ဒုက္ခပေးနေသော သား၊ တူ၊ ညီများကောင်းစာရေးဝါဒ

အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှု အဆိုးဝါးဆုံးနိုင်ငံထဲတွင် ပါဝင်သလို၊ အကျင့်ပျက်ခြစားမှု ပပျောက်သွားအောင် ကြိုးပမ်းရာတွင်လည်း တိုးတက်မှုအနည်းငယ်သာရှိသည့် နိုင်ငံဖြစ်သည်။

အကျင့်ပျက်ခြစားမှုမှာ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း အထိန်းအကွပ်မဲ့ ပျံနှံ့နေသကဲ့သို၊ “သား၊ တူ၊ ညီများကောင်းစားရေးဝါဒ” “ဆွေမျိုးကောင်းစားရေးဝါဒ”(Nepotism) သို့မဟုတ် မိမိ၏ မိသားစု၊မိတ်ဆွေ၊နီးစပ်ရာ လူများကိုအခွင့်အရေးပေးသော “ နီးစပ်ရာ မျက်နှာသာပေးမှု ( Favouritism) မှာလည်း ကူးစက်ရောဂါလို ပြန့်ပွားနေသည်။

သား၊ တူ၊ ညီများကောင်းစားရေးဝါဒ (Nepotism) နှင့်ပတ်သက်၍ လေ့လာသုတေသနပြုချက် များများစားစားမရှိသေးပေ။ သို့သော် မကြာသေးခင်က မိသားစုပိုင်စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းကြီးများအပေါ် သား၊ တူ၊ ညီများကောင်းစားရေးဝါကြောင့် ဖြစ်လာသည့်အကျိုးဆက်များကို လေ့လာသုတေသနပြုချက်များ ရှိလာခဲ့သည်။

ယင်းလေ့လာချက်များအရ သား၊ တူ၊ ညီများကောင်းစားရေးဝါဒသည် ဆုံးဖြတ်ချက်များချမှတ်သည့်ကိစ္စတွင် ဘက်လိုက်မှုများရှိသလို၊ မမျှတသော ဆက်ဆံမှုများလည်းရှိနေသည်ဖြစ်ရာ၊ ရေရှည်တွင် ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကို ဆုံးရှုးမှုဖြစ်စေသည်ကိုတွေ့ရသည်။

“ဆွေးမျိုးကောင်းစားရေးဝါဒ” ကြောင့် လူများ၏ စိတ်အားတက်ကြွမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အားနည်းသွားစေသည့်အပြင်၊ လုပ်ငန်းအပေါ်ထားရှိသည့် စေတနာကို ပျက်ယွင်းသွားစေကြောင်း တွေ့ရှိရသည်။ ထို့ပြင် လူများ၏ ယှဉ်ပြိုင်လိုစိတ်နှင့် တီထွင်ဖန်တီးမှုကိုလည်း ယုတ်လျော့သွားစေသည်။

အကျိုးဆက်အနေဖြင့် ကုမ္ပဏီအဖွဲ့အစည်းကို ထိခိုက်စေသည့်အပြင် နောက်ဆုံး တိုင်းပြည်၏ စီးပွားရေးတစ်ခုလုံးကိုပါ အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။ ဤကိစ္စနှင့် ပတ်သက်၍ စနစ်တကျလေ့လာသုတေသနပြုချက်များ မရှိသည့်အချက်က “ဆွေမျိုးကောင်းစားရေးဝါဒ” သည် လူအများထင်ထားသည်ထက် ပိုမိုကြီးမားသော ဆိုးကျိုးဒုက္ခပေးနိုင်သည့် အချက်ပင်ဖြစ်သည်။

“သား၊ တူ၊ ညီများ ကောင်းစားရေးဝါဒ” သည်တိုင်းပြည်စီးပွားရေးကို အမှန်တကယ်ဒုက္ခပေးနေသော်လည်း၊ မကြာခင်က ပြုလုပ်ခဲ့သည့် သုတေသနအရ အင်ဒိုနီးရှားနိုင်ငံသားအများစုမှာ ဤလုပ်ရပ်၏ ဆိုးကျိုးများကို လျော့တွက်ထားသည်ကိုတွေ့ရသည်။

အင်ဒိုနီးရှားနှင့် သား၊ တူ၊ ညီများ ကောင်းစားရေးဝါဒ

အကျင့်ပျက်ခြစားမှုဆိုသည်မှာ လူတစ်ဦးချင်း၏ကိုယ်ကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး၊ သား၊ တူ၊ ညီများကောင်းစားရေးဝါဒဆိုသည်မှာ မိမိ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်၍ လူတစ်စု၏ အကျိုးစီးပွားကို ချဲ့ထွင်ပေးခြင်းဖြစ်သည်။ အထူးသဖြင့်လူတစ်ဦး၏ လိုချင်လောဘကို အခြေခံသည်ကိုတွေ့ရသည်။

အင်ဒိုနီးရှားတွင် “ သား၊ တူ၊ ညီများ ကောင်းစားရေးဝါဒ” မှာ ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ခေတ်စားလာသော စကားလုံးဖြစ်သည်။ ကျောင်းသားများက ဆူဟာတို၏ “ အာဏာရှင်အုပ်စိုးမှုနှင့် အကျင့်ပျက်ခြစားမှု” အဆုံးသတ်ရေးတောင်းဆိုဆန္ဒပြရာတွင် “ ခြစားမှု၊ လက်သိပ်ထိုးသဘောတူချက်များပြုလုပ်မှုနှင့် သား၊ တူ၊ ညီများကောင်းစားရေးဝါဒ” အဆုံးသတ်ရေးဆိုသည့် အချက်သုံးချက်ကိုပါ (အင်ဒိုနီးရှားဘာသာစကားဖြင့် အတိုကော် KKN)” တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အာဏာရှင် ဆူဟာတို ရာထူးမှ ဆင်းသွားခဲ့သော်လည်း အင်ဒိုနီးရှားတွင် ဆေးမျိုးတော်စပ်မှုကို အခြေခံသော “ နီးစပ်ရာမျက်နှာသာပေးမှု” ဆိုသည့် အမူအကျင့်များမှာမူ အားကောင်းမောင်းသန် ဆက်လက်ရှင်သန်နေဆဲဖြစ်နေသည်ကို တွေ့ရသည်။

မိသားစုအဆက်အနွယ်ကို အခြေခံထားသော နိုင်ငံရေးပါတီများပင် ပေါ်ထွက်လာခဲ့သည်။ အင်ဒိုနီးရှားတွင် ဒီမိုကရက်ပါတီနှင့် ဘာကယာပါတီတို့မှာ မိသားစုအဆက်အနွယ်ကို အခြေခံထားသည့် ပါတီများဖြစ်သည်။

သား၊ တူ၊ ညီများကောင်းစားရေးဝါဒမှာ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် အဆင့်တွင်သာမက ဒေသအဆင့်အစိုးရများတွင်ပါ တွင်ကျယ်နေသည်ကိုတွေ့ရသည်။ ဥပမာ ဘန်တန်လို၊ တောင်ပိုင်းဆူလာဝေဆီလိုနယ်မြေများရှိ အုပ်ချုပ်ရေးမှုးများမှာ ၎င်းတို့၏ အုပ်ချုပ်ရေးအဖွဲ့ကို မိသားစုမျက်နှာသာပေးသည့်ဝါဒအပေါ် အခြေခံပြီး ဖွဲ့စည့်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ အာဏာလက်မဲ့ဖြစ်သွားချိန်တွင်လည်း ၎င်းတို့၏ နိုင်ငံရေးဩဇာမှာ ဆက်လက်အားကောင်းနေဆဲဖြစ်သည်ကို တွေ့ရသည်။

ဤဖြစ်ရပ်များကို ကြည့်ပါက အင်ဒိုနိးရှားနိုင်ငံ၏ ဗြူရိုကရေစီအဆင့်ဆင့်တိုင်းတွင် “သား၊ တူ၊ ညီများ ကောင်းစားရေးဝါဒ” ကို တွေ့မြင်နိုင်ပေသည်။

သား၊ တူ၊ ညီများ ကောင်းစားရေးဝါဒနှင့် သဘာဝစိတ်

“ ဆွေမျိုးကောင်းစားရေးဝါဒ” ဆိုသည်မှာ လုပ်ငန်းခွင်၊ အစိုးရရုံးများတွင်သာတွေ့ရသည် မဟုတ်ဘဲ ပုရွတ်ဆိတ်၊ ပျား၊ မျောက်၊ လိပ်ပြာကဲ့သို့သော် ပျံသန်းနိုင်သည့် အင်းဆက်များတွင်ပင် ကိန်းအောင်းနေသည်ကို တွေ့ရသည်။

သဘာဝသိပ္ပံဘာသာရပ်ကိုလေ့လာနေသည့် ဒါဝင်လက်သစ်များ၏ တွေ့ရှိချက်အရ “ ဆွေမျိုးကောင်းစားရေးဝါဒ” မှာ သက်ရှိသတ္တဝါများ၏အပြုအမူကို အထင်အရှားအကျိုးသက်ရောက်မှုရှိသည်ဟု ဆိုသည်။

ဥပမာ ပျားဘုရင်မသည် သူ၏အနီး သို့မဟုတ် အဝေးတွင်ထားရှိမည့် ပျားလုပ်သားကို ရွေးချယ်ရာတွင် ပျားဘုရင်မကြိုက်နှစ်သက်သည့် မျိုးဗီဇကို အခြေခံ၍ ရွေးချယ်သည်ကိုတွေ့ရသည်။

လူသားများအတွက်မူ “ ဆွေမျိုးကောင်းစားရေးဝါဒ” မှာ လူမှုလူတန်းစားအသီးသီးတွင် နေရာယူထားသည်။ လူသားများသည် အခြားသူများ၏ လူမှုစီးပွားအဆင့်ကို အကဲဖြတ်ရာတွင် ဆွေမျိုးကောင်းစားရေးဝါဒက လွှမ်းမိုးထားပြီး၊ သူတို့နှစ်သက်လိုလားသည့် အသားအရောင်၊ ရုပ်ရည်သွင်ပြင်၊ ပုံစံများကို အခြေခံ၍ ဆုံးဖြတ်သည်ဟုဆိုသည်။

လူသားများတွင် “ ဆွေမျိုးကောင်းစားရေးဝါဒ” စိတ်မျိုးမှာ ခပ်စောစော ကလေးအရွယ်ကပင် စတင်ကိန်းအောင်းလာသည်ဟုဆိုသည်။ မိဘက ကိုယ့်သား၊သမီးအပေါ် အရေးပေးသည့်အမူအကျင့်က စခြင်းဖြစ်သည်။ ထိုကဲ့သို မိဘကအရေးပေးသည့်အမူအကျင့်မှာ ကလေး၏ မသိစိတ်တွင် ကိန်းအောင်းသွားပြီး၊ ကလေး၏ အနာဂတ်အပြုအမူများအပေါ် လွှမ်းမိုးသွားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ဂျော့တောင်းတက္ကသိုလ် ( Georgetown ) ၏ မက်ဒိုနော့ စီးပွားရေးပညာကျောင်းနှင့် ပန်းရွှန်းဘာလန် သုတေသနအဖွဲ့တို့၏ လေ့လာတွေ့ရှိချက်အရ “ နီးစပ်ရာမျက်နှာသာပေးမှု” မျိုးကို လုပ်ငန်းခွင်များတွင် အလွန်အမင်းလွှမ်းမိုးလျက်ရှိသည်ကိုတွေ့ရသည်။ ၎င်းတို့၏ သုတေသနတွင် ကုမ္ပဏီအကြီးတန်းအမှုဆောင် ၃၀၃ ဦးကို မေးမြန်းရာ ဖြေဆိုသူ ၈၄ ရာခိုင်နှုန်းက ၎င်းတို့၏ ကုမ္ပဏီအဖွဲ့အစည်းတွင် “ နီးစပ်ရာ မျက်နှာသာပေးဝါဒ” ရှိနေကြောင်း ဖြေကြားခဲ့သည်ကိုတွေ့ရသည်။

အလားတူပင် အစိုးရဗြူရိုကရေစီယန္တရားတွင်လည်း ဤအပြုအမူမျိုးရှိနေသည်ကို တွေ့ရသည်။ ဝန်ထမ်းအများစုမှာ ၎င်းတို့၏ အရည်အသွေး၊ အရည်အချင်းထက်၊ လူတစ်ဦး၏ ထောက်ခံချက်ဖြင့် အလုပ်ခန့်ထားခြင်းခံရသည်ကိုတွေ့ရသည်။ အလုပ်ခန့်အပ်ခံရသည်အနေဖြင့် သူ၏အရည်အသွေးကို ပြည့်မီအောင် စွမ်းဆောင်နိုင်နေသမျှ “ နီးစပ်ရာမျက်နှာသာပေးသည့်ဝါဒ” မှာလက်သင့်ခံနိုင်သော အပြုအမူဖြစ် မှတ်ယူထားကြလေသည်။

“နီးစပ်ရာမျက်နှာသာပေးသည့်ဝါဒ” မှာ အင်ဒိုနီးရှားလို၊ ဂါနာလို ဖွံဖြိုးဆဲနိုင်ငံများတွင်သာမက အီတလီလို ဖွံဖြိုးပြီးနိုင်ငံများတွင်ပင်ရှိနေသည်ကို တွေ့ရသည်။ အီတလီနိုင်ငံတွင် တက္ကသိုလ်အဆင့်ပညာသင်ကြားသူတစ်ဦးသည် နိုင်ငံရေးဩဇာကြီးသည့်မိသားစုမှလာသူဖြစ်ပါက အရှိန်အဝါကြီးသည် ပါမောက္ခ၏ လက်အောက်တွင် ပညာသင်ကြားခွင့်ရလေ့ရှိသည်။

“ ဆွေမျိုးကောင်းစားရေးဝါဒ” မှာ အင်ဒိုနီးရှားလူအဖွဲ့အစည်း အဆင့်ဆင့်တိုင်းတွင် အမြစ်တွယ်နေသည်ဖြစ်ရာ အမြစ်ဖြတ်ရန် လွယ်ကူသည့် နည်းလမ်းမရှိပေ။ ပြည်သူလူထုအနေဖြင့် ယင်းဝါဒ၏ ဆိုးကျိုးများကို နားလည်ပြီး၊ အစိုးရနေဖြင့်လည်း ဗြူရိုကရေစီယန္တရားတွင် အဆိုပါအမူအကျင့်မျိုးဖြစ်ပွားခြင်းမှ ကာကွယ်ရန် “ ဆွေမျိုးကောင်းစားရေးဝါဒ တိုက်ဖျက်ရေး ဥပဒေများ” ပြဋ္ဌာန်းသင့်ပေတော့သည်။

 

စာညွှန်း။ ။Indonesians underestimate how bad nepotism is for the economy

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *