်ပြီး အစိုးရဖွဲ့ဖို့ လုပ်တယ်။ ၄ ဇွန် ၁၉၄၂ မှာ  ဗမာပြည်ဗဟိုအုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့ ဆိုပြီးတော့ ဒေါက်တာဘမော်  ဦးဆောင်တဲ့ ၁၀ ဦးအဖွဲ့ကို ဖွဲ့ပေးလိုက်တယ်။ ဒီလိုနဲ့ ၁ ဩဂုတ် ၁၉၄၂ ရက်နေ့မှာ ဗမာပြည်ဗဟိုအစိုးရဆိုတာ ပေါ်လာတယ်။ ဝန်ကြီး ၁၀ ဦးခန့်တယ်။ ဒေါက်တာဘမော်က နန်းရင်းဝန်နဲ့ ပြည်ထဲရေးဝန်ကြီး လုပ်တယ်။ ကာကွယ်ရေးဝန်ကြီးဆိုတာ မရှိဘူး။ တစ်နှစ်အကြာမှာ ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေးပေးတယ်။ ၁ ဩဂုတ် ၁၉၄၃ မှာ ဂျပန် ပေးတဲ့ လွတ်လပ်ရေးရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိတယ်။ ဒီဥပဒေအရ  စစ်ဝန်ကြီး (War Minister) ဆိုတာပါတယ်။ အဲဒီ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ အတည်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ပတ်သက်ပြီး အခန်းတစ်ခန်းပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်သေနာပတိချုပ် (Supreme Commander – in – Chief) က အဓိပတိ (Head of the State) ဖြစ်တယ်။ စစ်ဝန်ကြီးတစ်ဦး ရှိတယ်။ သူဟာ အဓိပတိကို တာဝန်ခံရတယ်။ Vice – Minister for War ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ပါတယ်။ စစ်ဝန်ကြီးဟာ တာဝန်ထမ်းဆောင်ဆဲ အဆင့်မြင့်အရာရှိ ဖြစ်ရမယ် (The War Minister shall be apporinted always from among high Military Officers on the active list.) လို့ဆိုပါတယ်။ ဒါကြောင့်မို့  လွတ်လပ်ရေးပေးတဲ့ ၁ ဩဂုတ် ၁၉၄၃ ရက်နေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီး (War Minister) ခန့်လိုက်တယ်။ ဒုတိယစစ်ဝန်ကြီးအဖြစ်  ဗိုလ်စင်္ကြာကို ခန့်တယ်။ ဗိုလ်နေဝင်းက စစ်သေနာပတိ (Commander-in-Chief) ဖြစ်တယ်။ ၁၈ ဧပြီ ၁၉၄၄ မှာ အပြောင်းအလဲတွေ လုပ်တယ်။   ဗိုလ်စင်္ကြာကို ဂျပန်နိုင်ငံဆိုင်ရာစစ်သံမှူးအဖြစ် ပို့လိုက်တယ်။ [သူ့နေရာကို ဗိုလ်ဇေယျက အောက်တိုဘာလဆန်းမှာ ဆက်ခံတယ်။] တစ်ဖန် အဲဒီ ၁၈ ဧပြီ ၁၉၄၄ ရက်နေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ဝန်ကြီးတာဝန်အပြင် [ဗိုလ်မှူးကြီးနေဝင်းဆီကနေ] စစ်သေနာပတိ တာဝန်ပါ ပူးတွဲထမ်းဆောင်တယ်။ ဗိုလ်နေဝင်းကတော့ စစ်ဦးစီးအဖွဲ့မှူး (ထောက်ပံ့) – Chief of General Staff (Quartermaster) – အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေး  စတင်တဲ့ကာလအထိ ဒီလိုပဲ ရှိနေခဲ့တယ်။

စစ်အပြီး ဆင်းမလားရောက်အစိုးရ ပြန်ရောက်လာတဲ့အခါမှာ မြန်မာတွေ နိုင်ငံရေးနိုးကြားနေကြပြီ။ လက်နက်ကိုင်တပ်ဖွဲ့လည်း ရှိနေပြီဆိုပါတော့။ နေသူရိန်စည်းဝေးပွဲကျင်းပပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကလည်း အရှိန်အဟုန်နဲ့ဖြစ်လာနေတယ်။ ဖဆပလက ဦးဆောင်ပြီး  နိုင်ငံရေးတိုက်ပွဲတွေ ဝင်လာတယ်။ အဆုံးမှာတော့ ဘုရင်ခံဟာ နိုင်ငံရေးအရ အပေးအယူတွေ လုပ်လာရတယ်။ ၂၇ စက်တင်ဘာ ၁၉၄၆ ရက်နေ့မှာ ဘုရင်ခံအမှုဆောင်ကောင်စီကို အသစ်ပြင်ဆင်ဖွဲ့စည်းတော့ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယသဘာပတိအပြင် ကာကွယ်ရေးဌာနနဲ့ နိုင်ငံခြား ဆက်သွယ်ရေးဌာနတွေရဲ့ အကြီးအကဲဖြစ်လာတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၇ ဧပြီ ၁၉၄၇ မှာကျင်းပခဲ့ပြီး ၁၀ ဇွန် ၁၉၄၇ ရက်နေ့မှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းတဲ့အခါမှာ မူလရာထူးအတိုင်း ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကို ဆက်ကိုင်တယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးတဲ့နောက် ၂၁ ဇူလိုင် ၁၉၄၇ ရက်နေ့မှာ အမှုဆောင်အဖွဲ့ ပြန်ဖွဲ့စည်းတဲ့အခါမှာ သခင်နုက ဒုတိယသဘာပတိအဖြစ် ဆောင်ရွက်ပြီး နိုင်ငံခြားရေးကို ကိုင်တယ်။ ကာကွယ်ရေးဌာနကို ဗိုလ်လက်ျာကို ပေးလိုက်တယ်။ လွတ်လပ်ရေးရခါနီး အာဏာလွှဲပြောင်းနိုင်ဖို့ ၁ ဩဂုတ် ၁၉၄၇ ရက်နေ့မှာ အစိုးရအဖွဲ့ရယ်လို့ ဖွဲ့တော့ သခင်နုက ဝန်ကြီးချုပ်ဖြစ်လာပြီး ပြန်ကြားရေးကို တွဲကိုင်တယ်။ နိုင်ငံခြားရေးကို သခင်လွန်းဘော် ကို လွှဲပေးလိုက်တယ်။ ဗိုလ်လက်ျာ ကတော့ ကာကွယ်ရေးဝန်ကြီးရယ်လို့  ဖြစ်လာတယ်။ ၁၆ စက်တင်ဘာ ၁၉၄၇ ရက်နေ့မှာ ဗိုလ်လက်ျာ  ဒုတိယဝန်ကြီးချုပ်ပါ ဖြစ်လာတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရတော့ ပထမဦးဆုံးသော ကာကွယ်ရေးဝန်ကြီးက ဗိုလ်လက်ျာပေါ့။ နောက်တော့ ဦးနုက ၇ စက်တင်ဘာ ၁၉၄၈ မှု ကာကွယ်ရေးဝန်ကြီး တာဝန်လွှဲယူတယ်။ အချို့က ၁၄ စက်တင်ဘာ ၁၉၄၈ လို့လည်း ပြောကြတယ်။ [ဗိုလ်လက်ျာ တပ်ကိုပြန်တယ်။ ဗိုလ်လက်ျာဟာ မြောက်ပိုင်းတိုင်းမှာ တိုင်းမှူးအဖြစ် ၅ ဖေဖော်ဝါရီ  ၁၉၄၉ ကနေ ၁၇ ဖေဖော်ဝါရီ ၁၉၄၉ အထိ – အမည်ခံသဘောလောက်သာ  ရှိမည်ထင်သည် – တိုင်းမှူးတာဝန် ၁၂ရက် ထမ်းဆောင်ခဲ့တယ်။ ၁၆ ဖေဖော်ဝါရီ ၁၉၄၉ မှာ ဝန်ကြီးချုပ် သခင်နုက ဗိုလ်လက်ျာဆီကို  စာရေးပြီး ၁၇ ဖေဖော်ဝါရီ ၁၉၄၉ ရက်နေ့မှစကာ ခွင့်ရက်ရှည်ပေးလိုက်ပြီး  တပ်မတော်မှ ဖယ်ရှားခဲ့တယ်။ ] နောက်တော့ ၅ ဧပြီ ၁၉၄၉ ရက်နေ့မှာ အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းတော့ ဒုဗိုလ်ချုပ်ကြီးနေဝင်းကို ကာကွယ်ရေးဝန်ကြီး (ပြည်ထဲရေးဝန်ကြီးအဖြစ်ပါ) ခန့်တယ်။ ဒုတိယဝန်ကြီးချုပ် တာဝန်ပါယူတယ်လို့ ဆိုပါတယ်။ တစ်နှစ်ခွဲလောက်အကြာ – ၁၁ စက်တင်ဘာ ၁၉၅၀ ရက်နေ့ – မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဝန်ကြီးရာထူးတွေက အနားယူတယ်လို့ ကြေညာတယ်။ ၉ ရက်နေ့ကတည်းက တာဝန်က နားသွားပြီလို့ ပြောကြတယ်။ ဦးဝင်းက ၁၈ စက်တင်ဘာ ၁၉၅၀ မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတယ်။ နောက်တော့ ၁၆ မတ် ၁၉၅၂ ရက်နေ့မှာ အစိုးရသစ်ဖွဲ့စည်းတော့ ဦးဗဆွေ ကာကွယ်ရေးဝန်ကြီး ဖြစ်လာပါတော့တယ်။  ဖဆပလ အကွဲအပြဲမှာ ဦးဗဆွေ ကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်ကနေ ၁၄ ဇွန် ၁၉၅၈ မှာ နုတ်ထွက်တော့ ၁၅ ဇွန် ၁၉၅၈ ရက်နေ့ကစပြီး ဝန်ကြီးချုပ်ဦးနုက ကာကွယ်ရေးဝန်ကြီး တာဝန်ယူတယ်။ တစ်လအကြာ ၁၆ ဇူလိုင် ၁၉၅၈ မှာတော့ ဗိုလ်မှူးအောင်က သန့်ရှင်းအစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ကျမ်းကျိန်တယ်။ အိမ်စောင့်အစိုးရတက်တဲ့အထိ ဆိုပါတော့။ ၁၇ အောက်တိုဘာ ၁၉၅၈ မှာ အိမ်စောင့်အစိုးရဖွဲ့တော့ ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ် လာတယ်။ ဒါဟာ ၁၆ မတ် ၁၉၆၀ ရက်နေ့မှာ ပထစအစိုးရကို အာဏာလွှဲ ပေးတဲ့အထိပေါ့။ ဦးနုက ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး လုပ်တယ်။

၂ မတ် ၁၉၆၂ မှာ တပ်မတော်က တစ်ခါအာဏာသိမ်းတော့ ဗိုလ်ချုပ်ကြီးနေဝင်းက ကာကွယ်ရေးဝန်ကြီး ပြန်လုပ်တယ်။ အဲဒါ ၂၀  ဧပြီ ၁၉၇၂ ရက်နေ့အထိပဲ။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ တပ်မတော်ကနေ အငြိမ်းစားယူခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်တယ်။  ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစန်းယုကို ကာကွယ်ရေးဝန်ကြီး တာဝန်လွှဲပေးလိုက်တယ်။ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖွဲ့တော့ ၄ မတ် ၁၉၇၄ ရက်နေ့မှာ ကာကွယ်ရေး  ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်မှူးချုပ် (နောင်ဗိုလ်ချုပ်ကြီး) သူရတင်ဦး ကာကွယ်ရေးဝန်ကြီး ဖြစ်လာပါတယ်။ ၆ မတ် ၁၉၇၆ ရက်နေ့တွင် ရာထူးမှ ဖယ်ရှားခံရပြီးသည့် နောက်ရက်ကစပြီး ဗိုလ်မှူးချုပ် (နောင်ဗိုလ်ချုပ်ကြီး)  သူရကျော်ထင် ကာကွယ်ရေးဝန်ကြီး တာဝန်ယူတယ်။ ၂၇ ဇူလိုင် ၁၉၈၈ရက်နေ့အထိပဲ။ သူ့ကိုဆက်ခံတာက ဗိုလ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး) စောမောင် ဖြစ်တယ်။ ၂၀ မတ် ၁၉၉၂ ရက်နေ့ကနေစပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဝန်ကြီး လုပ်လိုက်တာ ၂၉ မတ် ၂၀၁၁ အထိပဲ ဆိုပါတော့။ ပြည်ခိုင်ဖြိုးအစိုးရ တက်လာတော့ ၃၀ မတ် ၂၀၁၁ မှာ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းကို ကာကွယ်ရေးဝန်ကြီးခန့်တယ်။ ၇ စက်တင်ဘာ ၂၀၁၂ မှာ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နဲ့ လဲတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပခါနီး ၂၄ ဩဂုတ် ၂၀၁၅ မှာ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း  ကာကွယ်ရေးဝန်ကြီး ဖြစ်လာတယ်။ ဒီချုပ်အစိုးရ တက်လာတဲ့ ၃၀  မတ် ၂၀၁၆ အခါမှာလည်း သူပဲ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ရှိနေတယ်။ လွတ်လပ်ရေးရကတည်းက (၁၉၄၈ -၂၀၁၈) နှစ်ပေါင်း ၇၀ အတွင်းမှာ ကာကွယ်ရေးဝန်ကြီး လုပ်သွားတာ ၁၄ ယောက်ရှိတယ်။  အရပ်သားစစ်စစ်သုံးဦးသာပါတယ် – ဦးနု၊ ဦးဝင်း၊ ဦးဗဆွေ။ ကာကွယ်ရေး ဝန်ကြီးတွေထဲမှာ သုံးခါပြန်လုပ်တာ နှစ်ဦးရှိတယ်။ ဦးနုရယ်၊ ဗိုလ်ချုပ်ကြီး နေဝင်းရယ်ပါ။ ကျန်တာတွေက တစ်ခါစီ။

မောင်အောင်မျိုး

( စာရေးသူသည် International University of Japan တွင် သင်ကြားပို့ချနေသော ပါမောက္ခဖြစ်ပြီး Building the Tatmadaw:Myanmar Armed Forces since 1948 စာအုပ်ကို ရေးသားသူ ဖြစ်သည်။ အယ်ဒီတာ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *