ဆင်ရိုင်းနှင့် တို့မြန်မာ

“ဟေ့ … ဟိုရှေ့မှာ ဆင်ကြီး …”
“ဟုတ်တယ်ဟေ့။ တို့ဘက်ကို လျှောက်လာနေတယ်”
“ဟေ့ … ကလေးတွေ ထွက်ကြည့်ကြ …။ ထွက်ကြည့်ကြ …”
မှန်ပါတယ်။
ဘုရားပွဲတစ်ခု လှည့်လာနေသလိုပါပဲ။
မိနစ်ပိုင်းအတွင်းမှာ ဆင်လျှောက်ရာ လမ်းမပေါ်မှာ ကလေးတွေ နဲ့ ပြည့်လျှံနေပါပြီ။
ဒါ … ကျွန်တော် ကလေးဘ၀က မကြာခဏ မြင်တွေ့နေရတဲ့ မြင်ကွင်းပါ။
မှန်ပါတယ်။

ကျွန်တော့်မွေးရပ် မော်လမြိုင်မြို့မှာ ကျွန်တော်ကလေးဘ၀က ဆင်အရေအတွက် အလွန်များပါတယ် ခင်ဗျာ။
ဘာကြောင့်လဲ။
သစ်စက်တွေကြောင့်ပါ။

အဲဒီခေတ်က မော်လမြိုင်မြို့မှာ သစ်စက်တွေက အလွန်ပေါပါတယ်။
သစ်ဆွဲတဲ့အလုပ် … သစ်လုံးတွေ မချီတဲ့အလုပ်ကို ဆင်တွေကို ခိုင်းပါတယ်။
ဒီတော့ သစ်စက်ကြီးတိုင်းမှာ ဆင်တစ်ကောင်တော့ အနည်းဆုံး ရှိကြတာပေါ့ခင်ဗျာ။
ကျွန်တော် သိတတ်စအရွယ်ကစပြီး ဆင်ကို မြင်တွေ့ခဲ့ဖူးပါတယ်။
ရင်းနှီးခဲ့ပါတယ်။
သူတို့ကို ကျွန်တော် ချစ်ပါတယ်။
ဆင်တွေက ရှက်တတ်ပါတယ်။
လူရှိတဲ့နေရာမှာ ဘယ်တော့မှ မိတ်လိုက်တာတွေ မရှိပါဘူး။
ဆင်တွေဟာ ငိုတတ်တယ် ခင်ဗျာ။
ဆင်မျက်လုံးက မျက်ရည်တွေ စီးကျနေတာကို ကျွန်တော် မကြာခဏ မြင်တွေ့ခဲ့ရဖူးပါတယ်။
နောက် … လူတွေလိုပဲ အသိဉာဏ်လည်း အလွန်ရှိကြပါတယ်ခင်ဗျာ။

ဟိုခေတ်က လောကမန်သစ်စက်က ဆင်တွေဆိုရင် ညနေဘက် အလုပ်သမားတွေ အလုပ်ဆင်းတဲ့ ဥဩဆွဲသံကြားလိုက်ပြီဆိုတာနဲ့ သူတို့ကို အလုပ်ဆက်ခိုင်းလို့ မရတော့ပါဘူး။
သစ်လုံးကို မချီထားရင် ချက်ချင်းပစ်ချလိုက်ကြတယ်တဲ့။

ဟော … ၄-၁၀-၂၀၁၈ နေ့က နေပြည်တော်မှာ ဖမ်းဆီးရမိထားတဲ့ တရားမဝင်ဆင်စွယ်နဲ့ ဆင်ရိုးတွေကို မီးရှို့ ပွဲကြီး ပြုလုပ်ခဲ့ပါတယ်။
ရုပ်မြင်သံကြားမှာ မြင်တွေ့ခဲ့ရတဲ့ ဆင်စွယ်နဲ့ ဆင်ရိုးတွေကလည်း တောင်ပုံရာပုံ …။
ဒီဆင်စွယ် ဆင်ရိုးတွေရရှိဖို့ ဆင်ဦးရေ ဘယ်နှကောင်ကို လူတွေ သတ်ပစ်ခဲ့ကြပါသလဲ။
နောက်တစ်နေ့ သတင်းစာတွေမှာတော့ မီးရှို့လိုက်တဲ့ ဆင်စွယ်အရေအတွက်ကို အတိအကျ မဖော်ပြထားပါဘူး။ ကျွန်တော့်စိတ်ထင် တော့ နှစ်ရာနဲ့ သုံးရာကြားမှာ ရှိလိမ့်မယ်လို့ ထင်ပါတယ်။

ဆင်စွယ်ကြီးတွေကလည်း လှလိုက်တာ …။
ဒီဆင်စွယ်တွေ ရောင်းချပစ်ပြီး ဆင်တွေ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရေးအတွက် ဒီငွေတွေကို အသုံးပြုကြရင် ပိုမကောင်းဘူးလား။
လုပ်လို့မရဘူးခင်ဗျာ။

မြန်မာနိုင်ငံက CUTES လို့ အတိုကောက်ခေါ်တဲ့ ရှားပါးတိရစ္ဆာန်တွေနဲ့ သစ်မျိုးပန်းမျိုးတွေ စောင့်ရှောက်ကာကွယ်တဲ့ ကမ္ဘာ့အဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံ။ ဒီအဖွဲ့ဝင်နိုင်ငံဖြစ်နေတော့ ဒီအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို အကုန်လိုက်နာရမှာပေါ့ ခင်ဗျာ။

ဒီအဖွဲ့ကြီးက ဥပဒေမဲ့သတ်ဖြတ်ပြီး မှောင်ခိုဆင်စွယ်တွေကို ဈေးကွက်ပြန်ရောင်းချခွင့် မပေးပါဘူး။ မီးရှို့ဖျက်ဆီးရမယ်လို့ တိတိ ကျကျ ဥပဒေထုတ်ပြန်ထားပါတယ်။
မှန်ပါတယ်။

ဒါကြောင့်လည်း ဘာမှမကြာသေးပါဘူး။ ကင်ညာနိုင်ငံမှာ ဆင်စွယ်တန်ချိန်ပေါင်း ၁၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စာရှုသူ …။
သင် စဉ်းစားကြည့်စမ်းပါ။

တန်ချိန် ၁၀၀ ရှိတဲ့ ဆင်စွယ်အရေအတွက်က ဘယ်လောက်တောင် ရှိနိုင်သလဲ။
ဆင်စွယ်က အခေါင်းပွတွေဖြစ်နေတော့ အနည်းဆုံး လေးထောင်၊ ငါးထောင်လောက်ကို ရှိနိုင်တာပေါ့ခင်ဗျာ။

ကင်ညာအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ ဒီဆင်စွယ် တန်ချိန် ၁၀၀ ကို မီးရှို့ဖို့အတွက် ထင်း ၁၀ တန်နှင့် လောင်စာဆီ လီတာ တစ်သောင်းကျော်ကို အသုံးပြုခဲ့ရတယ်တဲ့ဗျာ။

မြန်မာနိုင်ငံမှာ ခုလို တရားမဝင်ဆင်စွယ်မီးရှို့ပွဲပြုလုပ်ခဲ့တာက ယခုအကြိမ်က ပထမဆုံးအကြိမ်ပါ။

ကျွန်တော်က ရတနာကုန်သည်ဘ၀ကလာခဲ့တဲ့ပုဂ္ဂိုလ်ပါ။
အရောင်တွေရဲ့ အလှအပကို သာမန်အဆင့်ထက် ပိုသိပါတယ်။
ဆင်စွယ်ရဲ့ အရောင်က အလွန်လှတဲ့အရောင် …။
အလွန်ငြိမ်တဲ့အရောင် …။

နောက် … ဆင်စွယ်အသားက မဆပ်ဘူး။ စီးတယ်။ ဒါကြောင့် ဆင်စွယ်အသားနဲ့ အလွန်လှပတဲ့ ပန်းပုမျိုးစုံကို ထုလုပ်လို့ရနိုင်ပါတယ်။
ဒီနေ့ ကမ္ဘာမှာ အကြီးဆုံး ဆင်စွယ်ဈေးကွက်က တရုတ်နိုင်ငံမှာ ရှိပါတယ်။ တရုတ်တွေ နှစ်စဉ်ရချင်တဲ့ ဆင်စွယ်ပမာဏကလည်း အလွန်များပါတယ်။ ဒါကြောင့်လည်း ဆင်စွယ်ဈေးက အတက်ပဲရှိပါတယ်။ အကျမရှိပါဘူး။

၂၀၁၀ ပြည့်နှစ်က ဆင်စွယ်တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၇၅၀ ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၁၀၀ ဈေး ဖြစ်သွားပါတယ်။ သုံးနှစ်အတွင်းမှာ သုံးဆတက်သွားခဲ့တာပေါ့ ခင်ဗျာ။

ဒီလို ဆင်စွယ်ဈေးကောင်းတဲ့အတွက် နိုင်ငံတိုင်းမှာ ဒီနေ့ ဆင်ရိုင်းတွေကို ခိုးသတ်ပြီး အစွယ်ကိုခိုးယူနေတဲ့ ပြဿနာနဲ့ ကြုံတွေ့ နေရပါတယ်။

ဆင်တွေရဲ့ ဦးရေကလည်း ဒီနေ့ကမ္ဘာမှာ တဖြည်းဖြည်း နည်းလာနေပါပြီ။ ၂၀ ရာစုအတွင်းက အာဖရိကတိုက်မှာ ဆင်ကောင်ရေ သန်းချီ ရှိခဲ့ပါတယ်။ ဒီနေ့ ခုနစ်သိန်းလောက်ပဲ ရှိပါတော့တယ်။

အာရှတိုက်မှာ အဲဒီခေတ်က ဆင်ကောင်ရေ တစ်သိန်းကျော်လောက်ရှိပါတယ်။ ဒီနေ့ ဆင်ဦးရေက သုံးသောင်းနဲ့ လေးသောင်း အကြားမှာပဲ ရှိပါတော့တယ်။

အာရှတိုက်မှာ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံပြီးရင် ဆင်အများဆုံး ရှိတဲ့ နိုင်ငံပါ။ ဒီနေ့အထိ ဆင်ဦးရေ စုစုပေါင်းက ငါးထောင်ကျော်ခန့် ရှိနိုင်သေးတယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမဲ့ ဆင်ရိုင်းဦးရေက ၂၅၀၀ လောက်ပဲ ရှိပါတော့တယ်။

ဆင်ရိုင်းဦးရေက တဖြည်းဖြည်း ကျဆင်းနေပါတယ်။ ၂၀၁၀ မှ ၂၀၁၈ အတွင်း ဆင်ရိုင်း ၁၀၈ ကောင် အသတ်ခံခဲ့ရတယ်လို့ သစ်တော ဦးစီးဌာနက ပြောပါတယ်။

အာဖရိကတိုက်မှာ ဆင်ရိုင်းကို ခိုးသတ်ကြတဲ့လူတွေက ဆင်စွယ်ကိုပဲ ယူပါတယ်။ မြန်မာနိုင်ငံမှာ ဆင်ရိုင်းခိုးသတ်တဲ့လူတွေက ဆင်စွယ် သာမကပါဘူး။

ဆင်အရေခွံလည်းယူတယ်။ ဆင်အသားလည်း စားတယ်။ ဆင်အရိုး … ဆင်သွား (ဆင်အံ) … ဆင်အမြီး … ဆင်တစ်ကိုယ်လုံးကို ယူကြတယ်။ ရောင်းစားကြပါတယ်ခင်ဗျာ။

ဒါကြောင့် ယခုလ ၁၄ ရက်နေ့က မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်ခဲ့တဲ့ တရားမဝင် ဆင်စွယ်နဲ့ ဆင်ရိုးတွေကို မီးရှို့ပစ်ခဲ့တဲ့အောင်ပွဲ ကို ဂုဏ်ပြုကြရပါမယ်။
သနားစရာ ဆင်ရိုင်းတွေရဲ့အသက်ကို လူထုအားဖြင့် ကျွန်တော်တို့ ဝိုင်းပြီး ကာကွယ်ကြရပါမယ်။

အံ့ဩစရာပါပဲ။
မီးရှို့ပွဲပြုလုပ်ပြီး နောက်တစ်နေ့ သတင်းစာနဲ့ ဂျာနယ်တွေအထဲမှာ ဒီအောင်ပွဲကို ကြိုဆိုတဲ့ဆောင်းပါးတွေကို ကျွန်တော်လက်လှမ်းမီသမျှ ရှာဖွေကြည့်ပါတယ်။
တစ်ပုဒ်မှ ရှာမတွေ့ပါဘူး။

အဲ … ထူးထူးဆန်းဆန်း RFA ရေဒီယိုက ဒေါ်စန်းစန်းတင်က ဒီမီးရှို့ပွဲကို ကြိုဆိုတဲ့ အသံလွှင့်ဆောင်းပါးတစ်ပုဒ်ကို အသံလွှင့်သွားပါတယ်။
ဒေါ်စန်းစန်းတင်နှင့် ကျွန်တော် စသိခင်မင်ခဲ့ကြတာ ကြာပါပြီ။
၁၉၆၇ ခုနှစ်လောက်ကတည်းကပါ။
ကျွန်တော်က မြန်မာ့သတင်းစဉ် (NAB) မှာ …။ သူမက
‘လုပ်သား’ သတင်းစာမှာ …။
ပြန်မတွေ့ကြတာလည်း နှစ်ပေါင်း ၅၀ လောက် ရှိပါပြီ။
အဲ … လူချင်းမတွေပေမယ့် RFA မှ သူမရဲ့ အသံလွှင့်ဆောင်းပါးတွေကိုတော့ ကျွန်တော်အမြဲနားထောင်ပါတယ်။

ယခု မြန်မာ့ဆင်ရိုင်းတွေရဲ့ အသက်ဘေးရန်ကာကွယ်ဖို့အတွက် သူမ တင်ပြဆွေးနွေးသွားတာတွေကလည်း အလွန်ကောင်းပါတယ်။ ပြည့်စုံလှပါတယ်။

မှန်ပါတယ်။ ဆင်ဆိုတဲ့သတ္တဝါဟာ ကျွန်တော်တို့ မြန်မာတွေ လုပ်ငန်းခွင်မှာခိုင်းစားဖို့သာ အသုံးပြုနေကြတဲ့ သတ္တဝါမဟုတ်ပါဘူး။
သမိုင်းတစ်လျှောက်လုံးမှာ အထွတ်အမြတ်ထားခဲ့ကြတဲ့ သတ္တဝါပါ။
ကြည့်ပါ။
နာမည်ကြီး ဘုရား … ပုထိုး … စေတီကြီးတွေရဲ့ ပရဝဏ်အားလုံး နီးပါးမှာ ဆင်ရုပ်ထုတွေ ထားရှိကြပါတယ်။
ရဟန်းတွေအသုံးပြုတဲ့ ကမ္မဝါတွေအထဲမှာ ဆင်စွယ် (ကမ္မဝါ) ဟာ အရှားဆုံး ဈေးအကြီးဆုံးပါ။ ကျွန်တော် မမြင်ဖူးပါဘူး။ ဟိုတစ်လော ကမှ မိတ်ဆွေကြီး ဦးခင်ရွှေ (ဇေကမ္ဘာ) ထုတ်ပြလို့ ပထမဆုံး ကျွန်တော် မြင်တွေ့ဖူးပါတယ်။

ရှေးမြန်မာကြီးတွေက ဆင်အရိုး … ဆင်အစွယ်နဲ့ လက်ဝတ်ရတနာအမျိုးမျိုး ပြုလုပ်ပြီး ဝတ်ဆင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဆင်ကိုသတ်ပြီး ဆင်စွယ်ကို ဖြတ်ယူတာမျိုးကို ဘယ်သူမှ မလုပ်ကြပါဘူး။

ဆင်တွေဟာ လူနဲ့ ရင်းနှီးစွာအတူနေတတ်တဲ့ သတ္တဝါပါ။
ခန္ဓာကိုယ်အလွန်ကြီးလှပေမယ့် လှုပ်ရှားသွားလာပုံတွေက အလွန်နွဲ့လှပါတယ်။
ဒါကြောင့်လည်း မြန်မာစကားမှာ နွဲ့နွဲ့နှောင်းနှောင်း သွားလာတတ်တဲ့ မိန်းမချော … မိန်းမလှတွေရဲ့ သွားလာဟန်ကို ‘ဆင်မယဉ်သာ’ လို့ ခေါ်ခဲ့ကြတယ် မဟုတ်လား။
အလွန် စိတ်မကောင်းစရာပါပဲ။

ဒီနေ့ ကမ္ဘာမှာ နှစ်စဉ်လူတွေ ဆင်စွယ်ရယူဖို့ ခိုးပြီးသတ်ဖြတ်နေ ခဲ့ကြတဲ့ ဆင်ရိုင်းဦးရေက အလွန်များလှပါတယ်။
အဲ … ၁၀ နှစ်အတွင်းမှာ ဆင်ရိုင်းဦးရေက ၆၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါပြီ။ အာဖရိကတိုက်မှာ နေ့စဉ် ဆင်ရိုင်းအကောင်တစ်ရာနဲ့ အထက် ခိုးပြီး အသတ်ခံနေရပါတယ်။

CITES ကဲ့သို့ ဆင်ရိုင်းတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့တွေသာ ကမ္ဘာမှာမရှိခဲ့ရင် ၂၀၂၀ ပြည့်နှစ်မှာ အာဖရိကတိုက်မှာ ဆင်အရိုင်းမျိုးတုံးသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

မှန်ပါတယ်။ တကယ်တော့ ဆင်တွေဟာ လူတွေရဲ့သက်တမ်း တစ်လောက်ကို အသက်ရှည်နေနိုင်တဲ့ သတ္တဝါတွေပါ။
အသက်အရှည်ဆုံး သတ္တဝါ ၁၀ မျိုးထဲမှာ ဆင်ပါဝင်ပါတယ်။

အာရှဆင်တွေရဲ့ ပျမ်းမျှသက်တမ်းက ၆၀ ရှိပါတယ်။ (Guinness Book) မှာ ဖော်ပြထားချက်အရ (Lin Wang) လို့ နာမည်ပေးထားတဲ့ အာရှဆင်တစ်ကောင်ဟာ အသက် ၈၆ နှစ်အထိ နေသွားခဲ့ပါတယ်။

ဒေါ်စန်းစန်းတင် ပြောသွားခဲ့သလိုပါပဲ။

ဦးပုညရေးတဲ့ ဆန္ဒန်ဆင်မင်းဇာတ်ထဲမှာ … “အစွယ်လိုသူ မိဖုရား … အသွားစေသူ မင်းဧကရာဇ် … လေးပစ်သူ ဘုရားကျွန်တော်…” လို့ ပါရှိတဲ့အတွက် ရှေးခေတ်က ဆင်သတ်ချင်တဲ့လူ … ဆင်သတ်ရာတွင် ပါဝင်ပတ်သက်နေသူတွေက သုံးဦးပဲ ရှိခဲ့ပါတယ်။

ဒီနေ့ တရုတ်ပြည်မှာ အလွန်ကြီးတဲ့ ဆင်စွယ်ဈေးကွက်ကြီး ရှိနေတဲ့အတွက် ဆင်သတ်ချင်တဲ့ မြန်မာမုဆိုး …၊ ဆင်စွယ်သွားရောင်းချင်တဲ့ မြန်မာကုန်သည် …။ နောက် … ဆင်စွယ်ရချင်တဲ့ တရုတ်ဝယ်သူ ဦးရေက ဘယ်လိုမှ မှန်းဆလို့ မရနိုင်တော့ပါဘူး။

နောက် … ဆဒ္ဒန်ဆင်မင်းဇာတ်တော်မှာ ဆင်ကိုသတ်ခဲ့တာ အချစ်ကြီးလို့ … အမျက်ကြီးလို့ … ရန်ငြှိုးကြီးလို့ … အဲ … ချစ်စိတ်နဲ့ နွှယ်နေတဲ့ လွမ်းဆွေးစရာ ဆင်သတ်မှုပါ။
ဒီနေ့ ဆင်သတ်နေကြတာကတော့ လောဘကြောင့် … ငွေကြောင့် … ဖြစ်နေတဲ့အတွက် အလွန် ရွံစရာ … မုန်းစရာ … ရှက်စရာ ကောင်းလှတဲ့ ဆင်သတ်မှုကြီးတွေ ဖြစ်နေပါတယ်ခင်ဗျာ။ 

ဦးလှဝင်း (လေသူရဲတစ်ဦး)
၁၂-၁၀-၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *