ကျောက်ဂူဆရာတော်၏ ဂုဏ်ရည်

လွန်ခဲ့သော ၂ နှစ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နှင့် ၂၄ မိုင်ခန့်ဝေးသည့် ကန်ကျောက်ဂူတောရကျောင်းတွင်ဖြစ်သည်။

ဂန့်ဂေါမှ ဓာတ်ပုံဆရာ ဦးသောင်းဟန်သည် ကန်ကျောက်ဂူတောရကျောင်း ဆရာတော် ဦးဣန္ဒာစရိယ၏ တပည့်ရင်း ဒကာဖြစ်ပြီး ဆရာတော်၏ လှုပ်ရှားမှုများ၊ တရားပွဲများအားလုံးကို မှတ်တမ်းပြုရသူ ဖြစ်သည်။

ထိုနေ့က ကန်တောရကျောင်း ဆွမ်းစားဆောင်ဘေးရှိ လေသာဆောင်တွင် ဆရာတော်သည် ဒကာ၊ ဒကာမတို့၏ သင်္ကန်းလှူဒါန်းမှု၊ လှူဖွယ်ပစ္စည်းလှူဒါန်းမှုတို့ကို လက်ခံနေသည်။ ယင်းမြင်ကွင်းများကို ဦးသောင်းဟန်က ဓာတ်ပုံမှတ်တမ်း ယူထားရသည်။

ထိုသို့ ယူနေရင်း ကပ်လှူသူနည်းပါးလာချိန်တွင် ဆရာတော်ကို လာရောက်ဖူးမြော်သည့်အထဲမှ အမျိုးသမီးဆရာဝန်တစ်ဦးက သွေးပေါင်ချိန်ပေးနေသည်။ ထိုအခိုက် ဆရာတော်၏ ဆေးကျောင်းဆောင်သို့ ခဏလာရန် ခေါ်သံကြားသဖြင့် အပြေးသွားချိန်တွင် ရန်ကုန်မှ ဒကာများက ဆရာတော်ထံ ဆေးကပ်လှူသည်ကို ဓာတ်ပုံမှတ်တမ်းပြုလိုက်ရသည်။

ထိုစဉ် နောက်ထပ် ပေတစ်ရာခန့်ဝေးသည့်အဆောင်တစ်ခုမှ ထပ်ခေါ်၍ အပြေးသွားရပြန်သည်။ ယင်းအဆောင်တွင်လည်း ဆရာတော်သည် အလှူခံခြင်းအမှု ပြုလုပ်နေသည်ကို တွေ့ရပြန်သည်။

“သုံးနေရာကို ဆရာတော်ဟာ ကျွန်တော့်ထက် အမြန်ပြေးမယ်ဆိုလည်း အတော်ကြီးကို ပြေးရမှာဗျ။ မပြေးဘူး ကားနဲ့ကြွရင်လည်း ကားသွားတာ၊ ဆင်းတာတွေ မြင်ရမှာပါဗျ။ အဲဒီလို သုံးနေရာမှာ ဆရာတော် တစ်ပြိုင်နက်အလှူခံနေတာကို ဓာတ်ပုံရိုက်ဖူးပါတယ်ဗျ” ဟု သူကြုံခဲ့ရဖူးသည့် ကျောက်ဂူဆရာတော်ဟု နာမည်ကြီးသည့် ဆရာတော် ဦးဣန္ဒာစရိယ၏အကြောင်းကို ဦးသောင်းဟန်က ပြောပြသည်။

ထိုကိစ္စကို ဆရာတပည့် ရင်းရင်းနှီးနှီး မေးမြန်းသောအခါ ဆရာတော်က မိမိကမလုပ်ကြောင်း၊ ရုက္ခစိုးနတ်များက ပြုလုပ်သည်ဖြစ်နိုင်ကြောင်း ပြန်လည်မိန့်ဆိုသည်။

လူသူတော်ကောင်းများကို သိကြားမင်းက ရှိခိုးသည်။ သိကြားမင်းကို နတ်ဒေ၀တာအားလုံးက ရှိခိုးရသည်။ ထို့ကြောင့် ရုက္ခစိုးနတ်၊ နတ်ကောင်း နတ်မြတ်များက လူသူတော်ကောင်းအတွက် လှူချင်သူ လှူနိုင်စေရန်၊ လှူသည့်သူ ကုသိုလ်ရစေရန်အတွက် အကူအညီပေးခြင်းဖြစ်မည်ဟု ဆရာတော်က မိန့်ဆိုခဲ့ကြောင်း ဦးသောင်းဟန်က ပြန်ပြောင်းပြောပြသည်။

ကျောက်ဂူဆရာတော်သည် ကလေး၊ ဂန့်ဂေါ၊ ချင်းတောင်နှင့် ရှမ်းပြည်နယ် ပင်လောင်းဒေသတို့မှ အထူးယုံကြည်ကိုးကွယ်ကြသည့် ရဟန္တာဟု ကျော်စောသည့် ဆရာတော် ဖြစ်သည်။

ဆရာတော်နှင့် အနီးနေတပည့်ရင်း တစ်ဦးဖြစ်သည့် ဦးသောင်းဟန်ကလည်း ဆရာတော်ကို ရဟန္တာဟု ယုံကြည်ထားသည်။ ရဟန်းကိစ္စ ပြီးနေသည်မှာ ကြာပြီဟုလည်း ယူဆထားသည်။

ထိုသို့ ယုံကြည်ရန်အတွက်လည်း သူ့တွင် အကြောင်းပြချက်များရှိသည်။ ဆရာတော်နောက်လိုက်ရင်း ဆရာတော်၏ ခြေဖဝါးချသည့်နေရာများတွင် ခြေရာမထင်သည်ကို မကြာခဏ ကြုံတွေ့ဖူးသည်။ ယင်းနေရာများကို သူက ခြေဖဝါးလိုက်ချသည့်အခါတွင် ခြေရာကပေါ်လာသည်ဟု သာဓကပေး၍ သူက ပြောပြသည်။

“ဆရာတော်က မိန့်ဖူးပါတယ်။ သူများမကြားချင်တဲ့စကား၊ သူများမယုံကြည်နိုင်တဲ့ စကားမျိုးကို မပြောနဲ့။ဘာကြောင့်လဲဆိုတော့ ဦးဇင်းကို ကြည်ညိုသူက သာဓုခေါ်ပေမယ့် မကြည်ညိုသူက ပြက်ရယ်ပြုရင် အဲဒီသူက အလကား ငရဲအပြစ်တွေ သင့်မှာ။ နင့်စကား သူများငရဲလားအောင် မပြောနဲ့လို့ အကြိမ်ကြိမ်မှာခဲ့ဖူးပါတယ်” ဟု ဆရာတော်၏ ဆုံးမဩဝါဒများကို ဦးသောင်းဟန်က ပြန်လည်မျှဝေသည်။

ဆရာတော်ကို မကွေးတိုင်း၊ ဂန့်ဂေါ မြို့နယ် ကန်ရွာစည်ပင်သာယာရပ်ကွက်တွင် ခမည်းတော် ဦးဖိုးကျော်၊ မယ်တော် ဒေါ်ချစ်ယဉ်တို့မှ ကောဇာသက္ကရာဇ် ၁၃၁၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆ ရက်(၂၁-၁၀-၁၉၅၁) နံနက် ၁ နာရီ အချိန်တွင် မွေးဖွားခဲ့သည်။

ငယ်မည် မောင်ဌေးလှိုင်ဖြစ်ပြီး ညီအစ်ကိုမောင်နှမ ၁၀ ဦးတွင် သားအကြီးဆုံး ဖြစ်သည်။ အသက် ငါးနှစ်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး ကန်တောရပရိယတ္တိစာသင်တိုက်တွင် ဆရာတော် ဦးနန္ဒိမာကို ဥပဇ္ဈာယ်ပြုလျက် အသက် ၁၄ နှစ်(၉ ဝါ)အထိ ပရိယတ္တိစာပေများကို လေ့လာသင်ကြားခဲ့သည်။

အသက် ၁၄ နှစ်တွင် မိဘတို့၏ စီးပွားရေးအခြေအနေအရ ညီငယ် နှမငယ်များ၏ ရှေ့ရေးကို ငဲ့ကွက်ကာ လူထွက်ပြီး လယ်သူရင်းငှား၊ လှေထိုးသား၊ ကျောက်မီးသွေး အလုပ်သမား၊ မိုင်းတွင်းလုပ်သား၊ ဖားကန့်ကျောက်တူးသမားဘ၀တို့ကို ကျင်လည်ခဲ့ရပြီး မိဘနှင့် ညီအစ်ကို မောင်နှမတို့ကို ရှာဖွေကျွေးမွေးခဲ့ရသည်။

ယင်းသို့ ရှာဖွေရုန်းကန်ရင်း ဖားကန့် တွင် ကျောက်အောင်ပြီးသည့်အချိန်၊ အသက် ၄၁ နှစ်အရွယ်တွင် ပခုက္ကူမြို့ ၁၁ ရပ်ကွက် လယ်ပြင်ကျောင်းတိုက် စွန်းလွန်းဝိပဿနာကမ္မဌာန်းတိုက်တွင် ဆရာတော် ဦးကုမာရကို ဥပဇ္ဈာယ်ပြုကာ အရှင်ဣန္ဒာစရိယဘွဲ့တော်ဖြင့် ရဟန်းခံ ယူခဲ့သည်။ ခမည်းတော်နှင့် မယ်တော်တို့ကပင် သာသနာ့ခမည်းတော် မယ်တော်အဖြစ် ခံယူခဲ့သည်။

ရဟန်းဖြစ်ပြီးသော် စွန်းလွန်းဝိပဿနာစခန်း၊ မှော်ဘီသဲအင်းဂူ၊ မွန်ပြည်နယ် ဘီးလင်း ဥတစ်လုံးတောင်တို့တွင် တရားကျင့်ကြံအားထုတ်ခဲ့သည်။ ပင်လောင်းမြို့နယ် သပြေကုန်းအုပ်စု ဈေးကုန်းရွာအနီးရှိ ကျောက်ဂူတောရကျောင်းတွင် တရားကို ခက်ခက်ခဲခဲ ကျင့်ကြံအားထုတ်ခဲ့သည်။

ပင်လောင်းမြို့နယ် ကျောက်ဂူတောရကျောင်းတွင် သီတင်းသုံးရင်း ဇာတိမြေဘက်မှ ပြန်လည်ပင့်ဆောင်မှုကို လက်ခံတော်မူခဲ့သည်။

ဆရာတော်၏ ဂုဏ်ရည်များမှာ ထူးခြားပြီး အံ့ဩဖွယ်ကောင်းသည်။ အနားယူအိပ်စက်လဲလျောင်းခြင်း မရှိသူ၊ ချွေးနံ့ကိုယ်နံ့ မထွက်သူ၊ ၂၄ နာရီပတ်လုံး တရားဟော၊ စာရေး၊ ဘာဝနာပွားခြင်း စသည့်ကိစ္စများကို တစ်ခုမဟုတ် တစ်ခု လုပ်ဆောင်သူ၊ မေတ္တာကရုဏာကြီးစွာဖြင့် အားထည့်ကာ ပရိတ်ရွတ်ဖတ်တိုင်း ပရိတ်ရေများ ဆူပွက်လေ့ရှိသည်တို့က ဆရာတော်ကို လူသိများစေသည့် အချက်များ ဖြစ်သည်။

ထိုမျှမကသေး။ သင်္ကန်းသုံးထည်၊ သပိတ်တစ်လုံး၊ တစ်ပါးနေကျောင်းသင်္ခမ်းဖြင့် ရောင့်ရဲနေထိုင်နိုင်သူလည်း ဖြစ်သည်။ (ဆရာတော်တွင် ဂန့်ဂေါ၊ ကလေး၊ သုံးဆယ်၊ ပေါင်းလောင်း စသည့် မြို့များတွင် ဧကကျယ် ကျောင်းတိုက်ကြီးများ ရှိသည်။)

ယင်းအပြင် ဆရာတော်ကို နတ်၊ နဂါး စသည်တို့ကလည်း လာရောက်ဖူးမြော်သည်ဟု ဆိုကြသည်။ မိမိကိုယ်တိုင်လည်း မတွေ့ဖူး၊ ဆရာတော်ကလည်း မမိန့်သဖြင့် သေချာမပြောနိုင်ဟု ဦးသောင်းဟန်က ပြောသည်။

သုဿာန်ဓူတင်အပါအဝင် ဓူတင် ၁၃ မျိုးလုံးဆောင်သည့် ဆရာတော်ကြီးလည်း ဖြစ်သည်။ ဦးခေါင်းရိတ်ခြင်းလည်း မရှိဟု ဆိုသည်။

“ခေါင်းရိတ်တာမျိုး မရှိဘူး။ နားလည်သလို ပြောရရင် မျက်နှာ၊ လည်ပင်း၊ ခေါင်းက လူတိုင်းမှာ ကွဲလွဲတာများပါတယ်ဗျ။ ဆရာတော်မှာ အရောင်ကွဲလွဲခြင်း မရှိပါဘူးဗျ။ မှတ်မိသလောက်ဆို ဆရာတော် ဦးခေါင်းရိတ်တာရယ်၊ ခေါင်းမှာ ဆံပင်ထိုးထိုးထောင်ထောင်ရယ် မတွေ့ ဖူးပါဘူး” ဟု အနီးနေတပည့်ရင်းဖြစ်သူ တစ်ဦးက ပြောပြသည်။

သို့သော် ထူးဆန်းမှုအနေနှင့် ခန္ဓာဝန်ချမည့်နံနက်ပိုင်းတွင် ပင်လောင်းရှိ အနီးနေတပည့်တစ်ဦးကို ဆရာတော်၏ ဦးခေါင်းဘေးနှစ်ဖက်၊ ရှေ့နောက်နှင့် ဦးခေါင်းထိပ်တို့ကို ဓာတ်ပုံရိုက်ခိုင်းသည်ဟု ဆိုသည်။ ဆရာတော်ပုံများစွာ ရိုက်ထားပြီးဖြစ်ကြောင်း လျှောက်သောအခါ မရိုက်ခဲ့လျှင် နင့်တာဝန်မကျေဖြစ်မည်ဟုဆိုကာ ရိုက်ခိုင်းသည်ဟု ဆိုသည်။

ဆရာတော်သည် အောက်တိုဘာလ ၁၈ ရက်နေ့က ပင်လောင်းမှ ကလေးမြို့သို့ ကြွချီရာ အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်ပြီး ယာဉ်ပေါ်တွင် လေးဦးပါသည့်အနက် ဆရာတော်နှင့် ဦးဆန်းကို (ပုလဲမြို့) ဆိုသူတို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဤတွင် အံ့ဩဖွယ်တစ်ခုမှာ ဦးဆန်းကိုသည် သူ၏ အမျိုးသမီးမှာ ဘာသာခြားဖြစ်၍ ဆရာတော်ကို ပင့်ရန်မလွယ်ကူ ဖြစ်နေသည်။ မိမိအနေနှင့် ဆရာတော့်အနီးတွင် ဦးသောင်းဟန်ကဲ့သို့နေချင်ကြောင်း ပြောဆိုရာ ဆရာတော်ထံလျှောက်ပေးသည့်အခါ လွှတ်လိုက်ရန် မိန့်သည့်အတွက် ဝမ်းသာအားရဖြင့် ပင်လောင်းသို့ လိုက်သွားသည်။

ရောက်သည့်အခါ ဆရာတော်က “ဆန်းကို၊ နင်ငါနဲ့ သာသနာပြုလိုက်မှာမို့လား” ဟု အကြိမ်ကြိမ် မေးမြန်းသည်။ ကလေးမြို့သို့ ပြန်ကြွမည့်နေ့ နံနက်တွင်လည်း ထိုသို့ ထပ်မေးသည်။ လိုက်မှာပါဘုရားဟုဆိုသောအခါ လိုက်မှာဆိုရင် ကားပေါ်တက်ဟု ပြောသည်။ လမ်းတွင် ဆရာတော်နှင့် ကိုဆန်းကိုတို့ ဘ၀နိဂုံးချုပ်ရခြင်း ဖြစ်သည်။

နောက်ထပ် အံ့ဩဖွယ်လည်း ရှိသေးသည်။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့တစ်မြို့သို့ ဘုရားထီးတင် အနေကဇာတင် ကြွတော်မူစဉ် ပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးသည် အရှင်ဘုရား စုတိစိတ်ကျပါဘုရား၊ အရှင်ဘုရား ပျံလွန်တော်မူပါဘုရား၊ အရှင်ဘုရား ခန္ဓာဝန်ချပါတော့ ဘုရား၊ အရှင်ဘုရားကိုယ်တော် သေပါတော့ဘုရားဟု မကြာခဏ လျှောက်တင်မှုများရှိသည်ဟု ဆရာတော်၏ ရေးမှတ်လေ့ရှိသည့် စာအုပ်တွင် ရေးသားထားချက်အရ သိရသည်။

စာနောက်ဆုံးပိုဒ်တွင် နင်၊ ငါ့ကို၊ သေပြော၊ ယခု၊ ငါသေချာကြားပြီဟု ဆရာတော်က ရေးသားထားသေးသည်။ ထိုစာရေးပြီး ခရီးထွက်ကာ အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

“ဆရာတော်က စာကို အကျဉ်းအတို ရေးတတ်တော့ အနီးနေသူတွေပဲ အဓိပ္ပာယ်ကို သိပါတယ်။ (သူ့ကို ပျံလွန်တော်မူဖို့ လာလျှောက်တဲ့အကြောင်းတွေ) ဆရာတော် ရေးထားတာတော့ ရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကြားတော့ မဟုတ်ပါဘူး” ဟု ဦးသောင်းဟန်က ပြောသည်။

တစ်ခါကလည်း ဆရာတော်အပေါ် ကျေးဇူးရှိသည့် ဆရာတော်တစ်ပါး၏ရွာတွင် တရားဟောရှိသည်။ ဦးသောင်းဟန်ကို ခေါ်ပြီး ဓာတ်ပုံရိုက်သည့်ကင်မရာ၊ ဗီဒီယိုရိုက်သည့် ကင်မရာနှင့် တီဗီကြီးကြီးတစ်လုံးယူလာရန် မိန့်သည်။ တရားပွဲသည် ညပွဲဖြစ်၍ တီဗီဘာကြောင့် ယူခိုင်းသည်ကို စဉ်းစား၍မရ။ တရားပွဲက တစ်လခန့် လိုသေးသည်။

သို့သော် တရားပွဲနီးကပ်လာသည့်အခါ ရပ်နီးရပ်ဝေးမှ ဒကာများ နာယူနိုင်ရန်အတွက်ဟုဆိုကာ နေ့ပွဲသို့ ပြောင်းလိုက်သည်။ ပရိုဂျက်တာဖြင့် ပြသလျှင် နေ့အခါမမြင်ရ၍ တီဗီယူခိုင်းခြင်းဖြစ်ကြောင်း ထိုအခါမှ ဦးသောင်းဟန် သဘောပေါက်တော့သည်။

“အဲဒီ တရားပွဲမှာ သူ့ဘ၀ဖြစ်စဉ်ကို ဘုရားဟောကြားထဲ ပါးပါးလေးညှပ်ပြီး ဟောလိုက်ပါတယ်။ ဟောကြားချက်က ဘာလဲဆိုတော့ ရဟန်းတို့မည်သည်မှာ အင်မတန်ခက်ခဲတဲ့အလုပ်၊ မြတ်သောအလုပ်ကို လုပ်ပြီဆိုလို့ရှိရင် စွမ်းနိုင်သလောက် ကြိုးစားကြတဲ့အခါ တချို့က တစ်ထွာလောက် ဈာန်ပျံနိုင်တယ်တဲ့။ တချို့ကလည်း တစ်တောင်လောက် ပျံနိုင်တယ်တဲ့။ အင်မတန်ကျင့်နိုင်တဲ့သူက ကျတော့တဲ့ ထန်းတစ်ဖျားလောက် ပျံနိုင်တယ်တဲ့။ ဥပမာ- ဆောင်းတွင်း စပါးရိတ်ချိန်ကြီး မိုးပေါ်မှာ မိုးပေါ်မှာ၊ ဘုန်းကြီး ဘုန်းကြီး ပြုတ်ကျတော့မှာပဲလို့ ပြောတယ်တဲ့။ အဲဒီဘုန်းကြီး ဘယ်ကလဲလို့ လေ့လာပြီး သုသာန်ကိုလာပြီးတော့ ဘာသာခြားတွေ၊ ခရစ်ယာန်တွေ ဆွမ်းလာကပ်တယ်တဲ့။ ဆွမ်းလာကပ်တော့ အဲဒီဟာပဲ အဲဒီဟာပဲ၊ ညက မိုးပေါ်မှာလို့ သူတို့အချင်းချင်း တီးတိုးပြောသံ ဆရာတော် ကြားရတယ်တဲ့။ အဲလို ပြောပြီးတော့ ဘုရားဖြစ်စဉ်ကို ပြန်ဟောတယ်ဗျ” ဟု ဦးသောင်းဟန်က ပြန်ပြောင်းပြောပြသည်။

ဆရာတော်၏ တောရကျောင်းတိုက်များသည် ကလေး၊ ဂန့်ဂေါ၊ သုံးဆယ်၊ ပင်လောင်း စသည်မြို့များတွင် ဧကကျယ် အဆောက်အအုံကောင်းကောင်းများ ဖြစ်သော်လည်း ကန်-ကျောက်ဂူတောရသို့ ဆရာတော်ကြွရောက်သည့်အခါ အင်ရွက် အင်ဖက်များဖြင့် ကာထားသည့် တဲကျောင်းငယ်လေးတွင် သီတင်းသုံးလေ့ရှိသည်။

ထိုတဲကို စည်းတားထားလေ့ရှိပြီး စည်းကိုမသိဘဲကျော်သွားလျှင် တဲအတွင်း ဆရာတော်ကို ဖူးတွေ့ရခြင်း မရှိ။ စည်းမကျော်ဘဲ အသံပြုပြီး မည်သူမည်ဝါဟု ပြောကာ လာခွင့်ပြုပါဟု လျှောက်သည့်အခါမှ ဆရာတော်အသံကို ကြားရပြီး ဖူးတွေ့ရသည်ဟု ကြုံတွေ့ဖူးသူများက ပြောဆိုကြသည်။

ဆရာတော်သည် သီလဂုဏ်၊ သမာဓိဂုဏ် စသည်တို့ဖြင့် ပြည့်စုံသော်လည်း အကောင်းမြင်သူကော၊ မကောင်းမြင်သူများပါ ရှိခဲ့သည်။
စာရေးဆရာတစ်ဦးက ဆရာတော်အကြောင်း ရေးသားပြီး စာအုပ်ထုတ်သည်။ ထိုစာအုပ်တွင် ပါဝင်သည့်အကြောင်းများသည် အမှားများဖြစ်ပြီး အမှန်တစ်ခုမှမပါဟု ရဟန်းတစ်ပါးက ဝေဖန်သည်။ ထိုအခါ ဆရာတော်က “အင်း၊ သူတို့ရေးတာမှားတယ် မှန်တယ် ဦးဇင်းပဲ ဆုံးဖြတ်ပါ၊ တပည့်တော်ကတော့ မသိဘူး” ဟု ပြန်လည်မိန့်ကြောင်း ဦးသောင်းဟန်က ပြောဆိုသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင် မွေးရပ်မြေ ဂန့်ဂေါမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းက တရားဟောခဲ့သေးသည်။ တောင်ခင်ရန်းကျေးရွာတွင် နှစ်ညဆက်တိုက် ဟောပြောခဲ့ခြင်း ဖြစ်သည်။ တရား၏အမည်များမှာ ဘိတ်ဆုံးမှ ထိပ်ဆုံးသို့ နှင့် ဝမ်းစတား(ကြယ်တစ်ပွင့်) တို့ ဖြစ်သည်။

ယင်းတရားတို့သည် ဆရာတော်သည် ထိပ်ဆုံးသို့ ရောက်နေ (ရဟန်းကိစ္စပြီးစီးနေ)ပြီဖြစ်ပြီး ကောင်းကင်တွင် ကြယ်တစ်စင်းလို လင်းလက်နေပြီဟု နိမိတ်ပြဟောပြောခြင်းဖြစ်ကြောင်း မှတ်ယူသူများ ရှိကြသည်။ ယင်းတရားတို့သည် မွေးရပ်မြေအတွက် ဆရာတော်၏ နောက်ဆုံးတရားများ ဖြစ်ခဲ့သည်။

ဆရာတော် ပျံလွန်တော်မူချိန်တွင် သက်တော် ၆၈ ဝါရှိပြီး ဝါတော်မှာ ၂၈ ဝါ ရှိပြီဖြစ်သည်။ ၆၈ နှစ် မွေးနေ့ ဝိဇာတတရားပွဲများကိုလည်း ကလေးမြို့ရှိ ဗောဓိရတနာရိပ်သာ ကျောက်ဂူကျောင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ယင်းအချိန်တွင် ရဟန္တာပြတိုက်ကို တစ်ပါတည်း ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ဝိဇာတရက်ကျော်မှသာ ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ဥတုဇရုပ်ကလပ်ကို ကန် ၇ ရွာ ဘိုးဘွားရိပ်သာတွင် အပူဇော်ခံ ထားရှိထားသည်။

ဆရာတော်၏ ဩဝါဒရှိသည်။

ငါသေရင်နော် ငါ့နောက်က ဝက်တွေ ကြက်တွေ ငါးတွေ ဘဲတွေ သတ္တဝါတွေ မသေစေရဘူးနော်။ ငါသေရင် အသုဘအပုပ်ကို ကြာကြာမထားရဘူး။ ပုပ်တဲ့အမျိုးပုပ်မယ်။ အသုဘ လူသေကောင်၊ ဘာ(နဲ့)တူ၊ အမှိုက်တောင်း အမှိုက်ပုံးထဲက အမှိုက်နဲ့ တူတယ်ကွဲ့၊ ဘာမှသုံးမရဘူး။ မြန်မြန်သင်္ချိုင်းပို့ ထင်းပုံတင်၊ မီးစက်ထဲ မြန်မြန်ထည့်၊ ကျင်းနက်နက်တူးထည့် မြန်မြန်မြှုပ်ကြပါကွဲ့ လူသေ သုသာန်၊ ရုပ်နာမ်သေ နိဗ္ဗာန်။ 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *