“အားလုံးအဆင်ပြေအောင် ကိုယ့်လူကို ထိုးကျွေးတယ်လို့ပဲပြောပြော လုပ်ရတာရှိတယ်”

ရခိုင်အရေးတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့၍ ဂုဏ်ပြုသည့်အနေနှင့် လက်ဆောင်ပေးသည့် ဦးထုပ်နှင့် တွေ့ရစဉ်။ (ဓာတ်ပုံ - ချမ်းမြေ့ခိုင်)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံခြင်း

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာတွင် လူ့အခွင့်အရေးဆိုးဆိုးဝါးဝါးချိုးဖောက်ပြီး သိန်းနှင့်ချီသည့် ဘင်္ဂါလီများကို မောင်းထုတ်ခဲ့သည်ဟုဆိုကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာအပေါ် ဖိအားအလွန်အကျွံပေးကာ အရေးယူရန်ကြိုးပမ်းနေကြသည်။ ယင်းသို့အကျပ်အတည်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်၊ အငြိမ်းစားဗိုလ်ချုပ်လည်း ဖြစ်၊ လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမောင်မောင်အုန်းနှင့် The Voice Journal တို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

The Voice Journal – ပထမဆုံးမေးချင်တာက ဝန်ကြီးချုပ်ဘ၀က ရခိုင်ပြည်နယ်အခြေအနေနဲ့ အခုလက်ရှိ အခြေအနေ ဘယ်လိုကွာခြားသွားပြီလဲ။

UMMO – ရခိုင်ပြည်နယ်လက်ရှိအနေအထားတွေကတော့ ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်တဲ့ ကိစ္စက ဟိုးအရင်ကတည်းက ဖြစ်နေတာပေါ့။ သူ့နည်းသူ့ဟန်နဲ့ အစိုးရအဆက်ဆက်ကလည်း ဖြေရှင်းခဲ့ကြတာပေါ့နော်။ ဒါပေမဲ့ လက်ရှိအစိုးရ လက်ထက်မှာတော့ ဖြေရှင်းပုံ၊ ဖြေရှင်းတဲ့ အနေအထားတွေက အရင်နဲ့ မတူတော့ဘူးပေါ့။ အရင်အစိုးရ အဆက်ဆက်ကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတယ်။ ပြည်တွင်းရေးအနေနဲ့ သတ်မှတ်ပြီးတော့ ဒီကိစ္စကို နိုင်ငံတကာနဲ့ ဆပ်စပ်ပြီးတော့မှ ထိန်းသိမ်းပြီးတော့မှ ငြင်သာစွာနဲ့ ကိုင်တွယ်ခဲ့တာပေါ့။ နောက်ပိုင်းကျတော့ ပြည်တွင်းရေးကနေ နိုင်ငံတကာကိစ္စဘက်ကို ကူးသွားတယ်။ အခုအနေအထားမှာတော့ နိုင်ငံတကာကိစ္စဖြစ်သွားတဲ့အတွက် နိုင်ငံတကာဖိအားတွေကို ခံရတယ်။ ဟိုအရင်တုန်းကဆိုတာက အကြမ်းဖက်တွေ မရှိဘူး။ အာဆာတို့။ နောက်ပိုင်းမှာ အကြမ်းဖက်တွေ ဝင်လာတဲ့အတွက် ရဲစခန်းတွေကို တိုက်၊ လူတွေကို သတ်ဖြတ်၊ မီးရှို့ဖြစ်လာတဲ့ အတွက်။ အကြောင်းအရာကတော့ အရင်တုန်းကအတိုင်းပဲ ဖြေရှင်းရတာမှန်ပေမယ့် အခုနောက်ဆုံးဖြစ်တဲ့ အနေအထားက အရင်နဲ့ မတူဘူး။ လုံးဝကွာတယ်။ ပိုပြီးတော့မှ ဆိုးရွားလာတဲ့ အနေအထားမျိုးလို့ ပြောရမယ်။

The Voice Journal – ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က အအောင်မြင်ဆုံးလုပ်နိုင်ခဲ့တာက ဘာတွေဖြစ်မလဲ။

UMMO – နိုင်ငံတကာနဲ့ဆက်စပ်တဲ့ကိစ္စလို့ပဲ ပြောရမှာပေါ့။ ဒီကိစ္စက ပြည်တွင်းရေး၊ ကိုယ့်အချုပ်အခြာ အာဏာနဲ့ ကိုယ်လုပ်ရမှာကတော့ Right ပဲ။ သို့သော်လည်း နိုင်ငံတကာနဲ့ ဆက်ဆံရမှာတွေလည်း အများကြီးရှိတယ်။ ကိုယ့်တုန်းကလည်း နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါ ရပ်တည်ချက်ကတော့ နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို နိုင်ငံသားပေးမယ်။ နိုင်ငံသား မဖြစ်သင့်တဲ့ သူကို မပေးဘူး။ Camp တွေကို ဝန်ကြီးချုပ်အနေနဲ့ သွားတဲ့အခါ ခင်ဗျားတို့ နိုင်ငံသား ဖြစ်ချင်တာလား။ ရိုဟင်ဂျာ ဖြစ်ချင်တာလား မေးတယ်။ ရိုဟင်ဂျာဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ မရှိဘူး။ ကျွန်တော် လုံးဝမလုပ်ပေးနိုင်ဘူး။ နိုင်ငံသားဖြစ်ချင်ရင် ၈၂ အက်နဲ့ လုပ်ပေးမယ်။ နိုင်ငံသားဖြစ်မှ နိုင်ငံသားအခွင့်အရေးရမယ်။ IDP ဆိုရင် IDP အခွင့်အရေးပဲရမယ်။ နိုင်ငံသားဖြစ်အောင် လုပ်ကြပါ၊ ဒီလိုပဲ ပြောခဲ့တာပဲ။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါလည်း တင်းရမယ့်နေရာမှာ တင်းရမယ်။ ပျော့ရမယ့်နေရာမှာ ပျော့ရမယ်။ လိမ္မာပါးနပ်စွာနဲ့နေရမယ့် အနေအထားမှာ လိမ္မာပါးနပ်စွာနဲ့ နေရမယ်။ မစ္စတာဘန်ကီမွန်း နေပြည်တော်မှာ အာဆီယံ Summit လာတုန်းက စာရေးကန့်ကွက်ခဲ့တယ်။ ရိုဟင်ဂျာအသုံးအနှုန်းကို သုံးနှုန်းလို့ ကန့်ကွက်ခဲ့ပါတယ်။ ဒီအသုံးအနှုန်းက ကျွန်တော်တို့ နိုင်ငံရဲ့ ရခိုင်လူထုရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေနိုင်တဲ့ အခြေအနေမျိုး သက်ရောက်စေနိုင်တဲ့အတွက် မသုံးပါနဲ့လို့၊ မသုံးစေ ချင်ပါဘူးလို့ စာရေးကန့်ကွက်ခဲ့တယ်။ တကယ် တော့ ဒါက သိပ်အန္တရာယ်ကြီးတယ်။ ကမ္ဘာ့ခေါင်းဆောင်လို့ ပြောရမယ့်လူတစ်ယောက်၊ ကိုယ့်နိုင်ငံကို ဧည့်သည်အဖြစ်လာတဲ့သူကို ကိုယ်လို ပြည်နယ်ဝန်ကြီးချုပ်က စာရေးကန့်ကွက်တယ်ဆိုတာက အသွားမတော် တစ်လှမ်းပေါ့။ ကိုယ်လည်း အခြေအနေဆိုးသွားနိုင်တယ်။ အဲဒီလိုမှ မလုပ်ရင်လည်း ပြည်သူက ဆန္ဒပြမယ်။ Summit ကလည်း ထိခိုက်မှာဆိုတော့ ရှင်းရှင်းပြောရင် တာဝန်ရှိတဲ့သူအနေနဲ့ ခပ်ပြတ်ပြတ်ပဲ လုပ်ခဲ့တယ်။ တစ်ဖက်ကလည်း လုပ်ပေးသင့်တဲ့ အခွင့်အရေးတွေ အားလုံးကိုလည်း ကိုယ်လုပ်တဲ့အထဲမှာတော့ ဘင်္ဂါလီ Community လို့ပဲ ပြောပါရစေ။ IDP တွေကို အများကြီးလုပ် ပေးခဲ့တယ်။ ရခိုင်လူထုက လုံးဝမကျေနပ်ဘူးပေါ့။ ကိုယ် ရဲရဲတင်းတင်းပဲ။ ကျွန်တော်တာဝန်ရှိတယ်။ လုပ်ပေးသင့်တာ လုပ်ပေးရမယ်။ မကြိုက်လည်း မတတ်နိုင်ဘူး။ နိုင်ငံနဲ့ လူမျိုးကိုတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အဓိကကျွန်တော်သွားနေတာ National Interest ပဲ။ မှတ်မှတ်ထင်ထင် ကိုယ် ပြောရရင်တော့ အဲဒီတုန်းက ကိုယ်လုပ်ခဲ့တဲ့ မြေပုံမှာ နိုင်ငံတကာကို သက်သေပြတဲ့အနေနဲ့ လူတစ်ထောင်ကျော်လောက် ထင်တယ်။ နိုင်ငံသားစိစစ်ရေးကတ် ပေးခဲ့တယ်။ ကိုယ့်လက်ထက်မှာ ကမ္ဘာကို ပြခဲ့တယ်။ နောက်တစ်ခါ Boat People ကိစ္စလေ။ ကိုယ့်နိုင်ငံက လှေမျှောဒုက္ခသည်တွေကို လူသားချင်း မစာနာဘူး။ ပစ်ပယ်တယ်။ ကမ္ဘာက ရှုတ်ချနေတဲ့အချိန်မှာ ကိုယ့်ဆီကို ၇၀၀ လောက် ရောက်လာတယ်။ ကိုယ်ကိုယ်တိုင် သွားကြိုတယ်။ အဲဒီအချိန်မှာ မစ္စတာဗီဂျေနာမ်ဘီးယားတို့၊ ယူအန်ဌာနေ ကိုယ်စားလှယ်အကြီးအကဲ မစ္စရီတားနားတို့ကို ခေါ်သွားတယ်။ ကောင်းကောင်း ကြိုဆိုတယ်။ ကောင်းကောင်း ဧည့်ခံတယ်။ လာတုန်းက ပိန်ကပ်ပြီးတော့ သေတော့မယ့်သူတွေလို၊ ပြန်တဲ့အခါ အထုပ်တွေ ထမ်းပြီးတော့မှ ပြန်တယ်။ ဟိုဘက်နိုင်ငံက နိုင်ငံသားဖြစ်တယ်။ ကိုယ့်တို့ နိုင်ငံက ဆယ်ဂဏန်းလောက်ပဲ။ ကမ္ဘာကို အဲဒီလို တစ်ခေါက်ပြတော့ ကမ္ဘာကြီးက လက်ခံသွားတယ်။ ဆိုလိုချင်တာက လူ့အခွင့်အရေးကို တန်ဖိုးထားတယ်။ ဒီအတွက် လုပ်သင့်တာကိုလုပ်မယ်။ ဒါပေမဲ့ National Interest အချုပ်အခြာအာဏာကိုတော့ လုံးဝ အထိအခိုက် မခံနိုင်ဘူး။ ပြတ်ပြတ်သားသား ရပ်တည်ရမယ့်နေရာမှာ ပြတ်ပြတ်သားသား ရပ်တည်တယ်။

လုပ်ငန်းသဘောကတော့ နားလည်မှုယုံကြည် မှုတွေ နိုင်ငံတကာအဆင့်လည်း သွားသလို၊ နိုင်ငံတော်အဆင့်လည်း သွားသလို ပြည်သူဆန္ဒကိုလည်း ပစ်ပယ်လို့မရဘူး။ ဒီကြားထဲမှာ တည်ငြိမ်မှုကို ဘောင်အတွင်းကနေ ထိန်းကျောင်းနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။

ဓာတ်ပုံ – မိုးကျော်လွင်

The Voice Journal – မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရာမှာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်တယ်။ လူမျိုးတုန်းသတ်ဖြတ်မှုလို့တောင် ပြောတယ်။ နောက်တော့ Ethnic Cleansing လုပ်တယ်လို့ ပြောင်းသွားတယ်။ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာတွေလည်း ကျူးလွန်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အရေးယူဖို့ ဖိအားပေးကြိုးပမ်းနေတယ်။ အခုဆိုရင် ICC လို့ခေါ်တဲ့ နိုင်ငံတကာရာဇဝတ်မှုခံရုံးမှာလည်း မြန်မာတပ်မတော်ခေါင်းဆောင်တွေကို အရေးယူဖို့ လုပ်နေတယ်။ EU တို့ အမေရိကန် ဗြိတိန်တို့ကလည်း တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူလာတယ်။ ဒီလိုအခြေအနေ ဘာကြောင့် ဖြစ်သွားရတာလဲ။

UMMO – လူမျိုးတုန်းလုပ်တဲ့ ကိစ္စတွေပြီးတော့ မုဒိမ်းမှုတွေ ကျူးလွန်တယ်လို့ စသဖြင့်ဆိုလား တပ်မတော်မှာ ဒါမျိုးလုံးဝလုပ်လို့ မရဘူး။ တပ်မတော် သားတော်တော်များများက နည်းနည်းလေး အမှုဖြစ်တာနဲ့ စစ်စည်းကမ်းအရ ထိထိရောက်ရောက်အရေးယူတာပဲ။ တပ်မတော်ကတော့ စည်းကမ်းပိုင်း၊ အကျင့်စာရိတ္တပိုင်းကတော့ ကိုယ်က ရဲရဲကြီးတာဝန်ယူတယ်။ သို့သော် မ တစ်ထောင် သားတွေ ဖြစ်တဲ့အတွက် ရှိကောင်းလည်းရှိမယ်။ ရှိရင်လည်း ရှိတဲ့သူကို အရေးယူပေါ့။ ICC တင်တယ်တို့၊ ယနေ့ကာလမှာ ဖြစ်တယ်ဆိုတာကတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။ အစိုးရအာဏာ ရှိတယ်။ တပ်မတော်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တယ်။ ပြည်သူ ဒီသုံးခုက အရေးကြီးတယ်။ ကိုယ့်အမြဲပြောသလို ဒီသုံးခုက ကိုယ့်တို့နိုင်ငံမှာ မျဉ်းပြိုင်လိုဖြစ်နေ တယ်။ ဆုံမှတ်က ဘယ်နားမှာလဲ မသိ။ ဘယ်သူက Control လုပ်မှာလဲ။ ဘယ်သူက အကြံပြုမှာလဲ။ ဘယ်သူက Adjust (ထိန်းညှိ) လုပ်ပေးမလဲ။ ယနေ့ Adjust မလုပ်ပေးဘူးလေ။ အခု ICC ကို တင်တယ်။ တပ်က ဝင်လုပ်တယ် ပြောတယ်။ တပ်က ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား။ ဟိုမှာ အကြမ်းဖက်တွေ လုပ်နေပြီ။ ရဲစခန်းတွေ ဝင်တိုက်ခံရပြီ။ ဟိန္ဒူတွေ အသတ်ခံရပြီ။ တပ်မတော်က ငါတို့ကို အစိုးရက အမိန့်မပေးဘူးဆိုပြီး ဒီအတိုင်းနေနေရမှာလား။ အဲဒီတော့ တပ်မတော်ကလည်း လုပ်သင့်တာကို လုပ်တယ်။ ကိုယ်သိသလောက်ကလည်း အသိပေးတင်ပြတယ်။ တင်ပြပြီးတော့မှ ခွင့်ပြုမှ လုပ်တယ်လို့ ကြားတယ်။ တချို့ကိစ္စကျတော့လည်း တပ်မတော်ဆိုတာတော့ နိုင်ငံအချုပ်အခြာအာဏာအတွက် လုပ်ရင်းနဲ့ တင်ပြတာရှိသလို။ တချို့လည်း ခွင့်တောင်းတာ ရှိတာပေါ့နော်။ ဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာ အစိုးရကလည်း တပ်မတော်နဲ့ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းဖို့ လိုတယ်။ တပ်မတော်ကို ICC တင်တယ်။ တပ်မတော်ခေါင်းဆောင်တွေကို တစ်ခါ တည်း Sanction တွေ၊ သတိပေးတာတွေ လုပ်ပြီးတော့မှ အမျိုးမျိုးကြိုးစားတယ်။ အစိုးရလည်း ရှိတယ်။ အစိုးရက လက်ပိုက်ကြည့်နေတော့မှာလား။ ဘာဖြစ်ချင်တာတုန်း။ တပ်က မှားတယ်ဆိုရင်လည်း မှားတာကို သူ့ဟာသူ တပ်မတော်က အရာရှိတွေက ထောင်ကျတာတွေ ရှိနေပြီ။ ဟိန္ဒူတွေ အသတ်ခံရတယ်။ သတ်တဲ့ တရားခံအာဆာတွေကိုကျတော့ လုံးဝ သတင်းအမှောင် ချထားတာ။ လူတစ်ရာလောက် အသတ်ခံရတယ်။ ကမ္ဘာက သိတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက နှုတ်ပိတ်နေတယ်။ အိန္ဒိယတစ်ခုပဲ ဒါကို ဖော်ထုတ်တယ်။ ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလဲ။ တပ်မတော်က နယ်မြေရှင်းလင်းလို့၊ တပ်မတော်ဆိုတာက ကိုယ့်တို့ တပ်မတော်မှ မဟုတ်ပါဘူး။ စစ်ရဲ့ သဘောသဘာဝ ဆိုတာက ဒီရွာမှာ သူပုန်ရှိတယ် ပြောလို့ရှိရင် ဒီအထဲမှာ တိုက်ပွဲဖြစ်ရင်တော့ မတတ်နိုင်တော့ဘူး။ ဘယ်သူက သူပုန်မှန်းလည်း မသိတော့ဘူး။ ရွာသားမှန်းလည်း မသိဘူး။ အတတ်နိုင်ဆုံး ပြည်သူမရှိတဲ့နေရာမှာ ဖြစ်တာ အကောင်းဆုံးပေါ့။ စစ်ရဲ့သဘောသဘာဝက ဒီလိုဒီလိုတော့ ဆက်စပ်မှုရှိတော့ အကြမ်းဖက်လုပ်ပြီဆိုရင်တော့ အခုနားက ဟာမျိုးလို ဖြစ်တတ်တယ်။ Emotion တချို့ပါတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ့်တို့လုပ်ခဲ့တာက တပ်မတော်က ဒီဘင်္ဂါလီ Community ကို သေစေတော့၊ ဒီလူမျိုးတွေကို မမြင်ချင်လို့ လုပ်မယ်ဆိုတဲ့ စိတ်မျိုးတော့ လုံးဝ လုံးဝ မရှိဘူး။ တပ်မတော်က ပိုတောင် ထိန်းရသေးတယ်။ ဒါလုပ်လိုက်ရင် နိုင်ငံတော်နဲ့ နိုင်ငံသား ငါတို့ကို ကမ္ဘာကြီးက ဘယ်လိုပြောမလဲဆိုတဲ့ အမြင်ကို ရှိတဲ့အတွက် တော်တော်ကို ထိန်းတယ်။ ဒါပေမဲ့ လိုအပ်လာလို့ရှိရင် သွားတာပေါ့။ ကိုယ့်အမြင်ပြောရရင်တော့ အားလုံးမှာ အစိုးရက နိုင်ငံတော်ရဲ့အကြီးဆုံး အဖွဲ့အစည်း ဖြစ်တဲ့အတွက် သူ့ရဲ့ Command (အမိန့်) သူ့ရဲ့ ပေါင်းစပ်ညှိနှိုင်းမှုနဲ့ ပြဿနာဖြစ်လာရင်လည်း ဖြေရှင်းသင့်တယ်လို့ ထင်တယ်။ အခုက တပ်မတော်ကပဲ သီးခြားဖြေရှင်းနေရတော့ တပ်မတော်ဆိုတာ အစိုးရ လက်အောက်ကပဲ။ ယနေ့အချိန်မှာ အစိုးရမှာလည်း အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာ သဘောပေါက်ပါတယ်။ တပ်မတော်မှာလည်း အခက်အခဲ အများကြီးရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေလည်း ရှိတယ်။ ဘင်္ဂါလီကိစ္စမှာ တပ်မတော်က ဘာလုပ်ရမလဲ။ အစိုးရက ဘာအမိန့်ပေးမလဲ။ ကိုယ့်အမြင်ပြောရရင်တော့ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းတယ်လို့မြင်တယ်။ အစိုးရရယ်၊ တပ်မတော်ရယ်၊ ပြည်သူရယ်။

တပ်မတော်သားဆိုတာလည်း အသက်နဲ့ရင်းပြီး လုပ်ရတာ။ အခုထောင်ကျသွားတဲ့ တပ်ရင်းမှူးတွေ၊ အရာရှိတွေ ရှိတယ်။ သူလုပ်ချင်လို့ လုပ်ရတာလား။ ပိုက်ဆံရလို့လား။ သူ့မှာလည်း မိသားစုနဲ့ ဂုဏ်သိက္ခာနဲ့ ရှိတယ်။ အခု မင်းနိုင်ငံတော်နဲ့ ပတ်သက်လို့ ထိခိုက်တယ်။ မင်းစစ်သား။ ပိုက်ဆံတစ်ပြားမှ မရဘဲနဲ့ ထောင် ၁၀ နှစ် ကျသွားတယ်။ စဉ်းစားကြည့်လေ။ အခု အဂတိလိုက်စားတဲ့ အဖွဲ့တွေ ရှိတယ်။ တချို့ဆိုရင် ပိုက်ဆံတွေ အများကြီးရလို့ ထောင်ကျတယ်ဆိုရင် သူ့မှာ ငွေရဖို့ လုပ်ခဲ့လို့ တစ်ခုခုတော့ အကျိုးရှိကောင်း ရှိနိုင်တာပေါ့။ စစ်သားဆိုတာက ဟိုးရှေ့တန်းမှာ စုတ်ပြတ်သတ်။ အခုထောင်ကျတော့လည်း ကယ်မယ့်သူမရှိ။ ဘ၀က ပျက်။ သူတို့က ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။ သူတို့လည်း သေစေလိုတဲ့ဆန္ဒ ရှိမလား။ ထောင်ကျခံပြီး လုပ်ပါ့မလား။ သို့သော် တချို့ဟာတွေက စစ်ရဲ့သဘောသဘာဝနဲ့ ဆက်စပ်တာပေါ့။ အဲဒါမှာ တစ်ခါ လွှတ်တော်မှာ အကြမ်းဖက်အဖွဲ့အစည်း ကြေညာဖို့၊ အကြမ်းဖက်အဖွဲ့အစည်း ကြေညာလိုက်ရင် အကြမ်းဖက်အဖွဲ့အစည်းလို့ နှိမ်နင်းခွင့် ရှိတယ်။ မကြေညာရင် အကန့်အသတ်တွေရှိတယ်။ အကြမ်းဖက်လို့ မကြေညာပါဘူးတဲ့ အာဆာကို ဆိုတော့၊ အဲဒီအချိန်မှာ တပ်မတော်ကလည်း ဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ပြီ။ တပ်မတော်က အကြမ်းဖက်ကို လုပ်သလိုမျိုး လုပ်တာ။ အကြမ်းဖက်ဆိုလို့ ရှိရင်တော့ အကြမ်းဖက်ကတော့ တွေ့ရာသချုင်္ိင်း ဓားမဆိုင်းပဲ။ အခုကျတော့ မဟုတ်ဘူး။ စစ်တပ်က ဥပဒေကို ကျူးလွန်တယ်။ နိုင်ငံတကာစံနှုန်းတွေကို ဖောက်ဖျက်တယ်။ ဒါတွေနဲ့ လက်ညှိုးထိုးလာပြီ။ ဘာပဲပြောပြော တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရပိုင်းနဲ့ တပ်မတော်ပိုင်းက ထိန်းကျောင်းပြီးတော့မှ နိုင်ငံတကာ မျက်နှာစာမှာလည်း မျက်နှာပန်းလှအောင်၊ ကိုယ့်ရဲ့အချုပ်အခြာအာဏာ မထိခိုက်အောင် သွားသင့်ပြီ။ ကိုယ့်အမြင်ပြောရရင် ပြည်အင်အားက ပြည်တွင်းမှာပဲ ရှိတယ်ဆိုတဲ့အတိုင်း အခုအချိန်မှာတော့ အားလုံးပေါင်းစည်းသင့်ပြီ။ ICC တင်တဲ့ကိစ္စမှာလည်း တပ်မတော်လုပ်ရပ်တွေက နိုင်ငံတော်နဲ့ ပြည်သူအတွက် လုပ်တာဖြစ်တဲ့ အတွက် အစိုးရကလည်း မှန်မှန်ကန်ကန်နဲ့ ရပ်တည်ပြီး ဖြေရှင်းပေးသင့်တယ်လို့ ထင်တယ်။

The Voice Journal – အခုလိုမျိုးဖိအားတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာကို တုံ့ပြန်ဖို့ နည်းလမ်းတွေ ရှိလား။

UMMO – ကိုယ်တို့ အခု ဒီဘိတ်တွေမှာလည်း ပြောတာရှိတယ်။ TalkShow တွေ ပြောတာရှိတယ်။ တပ်မတော်နဲ့ ပတ်သက်လို့၊ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ အခြေအနေမှန်အားလုံးကို အမှန်အတိုင်း ဖော်ထုတ်မယ့် ပွဲတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ကမ္ဘာကိုတော့ ပြန်ချေဖျက်ရမယ်။ ကိုယ့်အမြင်ပြောရရင် လာသမျှ နိုင်ငံခြားသားတွေ အဖွဲ့အစည်းတွေ မှန်သမျှသည် ဒီမြန်မာနိုင်ငံရောက်ရင် ဟိန္ဒူတွေ အသတ်ခံရတဲ့ကိစ္စတို့၊ ရခိုင်ဘက်က တိုင်းရင်းသား မြို၊ သက်၊ ဒိုင်းနက်တို့ အသတ်ခံရတဲ့ကိစ္စကို ကျန်တဲ့နစ်နာမှုတွေကို လုံးဝ မေးလည်း မမေးဘူး။ ဟလည်း မဟဘူး။ အဲဒါ ဘာကြောင့်လဲ သိချင်တယ်။ ကိုယ်က Welcome လာခဲ့ပါ။ On Ground မှာ အကုန်စစ်။ စစ်တပ် မကြိုက်ရင် စစ်တပ်ကိုလည်း စစ်။ တိုင်းရင်းသားလည်း စစ်။ ဘင်္ဂါလီလည်း စစ်ဦး။ အာဆာကိုလည်း စစ်ဆေးဦး။ ဟိန္ဒူအသတ်ခံရတာ ဟုတ် မဟုတ် စစ်။ အခုက ဘာဖြစ်နေလဲဆိုတော့ လာတယ်။ သွားချင်တဲ့နေရာ သွားပြီးတော့ သူရေးချင်တာ ရေးပြန်သွားတယ်။ အဲဒါမျိုးဆိုရင်တော့ ဘာလုပ်မလဲ။ အဲဒါမျိုးဝင်ခွင့် မပေးပြန်တော့လည်း ယန်ဟီလီ ဟိုဘက် (ဘင်္ဂလားဒေ့ရှ်) သွားတယ်။ ပြီးတော့ ပြောချင်ရာပြောပြီး ကမ္ဘာကို ချပြလိုက်တော့ ပိုဆိုးသွားပြန်ရော။ နိုင်ငံတကာကို ထိုးဖောက်ဖို့ လိုတယ်။ သူတို့က လာတာတော့ လူ့အခွင့်အရေးနဲ့ လာတာ။ ကိုယ်တို့ ကတော့ အမျိုးသား အကျိုးစီးပွားနဲ့ ကြည့်တာ။ သဘောထားချင်းမတူတော့ ကိုယ့်တို့က ကမ္ဘာကြီးကို ချပြတဲ့အခါ ချပြနိုင်တဲ့သူတွေနဲ့ ပေါင်းစည်းပြီး အခုနားက အခြေအနေမှန်တွေနဲ့ ဖော်ထုတ်ဖို့ လိုတယ်။ ကုလသမဂ္ဂဆိုတာ လာကတည်းက ဒါကြီးကိုပေးကို ပေးရမယ်။ ရိုဟင်ဂျာမပေးရင်တော့ ခင်ဗျားတို့ နိုင်ငံကိုဆိုတဲ့ ပုံစံမျိုးနဲ့ အဓိပ္ပာယ် မရှိဘူး။

 

The Voice Journal – နိုင်ငံတကာက အရေးယူတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ တပ်မတော်ကလည်း အရေးယူတာတွေ လုပ်တယ်။ ဒီအပေါ်မှာလည်း တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိပါ တယ်။ ဒါကိုရော ဘယ်လိုထင်ပါသလဲ။

UMMO – ဒါတွေကတော့ နှစ်ပိုင်းရှိတယ်။ ကာယကံရှင်တွေ လုပ်ပုံလုပ်နည်းမှားလို့၊ အားနည်းလို့ အရေးယူတာမျိုးလည်း ရှိတယ်။ စစ်တပ်ကတော့ မရဘူးလေ။ ဗိုလ်ချုပ်ကြီး ခန့်ထားတယ်။ ဗိုလ်ချုပ် ခန့်ထားတယ်။ ဗိုလ်ချုပ် ခန့်ထားရင်တော့ အကုန် သိရမှာပဲ။ နိုင်ငံတော် မူတွေ၊ တပ်မတော် မူတွေ။ အဲဒါကြောင့် လူတွေ အုပ်ချုပ်ဖို့ ခန့်တာပေါ့။ မှားရင် ခံပဲ။ လုပ်နိုင်လို့ ခန့်ထားတာ။ မလုပ်နိုင် ခံပဲ။ ဒါက တစ်ပိုင်း။ နောက်တစ်ပိုင်းကတော့ နိုင်ငံရေးနဲ့ ဆက်စပ်လာပြီ။ ကိုယ့်ရဲ့အမျိုးသား အကျိုးစီးပွားအတွက် လုပ်ရတယ်။ သို့သော် တစ်ဖက်က အမြင်ကကျတော့ နိုင်ငံတကာက သူတို့ရဲ့ နိုင်ငံတကာစည်းမျဉ်းနဲ့ ဖြစ်တဲ့အခါကျတော့ ကိုယ့်လူက လုပ်တာ ကိုယ့်နိုင်ငံအတွက်။ သို့သော်လည်း နိုင်ငံတကာနဲ့ဆိုတော့ အားလုံးအဆင်ပြေအောင် ဆိုပြီးတော့ ကိုယ့်လူကို ထိုးကျွေးတယ်လို့ပဲ ပြောပြော၊ နေရာရွှေ့တယ်ပြောပြော လုပ်ရတာ ရှိတယ်။ ဒါလည်း သူ့ကို မုန်းတီးလို့ မဟုတ်ပါဘူး။ ဖြစ်နေတဲ့အပိုင်းမှာ တကယ်ပဲ အနေအထားက နိုင်ငံအတွက်လည်း ပြောစရာဖြစ်လာပြီဆိုရင် နိုင်ငံတော်အတွက်ကို ဖြေသိမ့်တယ်ဖြစ်အောင် မင်းကတော့ မှားတယ်ဆိုတဲ့ဟာမျိုးနဲ့ ဒါမျိုးလည်း ရှိပါတယ်။ အခုလုပ်တဲ့ အပိုင်းတွေကတော့ တပ်မတော်မှာ သိပ်ကျဉ်းထဲကျပ်ထဲဖြစ်တယ်။ တပ်မတော်က ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ မတူဘူး။ လက်ပိုက်ကြည့်နေလို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ နိုင်ငံတော် အချုပ်အခြာအာဏာ၊ တည်ငြိမ်ရေး အများကြီးပဲ။ လုပ်ချင်ရာလုပ် လက်ပိုက်ကြည့်နေလို့ကတော့ ဟိုအရင်တုန်းကလို ရန်ကုန်အစိုးရပဲ ကျန်တော့မယ်။ အကုန်လုံးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေပါ ဝင်လာပြီးလို့ ရှိရင်တော့ နိုင်ငံပျောက်သွားမယ်။ တပ်မတော်ကတော့ လက်ပိုက်ကြည့်နေလို့ မရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် သူကတော့ သူ့ရဲ့တာဝန်တွေ၊ ဒို့တာဝန်အရေးသုံးပါး ဒါတွေနဲ့တော့ လုပ်နေဦးမှာပဲလေ။ တပ်မတော်ကတော့ ကိုယ့်အမြင်ပြောရင် ဘာမှ ပြဿနာ မရှိပါဘူး။ ယနေ့ တပ်မတော်က ပိုပြီးတော့မှ အပြောမခံရအောင် ဆောင်ရွက်နေတဲ့သဘော ရှိတယ်။ အစိုးရရဲ့အပြောအဆိုရော၊ နိုင်ငံတကာရဲ့ အပြောအဆိုရော။ အရင်တုန်းက ဆိုရင်တောင် ကိုယ့်လူကို အသာလေး မှေးပြီးတော့မှ အခုတော့ မရဘူး။ ယနေ့ လုပ်တာကိုင်တာ အားလုံးမှာ ထစ်ခနဲ့ရှိတာနဲ့ အသံထွက်တာနဲ့ စစ်ဆေးသွားတော့။ တပ်မတော်ကလည်း ယနေ့ ခိုင်ခိုင်မာမာသန့်သန့်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန်လုပ်တယ်ဆိုတာ တပ်မတော်ကောင်းတစ်ရပ်ဆိုတာကို ပြချင်တဲ့အတွက် အခုတော့ စည်းကမ်းတကျကို ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်တဲ့အတွက် ဒီလိုသွားဖြစ်တာပေါ့။ တိုက်ဆိုင်မှုလိုပဲ ပြောပြော ဘာပဲပြောပြော ဖြစ်တာအားလုံးကတော့ တပ်မတော်မှာ ဖြစ်ရိုးဖြစ်စဉ် သဘာဝတွေပါပဲ။ ဒါကို အရေးကြီးတယ် မထင်လှပါဘူး။ ဘာမှကြီးကြီးမားမား တပ်မတော်အတွင်းမှာ ဖြစ်စရာအကြောင်း မရှိဘူး။

The Voice Journal – အစိုးရက မစ္စတာကိုဖီအာနန်အပါအဝင် နိုင်ငံတကာက ပုဂ္ဂိုလ်တွေပါဝင်တဲ့ ကော်မတီတွေ၊ ကော်မရှင်တွေကိုဖွဲ့ပြီး အခုကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါကရော ထိရောက်တယ်လို့ ယူဆလား။

UMMO – ပြောရရင် ရခိုင်ကိစ္စက ပြည်တွင်းရေးပဲ။ ပြည်တွင်းကပဲ ရှင်းရမယ်။ သို့သော်လည်း ဒီကိစ္စကြီးကလည်း နိုင်ငံတကာနဲ့ဘယ်လိုမှ ကွေကွင်းလို့ မရတော့ နိုင်ငံတကာနဲ့ ဆက်စပ်ပြီး လုပ်ရတယ်။ ကိုယ့် အမြင်ကို တည့်တည့်နဲ့ လိုရင်း ပြောရရင်တော့ နိုင်ငံတကာတော့ ပါဝင်သင့်တယ်။ ပါဝင်ရမယ်။ ဒါပေမဲ့ ပါဝင်ရမယ်ဆိုတာ ဘယ်လိုကဏ္ဍက ပါဝင်ရမှာလဲ။ သူသည် အကြံပေးဆိုရင်လည်း တွေ့ရှိချက်ကို အကြံပေးတာပဲ ဖြစ်ရမယ်။ Decision ချနိုင်တဲ့ ပုဂ္ဂိုလ်။ သူက ခေါင်းဆောင်လုပ်ပြီးတော့ ဒါကြီးကို စုံစမ်းစစ်ဆေးရမှာ မဟုတ်ဘူးလေ။ အဲဒီတော့ ကိုယ့်နိုင်ငံ ပြည်တွင်းရေးကို နိုင်ငံခြားသားလက်ထဲ ထိုးအပ်ရင်တော့ သူက နိုင်ငံခြားသားအမြင်နဲ့ လုပ်သွားမှာပဲ။ အခုလည်း မစ္စတာကိုဖီအာနန် လာသွားတယ်။ သူပြောတဲ့ဟာကြီးက လမ်းပြမြေပုံတောင် ဖြစ်ပြီးတော့ သူပြောတဲ့အတိုင်း မလုပ်ရင်တောင် ကိုယ့်နိုင်ငံက အဆိုးကြီးဖြစ်တော့မယ်။ မစ္စတာ ကိုဖီအာနန်လုပ်တာ မှားတယ်လို့ ပြောချင်တယ်။ သို့သော် အစိုးရအနေနဲ့လည်း ကောင်းမယ်ထင်လို့ အခုဖြစ်တဲ့ ပြဿနာကို ကျော်လွှားနိုင်မယ်ထင်လို့ လုပ်ခဲ့တာ။ သူတို့လည်း စေတနာနဲ့ ဖြစ်မှာပေါ့။ သို့သော် မကျော်လွှားနိုင်ခဲ့ဘူး။ အခုအနေအထားမှာ ပြောရရင် မစ္စတာကိုဖီအာနန်ကို ခေါ်ယူခဲ့ခြင်းသည် မှားတယ်လို့ အခုအချိန်မှာ သုံးသပ်လို့ရပြီ။ မစ္စတာ ကိုဖီအာနန်ကို ခေါ်တာ မှားတယ်ဆိုတာက သူ့ကို ဥက္ကဋ္ဌ ပေးတာ မှားတာကို ပြောချင်တာ။ ကိုယ်တို့ဆီက ဒုသမ္မတဖြစ်ဖြစ် တစ်ယောက်ယောက်က ဥက္ကဋ္ဌလုပ်ပြီး သူကအကြံပေးအနေနဲ့ ဒုဥက္ကဋ္ဌအနေနဲ့ လုပ်သင့်တာ။ အဲဒါမျိုးဆိုရင် လက်ခံတယ်။ အခုက ဒီအမှုကြီးကို နိုင်ငံခြားသားလက်ထဲကို လုံးဝထိုးအပ်သလို ဖြစ်သွားတဲ့ အခါကျတော့ မစ္စတာကိုဖီအာနန် ပြောတဲ့အတိုင်း မလုပ်ရင်တောင် တကယ့်ကို လူသားချင်း မစာနာတဲ့၊ တကယ့်ကို ဖိနှိပ်နှိပ်ကွပ်နေတဲ့ အစိုးရ၊ တပ်မတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံကြီးဖြစ်နေတယ်ဆိုတဲ့ အမြင်ကို သွားနေပြီ။ နိုင်ငံခြားသားတွေနဲ့ ပညာရှင်တွေနဲ့ နိုင်ငံတကာက ပါဝင်ပတ်သက်ရမယ့် ကိစ္စကတော့ အမှန်ပဲ။ သို့သော် သူတို့က Commander အနေနဲ့ လာပြီး ဒီကိစ္စကို ကိုင်တွယ်တဲ့ ပုံစံက လုံးဝမဖြစ်သင့်ဘူး။ နိုင်ငံခြားသားတွေကို ခေါ်တဲ့ ကိစ္စကလည်း နိုင်ငံတကာနဲ့ ဝင်ဆံ့အောင်ပဲ သုံးသင့်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အဆင့်ကို တာဝန်ပေးတယ်ဆိုရင်တော့ ဆိုးကျိုးကောင်းကျိုးကို ကိုယ်တို့နိုင်ငံပဲ အနာဂတ်မှာ ခံစားရမှာလေ။ အရင်တုန်းက မှားတယ် မှန်တယ် မဟုတ်ပေမယ့် အခုအချိန်မှာတော့ မှားတယ်လို့ မဆိုလိုသော်ငြားလည်း အဆင်တော့ မပြေဘူးလို့ ပြောချင်တယ်။ သူ လုပ်တဲ့အတွက် ယခင်ရှိတာထက် ပိုဆိုးပြီး မလုပ်ရင်တောင် တို့နိုင်ငံက တစ်သက်လုံး အမည်းစက်ကြီးနဲ့ ဖြစ်နေမယ့် အနေအထားမျိုး၊ Record တစ်ခုဖြစ်သွားတယ်လို့ပဲ ပြောချင်တယ်။

The Voice Journal – ဒီအကျပ်အတည်းနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ပုံကိုရော ဘယ်လိုမြင်လဲ။

UMMO – ဦးညီပုက ရိုးသားပါတယ်။ အလုပ်ကိုလည်း တော်တော်ကြိုးကြိုးစားစားလုပ်ပါတယ်။ သို့သော်လည်း နိုင်ငံတကာအတွေ့အကြုံ၊ ဒီအရေးအခင်းကြီးကို ပါဝင်ပတ်သက် ဆောင်ရွက်တဲ့နေရာမှာ အတွေ့အကြုံမရှိတဲ့အတွက် ဒီအခန်းကဏ္ဍမှာတော့ အလှမ်းဝေးတယ်လို့ ခံစားရတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျန်တဲ့ဝန်ကြီးချုပ်တွေနဲ့ မတူဘူး။ ကျန်တဲ့ ဝန်ကြီးချုပ်တွေက သာမန်စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး ဒါပဲ ကိုင်တွယ်ရတာ။ ရခိုင်ပြည်နယ်ကျတော့ ကမ္ဘာသိကိစ္စကြီး ဖြစ်တော့ လုပ်ရကိုင်ရခက်တယ်။ ရခိုင်လူထုခံစားမှု၊ အစိုးရမူဝါဒ၊ နိုင်ငံတကာအမြင်၊ ဘင်္ဂါလီ Community ဖြစ်ပေါ်နေတဲ့ကိစ္စတွေ နိုင်ငံတကာက အာရုံစူးစိုက်တယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဆိုတာကတော့ မုန့်ရမယ့်နေရာ ရောက်တာ မဟုတ်ဘူး။ တုတ်ရမယ့်နေရာ ရောက်တာ။ ကိုယ် ခံယူတာက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆိုတာ နိုင်ငံတော်အတွက် ထိုးကျွေးခံရတဲ့ နိုင်ငံရေးသားကောင်ပဲ။

ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ အားလုံးနဲ့ ပေါင်းစည်းပြီးတော့ သူကတော့ ခလယ်မှာ ရှိတဲ့သူပါပဲ။ နိုင်ငံတော်လည်း အဆင်ပြေအောင်။ ရခိုင်ပြည်သူ ဆန္ဒကိုလည်း ပစ်ပယ်လို့ မရဘူး။ ဒီလိုပဲ ဘင်္ဂါလီနဲ့ ပတ်သက်ရင်လည်း ပျက်စရာရှိရင် ပျက်ရမယ်။ ပေးစရာရှိရင် ပေးရမယ်။ ဒီလိုလုပ်နိုင်ဖို့တော့ လိုတယ်။ အဲဒါတွေကို လုပ်ရတာ တုံ့ဆိုင်းတယ်။ အားနည်းတယ်ဆိုရင် ပြဿနာက နိုင်ငံတော် သွားသွားဆောင့်တယ်။ ကိုယ့်တုန်းကဆိုရင် နိုင်ငံတော် သိပ်မလိုဘူး။ ကိုယ်နဲ့ပဲ ချဲတာ။ နောက်ဆုံး ကိုယ် ပြုတ်သွားလည်း အေးတာပဲ။ နောက်တစ်ယောက် တက်လိမ့်မယ်လို့။ ဘန်ကီမွန်းကို ကန့်ကွက်တာဆိုရင် နိုင်ငံတော်အဆင့်က ကန့်ကွက်လို့ ရတာပေါ့။ ကန့်ကွက်ရင် နိုင်ငံတော်က စကားပြောရတော့မယ်လေ။ အဲဒါကြောင့် ချဲရင် ကိုယ့်ကိုပဲ ချဲ။ အစိုးရကလည်း ဟာ ကျွန်တော်တို့ ထိန်းလိုက်ပါမယ်။ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကတော့ ဒီလိုလုပ်တာ ကိုယ့်လူကို ထိန်းပါ့မယ်ဆိုရင် ပြီးသွားတာပေါ့။ နိုင်ငံတော် မထိခိုက်ဘူးပေါ့။ အခုအနေအထားကတော့ ဝန်ကြီးချုပ် နေ့မအား ညမအား ကြိုးစားနေတာတွေ့ပါတယ်။ သို့သော်လည်း ဒါတွေက သာမန်ဝန်ကြီးချုပ်ဆိုရင် Right ပဲ။ Credit (ချီးကျူး) ပဲ။ ဒီကိစ္စမှာကျတော့ အတွေ့အကြုံမရှိတာရော၊ လုပ်နည်းလုပ်ဟန် တချို့လည်း လွဲတာ ရှိကောင်းရှိမှာပေါ့။ ဒီအတွက်တော့ ယနေ့ လူထုက ယုံကြည်မှု နည်းနည်းလျော့သလို အဖြေလည်း မထွက်။ တချိုက ပေါ့ရမယ့်ကိစ္စက မပေါ့ဘဲ ပိုပိုလေးသွားတာပေါ့။ တချို့ကိစ္စတွေကျတော့ ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ကတော့ Risk (စွန့်စားမှု) ယူပြီးလုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အောက်ခြေမှာ ရခိုင်ကိစ္စက သူ့အရပ်နဲ့သူ့ဇာတ်နဲ့ ကိုက်အောင် လုပ်ရမှာ။ အခုအချိန်မှာ လူထုရဲ့ယုံကြည်မှုနဲ့ မေတ္တာရအောင် လုပ်ဖို့ လိုတယ်။ အဲဒါကြောင့် ဦးညီပုကိုလည်း အကြံပြုချင်တယ်။ ပြည်သူနဲ့ ပိုပြီး Close  (နီးကပ်) ဖြစ်အောင်လုပ်ပါ။ ဘင်္ဂါလီကိစ္စမှာ ရခိုင်သားတွေ ဆန္ဒနဲ့ အတတ်နိုင်ဆုံး အနီးစပ်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ တိုးတက်မှုရှိလာမယ်လို့ ယူဆပါတယ်။

ဓာတ်ပုံ – မိုးကျော်လွင်

The Voice Journal – အခုက ဒီကိစ္စကို ပြည်ထောင်စုကပဲ ခေါင်းခံပြီး လုပ်နေတာလား။

UMMO – အခုကတော့ အဲဒီလို သွားဖြစ်တာပေါ့။ ဒီကိစ္စ အရေးကြီးတယ် နိုင်ငံတော်ကပဲ တိုက်ရိုက် ကိုင်တွယ်မယ်ဆိုပြီး ကိုင်တွယ်တာပေါ့နော်။ ဒါကလည်း မှန်ပါတယ်။ ဒီကိစ္စက အတိမ်းအစောင်း မခံဘူးလေ။ ဒါပေမဲ့ ကိုယ့်အမြင်ပြောရရင် နိုင်ငံတော်က တိုက်ရိုက်ကိုင်တွယ်ရုံနဲ့ ဒီကိစ္စ ပြေလည်ပြီလား။ မလွယ်ပါဘူး။ နိုင်ငံတော်မှာလည်း အခုဆုပ်လည်းဆူး၊ စားလည်း ရူးဖြစ်နေပြီ။ လှုပ်လေမြုပ်လေဖြစ်တယ်။ နိုင်ငံတော်အဆင့်ဆိုတာ လုပ်ရသိပ်ခက်ပါတယ်။ နိုင်ငံတော်က အပေါ်မှာ နေစမ်းပါ။ တချို့ကိစ္စတွေကို ကြားခံလူတွေက တာဝန်ခံဖြေရှင်းရမယ်။ ပြုတ်သွားရင် နောက်တစ်ယောက်တက်။ နိုင်ငံတော်က ဒီအတိုင်းပဲ သွားနေရမယ်။ တချို့အရေးကြီးတဲ့ကိစ္စတွေမှာ လက်အောက်ကို အာဏာဖြန့်ဝေ၊ တချို့ကိစ္စတွေမှာ ပြည်နယ်က လုပ်လိုက်။ ပြည်နယ်က လုပ်တာ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရ စီမံတာ။ ကျွန်တော်တို့က မူပဲ ကိုင်တာ။ ပြီးရောပေါ့။ ဒါက စကားကို အလွယ်လေးပြောလိုက်တာပါ။ နေရာတကာမှာ အပေါ်ကကိုင်ရင်တော့ အပေါ်မှာပဲ တာဝန် ရှိတာပေါ့။ ကိုယ်ထင်တယ် ပြည်နယ်အစိုးရလည်း မလုပ်တတ်လို့ မဟုတ်ဘူး။ လုပ်တော့ လုပ်ချင်တယ်။ လုပ်လည်းလုပ်နိုင်မယ်ထင်ပါတယ်။ သို့သော် နိုင်ငံတော်က ဒါကို အရေးကြီးတယ်ဆိုတော့ နိုင်ငံတကာအဖွဲ့တွေနဲ့ အပေါ်ကနေပြီးတော့ တိုက်ရိုက်ကိုင်ထားတော့ အောက်ခြေမှာ လုပ်ပိုင်ခွင့်မရှိတဲ့အခါကျတော့ တချို့ဟာတွေက အောက်မှာ ညှိမှ အဆင်ပြေမယ့် ကိစ္စတွေက ဘာတစ်ခုမှ မရှိတော့ဘဲနဲ့ အကုန်လုံးက အပေါ်မှာ လာဆောင့်နေတယ်။ အပေါ်မှာ  (ဆိုင်းငံ့) ဖြစ်ပြီး ပြဿနာပိုကြီးလာတာပေါ့။ ယုံကြည်မှုကလည်း တော်တော်လေးကွာဟလာလို့ အကြံပြုတာပါ။ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့် ဘောင်မလွတ်အောင်လို့ တချို့ကိစ္စတွေက မင်းတို့ဘာသာ လုပ်လို့ပြောလိုက်ရင် ဝန်ကြီးချုပ်လုပ်နိုင်တဲ့ အနေအထား အခွင့်အလမ်း အများကြီးရှိပါတယ်။ ဒါဆိုရင် ပိုပြီးတော့ ကောင်းမလား။ ဒါက ကိုယ့်အမြင်ပါ။

The Voice Journal – အခုအချိန်မှာသာ ဝန်ကြီးချုပ် တာဝန်ယူထားရမယ်ဆိုရင် ဘယ်လို ကိုင်တွယ်မလဲ။

UMMO – ဝန်ကြီးချုပ်လည်း မလုပ်ပါရစေနဲ့တော့နော်။ နိုင်ငံတကာနဲ့ နိုင်ငံအရေးမှာ ပါဝင်ပတ်သတ်ပြီးတော့မှ ဟိုလူမုန်း ဒီလူမုန်း ဖြစ်မယ့်ဟာကို ဘယ်သူလုပ်ချင်မှာလဲ။ ကိုယ့်တုန်းက တချို့ကလည်း ဝန်ကြီးချုပ်လုပ်ချင်လို့ ဗမာလူမျိုးက နယ်ကျော်ပြီးလာလုပ်တယ်ဆိုတော့ အဲဒီ စကားကြားတော့ ခံစားရတာ။ တာဝန်ကြောင့်မို့လို ဘ၀ကိုမြှုပ်နှံပြီး စေတနာနဲ့ လာလုပ်တာ။ လုပ်ချင်လွန်းလို့ လာလုပ်တာမျိုးတော့ မဟုတ်ဘူး။ ကျန်တဲ့ ဝန်ကြီးချုပ်နဲ့ မတူပါဘူး။ ပိုက်ဆံ သိပ်ပေါပြီး စီးပွားရေးကောင်းမွန်ပြီးတော့မှ ငွေရတဲ့ နေရာကြီးမှာ ဝန်ကြီးချုပ် ခန့်တာ မဟုတ်ဘူး။ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိတဲ့အထဲမှာ တရားခံဖြစ်အောင်ထားတဲ့ ဝန်ကြီးချုပ်ကို အဲဒီလို ပြောတော့ စိတ်မကောင်း ဖြစ်ရတယ်။ ဝန်ကြီးချုပ် အသံကြားတာနဲ့ ကိုယ် တွန့်သွားတယ်။ မလုပ်ပါရစေနဲ့။ သိပ်ပြဿနာကြီးထွားနေတဲ့အချိန်မှာ ရှင်းရှင်းပြောရရင် သိပ်လုပ်ချင်လွန်းလို့ ဖြစ်နေမှာ စိုးလို့ ပြောပြတာပါ။ တကယ်တော့ ဘာလုပ်မလဲဆိုတာကတော့ အခုနားက ပြောခဲ့တဲ့ဟာတွေပါပဲ။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဝန်ကြီးချုပ်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် အပြည့်အဝရပြီ။ သူ့ဘေးနားမှာလည်း ရံထားတဲ့ အကြံပေးတွေ၊ ကျန်တဲ့အဖွဲ့တွေနဲ့ ပေါင်းစပ်မယ်ဆိုရင် ကိုယ်ထင်တယ် နိုင်ငံတော်က တစ်ထစ်လျော့သွားနိုင်တယ်။ ယနေ့ ရခိုင်လူထုရဲ့ဆန္ဒက ဘာလဲဆိုတာသိပါတယ်။ တချို့ဟာတွေ နိုင်ငံတော်က လုပ်ပေးလို့ ရပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတကာကိစ္စမှာ အမှားအယွင်း မခံဘူး။ တပ်က ဖြစ်တဲ့ကိစ္စတွေမှာ ပြည်နယ်အစိုးရကလည်း အနီးကပ်ထိန်းကျောင်း ပေါင်းစပ်ညှိနှိုင်းရင် တချို့ဟာတွေက အဆင်ပြေနိုင်တာပေါ့။ အကြီးကြီးဖြစ်မှ နိုင်ငံတော်က ရှင်းဆိုတော့ သေရာ။ တချို့ကိစ္စတွေက ပြည်နယ်အဆင့်နဲ့အောက်ခြေမှာ ဒီလိုပဲ လုပ်ရင်းကိုင်ရင်း ထိန်းကျောင်းသွားတာ ရှိပါတယ်။ တချို့ကိစ္စမှာ အစိုးရကလည်း အောက်ခြေမှာ လုပ်ပိုင်ခွင့်တစ်ခု ပေးပြီးတော့မှ အောက်ခြေမှာ ပြည်သူနဲ့ ပြည်သူဆိုတာက ရခိုင်ရော တစ်ဖက်ရော ပါတာပေါ့။ အဲဒီမှာ သူ့လုပ်ပိုင်ခွင့်လုပ်မယ်။ မနိုင်တာကို အပေါ် တင်ပြ။ ဒီလိုနဲ့ပဲ ကိုယ်တို့က အချင်းချင်း တည်ငြိမ် အောင် သွားရမယ်။ ပြဿနာတော့ မပြီးပါဘူး။ တစ်ဆင့်၊ တစ်ဆင့် အဲဒီလို သွားစေချင်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် နိုင်ငံတော်ကလည်း ရပ်နေပြီလေ။ အကုန်လုံးကလည်း အဖြေက ဘာမှန်း မသိဘူး။ ဘယ်သူ ဦးဆောင်လုပ်နေလဲ မေးရင် ခက်ပါတယ်။ ခေါင်းဆောင်တွေက အများကြီးပဲ။ ကိုယ်ကတော့ တစ်ယောက်ထား။ သူက ကောင်းမွေ ဆိုးမွေပဲ။ လုပ်နိုင်မယ့်လူ ခန့်လိုက်တော့။ အဲဒီလိုမဟုတ်ဘူးဆိုရင် နောက်ဆုံးကျရင် ဇာတ်မျောကြီးဖြစ်ပြီးတော့ အားလုံးကလည်း အရင်တုန်းကဖြစ်ခဲ့တာ ကျွန်တော်တို့လည်း မနိုင်ပါဘူးဆိုပြီးတော့ ပြောသွားရုံနဲ့ မပြီးပါဘူး။ အခုချိန် ဝန်ကြီးချုပ်ဦးစီးတဲ့ အစိုးရအနေနဲ့ တာဝန်ခံ တာဝန်ရှိတဲ့အနေနဲ့ ပိုပြီးတော့ ထဲထဲဝင်ဝင်များ လုပ်သင့်သလား ဒီလိုထင်ပါတယ်။

The Voice Journal – ထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်က လူသားချင်းစာနာတယ်ဆိုပြီး လက်ခံတယ်။ မြန်မာဘက်က ပြန်လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီဆိုတော့လည်း ပြန်မပို့ပေးဘူး။ ထွက်ပြေးဘင်္ဂါလီတွေ ပြန်မရောက်တော့ ဖိအားပိုပေးခံနေရတယ်။ ဘင်္ဂလားဒေ့ရှ်က ဘာကြောင့် ဒီလို လုပ်နေတယ်ထင်လဲ။

UMMO – ပြောရရင်တော့ အကြောင်းအချက်တွေ အများကြီးရှိတယ်။ နိုင်ငံသားလိုချင်တာလား။ ရိုဟင်ဂျာ လိုချင်တာလား။ နိုင်ငံသားလိုချင်ရင် ပေးဖို့ ၈၂ နဲ့ လုပ်ပြီးသား။ သူတို့က နိုင်ငံသားထက် ပိုမြင့်နေတဲ့ တိုင်းရင်းသားလူမျိုးကို သွားချင်နေတယ်။ ဒါကြောင့်မို့လို့ ပြန်မလာတာ ဒါတစ်ချက်။ နောက်တစ်ချက်ကလည်း တချို့က အဲဒီလိုစိတ်တွေ မရှိပါဘူး။ နိုင်ငံသားတွေချည်းပဲ ဖြစ်ချင်တယ်ဆိုတာ အများကြီးပါ။ အခုနားကလိုမျိုး ရိုဟင်ဂျာဖြစ်ချင်တယ်ဆိုတဲ့သူတွေက အာဆာလိုဟာမျိုးက ပြန်ရင်တော့ မင်းတို့ ဟိုရောက်ရင် သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်သလို။ သွားရင်ခံရဦးမှာပဲ။ အဲဒါကြောင့် မပြန်နဲ့ ရိုဟင်ဂျာရမှပြန်လို့ မြှောက်ပေးတာလည်း ပါတယ်။ အောက်မှာရှိတဲ့ တချို့ဟာတွေကျတော့လည်း ဖြစ်တဲ့အပေါ်မှာ သာမန်လူထုက အကြောက်တရားနဲ့ ဖြစ်ပြီးတော့ ငါတို့ပြန်သွားရင် ငါတို့ဘ၀ဒီလိုပဲ ဇာတ်မျောကြီးဖြစ်နေဦးမလား။ ယုံကြည်မှုက မရသေးဘူး ဆိုတာမျိုးလည်း ဖြစ်တာပေါ့။ အဲဒါကြောင့် သူတို့ ပြန်မလာကြသေးဘူး ဖြစ်နေတယ်။ တခြား အကြောင်းအရာတွေက ပြောရရင် အများကြီးပဲ။ ကိုယ့်အမြင်ပြောရရင် ဘင်္ဂလားဒေ့ရှ်က သုံးသီးစားလောက် ဖြစ်နေတယ်။ နံပါတ်တစ် ကမ္ဘာမှာ ကယ်တင်ရှင်ကြီး ဖြစ်နေတယ်။ ပြီးရင် သူတို့က သူ့တို့ဆီမှာ ရောက်နေတဲ့ ဘင်္ဂါလီ Community မေတ္တာကို ရတဲ့ အပြင် နောက်တစ်ခါ သူ့ဆီမှာ အဲဒီလိုများထားတဲ့ အတွက် ရှင်းရှင်းပြောရရင် ထောက်ပံ့မှုတွေလည်း အများကြီးရတယ်။ နာမည်ကောင်းလည်း ရ၊ ထောက်ပံ့မှုလည်း ရ၊ စိတ်ရှုပ်တာတော့ ရှိမှာပေါ့။ အဲဒီလို ဖြစ်နေချိန်မှာ ကိုယ်တို့ နိုင်ငံကတော့ လူဆိုးကြီးဖြစ် ရတယ်။ Genocide လည်း ဖြစ်။ အကုန်လုံးက နှိပ်ကွပ်နေကြတယ်။ ဒါကလည်း နိုင်ငံရေးပဲ။ သူကလည်း ရှင်းရှင်းပြောရရင် National Interest ပဲ။ ဘင်္ဂလားဒေ့ရှ်လည်း သူ့နိုင်ငံအကျိုးစီးပွားအတွက် လုပ်နေတာ။ ပြန်မလာတဲ့ အကြောင်းအရာကို ထောက်ပြပြီးတော့ ကမ္ဘာကို ပြရမှာ။ ကိုယ်တို့ဘက်က Welcome လုပ်ပြီးသား။ အာဆာဆိုတဲ့ဟာက ချောင်းပစ်တာတို့ တချို့အသတ်ခံရတာ ရှိတယ်။ သူတို့က ကမ္ဘာကို သွားနေတာ။ ဘာကြောင့် မလာတဲ့ အဖြေက ကိုယ်တို့ နိုင်ငံက လာရင်သတ်ဦးမယ်၊ လုပ်ဦးမယ်ဆိုတဲ့ အမြင်နဲ့ ဟိုဘက်က ဝါဒဖြန့်ထားတာ။

The Voice Journal –  နောက်ဆုံးမေးချင်တာက ၂၀၂၀ ရွေးကောက်ပွဲမှာရော ဝင်ပြိုင်ဖို့ အစီအစဉ် ရှိလား။

UMMO – ရွေးကောက်ပွဲမှာ ဝင်ပြိုင်မလားဆိုတော့ ကိုယ့်စိတ်ရင်း အမှန်ပြောရရင်တော့ မပြိုင်ချင်ပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့မိသားစုနဲ့ ကျန်ရှိတဲ့ အချိန်တွေကို ဖြတ်သန်းချင်တယ်။ ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ ဘာသာရေးကို ကိုယ်နိုင်သလောက် လုပ်မယ်။ သို့သော်လည်း နိုင်ငံတော် ယနေ့ ဖြစ်ပေါ်နေတဲ့အနေအထားမှာတော့ မင်းတို့ကကွာ အရင်တုန်းကတော့ အာဏာရှိတုန်းက လုပ်တယ်။ အခုကျတော့ ဒီလို ပြဿနာရှုပ်ထွေးလွန်းတဲ့ အခြေအနေမှာ မလုပ်တော့ဘူး။ ဖုတ်ဖတ်ခါထသွားတယ်ဆိုတဲ့ အပြောမျိုးလည်း မခံချင်ဘူး။ တာဝန်မဲ့တယ်လို့ မပြောမခံချင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကို တာဝန်ပေးလာခဲ့တယ်ဆိုရင်လည်း အားလုံးကလည်း လက်ခံတယ်ဆိုရင် တာဝန်ယူပေးရမှာပေါ့။ အထာကိုင်တာ မဟုတ်ဘူး။ လုပ်ချင်လွန်းလို့ လုပ်မယ်ဆိုတာမျိုးတော့ မလုပ်ဘူး။ ဒီနေရာမှာတော့ဝင်ပါလိုက်ရင် တည်ငြိမ်သွားမယ်ဆိုရင်တော့ ဝင်ပါပေးမယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲလည်း သိပ်လိုအပ်တယ်။ ဒါလေးတော့ သွားကြမှ ရမယ်ဆိုရင် မင်းလည်း နိုင်ငံသားတစ်ယောက်၊ စစ်သားတစ်ယောက်အနေနဲ့ လုပ်ပါဆိုရင် လုပ်မယ်။ မဟုတ်ရင် မလုပ်ဘူး။ ရွေး ကောက်ပွဲက စောတော့ စောပါသေးတယ်။ သာမန် ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံအတွက်ဆိုရင်တော့ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်။ ဒါပေမဲ့ သိပ်လုပ်ချင်လွန်းလို့ မင်းသားကြီးလုပ်ချင်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူးလို့ပဲ ပြောပါရစေ။

အောင်မြင့်ထွန်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *