လီယိုနာဒိုနှင့် မာတင်စခိုးဆေဆီ ထပ်မံလက်တွဲပြီး ရုပ်ရှင်ကားသစ်ရိုက်ကူးမည်

ဟောလိဝုဒ်၊ အောက်တိုဘာ ၂၅

အော်စကာဆုရ သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေဖြစ်ကြတဲ့ လီယိုနာဒိုဒီကာပရီယိုနဲ့ မာတင်စခိုးဆေဆီတို့ဟာ ရုပ်ရှင်ကားသစ်တစ်ကား အတွက် ထပ်မံလက်တွဲသွားဖို့ရှိနေကြောင်း NME သတင်းဌာနမှာ ဖော်ပြထားပါတယ်။

The Wolf of Wall Street အပါအဝင် ရုပ်ရှင်ငါးကားအထိ လက်တွဲ ရိုက်ကူးထားဖူးတဲ့ လီယိုနာဒိုနဲ့ မာတင်စဆေဆီတို့ဟာ သူတို့ နှစ်ယောက်ရဲ့ ဆဋ္ဌမမြောက် ရုပ်ရှင်အဖြစ် Killers Of The Flower Moon ဆိုတဲ့ ရုပ်ရှင်ကို လက်တွဲရိုက်ကူးသွားမှာပါ။

Killers Of The Flower Moon ရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ ဒေးဗစ်ဂရန်ရဲ့ အရောင်းရဆုံးစာရင်းဝင်စာအုပ်တစ်အုပ်ကို မူလနာမည်အတိုင်း ရုပ်ရှင်အဖြစ် အသက်သွင်းမှာပဲ ဖြစ်ပါတယ်။

“ကျွန်တော် ဒေးဗစ်ဂရန်ရဲ့စာအုပ်ကို ဖတ်လိုက်ရတာနဲ့ ချက်ချင်းပဲ လူတွေ၊ ရိုက်ကွင်းအပြင်အဆင်တွေ၊ လှုပ်ရှားပုံတွေ ပုံပေါ်လာပြီး ငါဒါကို ရုပ်ရှင်ရိုက်ရမယ်ဆိုတာကိုပါ သိလိုက်ပါတယ်” လို့ မာတင်စခိုး ဆေဆီက ပြောပါတယ်။

Killers Of The Flower Moon ဟာ ၁၉၂၀ ဝန်းကျင်က အိုကလာဟိုးမားပြည်နယ်ရှိ အမေရိကန်အင်ဒီးယန်း မျိုးနွယ်စုတွေအကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။ ယင်းမျိုးနွယ်စုတွေဟာ သူတို့ရဲ့ နယ်မြေအတွင်းမှာ ရေနံတွေ့ရှိပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးဒေသတစ်ခုဖြစ်လာခဲ့ပေမယ့် နောက်ပိုင်းမှာ ယင်းရဲ့အကျိုးဆက်အဖြစ် တစ်ဦးချင်းလုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရကာ FBI က ဝင်ရောက်စုံစမ်းခဲ့ရပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *