အမှတ်အသားသရုပ် (၂) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။

အမျိုးသားရေးဝါဒရော၊ ဘာသာတရားသည်ပါ ကမ္ဘာ့နိုင်ငံရေး၏ အင်အားစုများအဖြစ်မှ ပျောက်ကွယ်သွားစရာမရှိဟု မှတ်ချက်ပြုဖူးခဲ့သည်။ ဤသို့ ပျောက်ကွယ်မသွားသည်မှာလည်း ကျွန်တော်က သူတို့ ပြန်လာလိမ့်ဦးမည်ဟုပြောခဲ့သောကြောင့်တော့ မဟုတ်ပါ။ ခေတ်ပြိုင် လစ်ဘရယ်ဒီမိုကရေစီကိုယ်တိုင်က ‘သိုင်မိုစ်’ (Thymos) ပြဿနာကို အပြည့်အဝမဖြေရှင်းနိုင်သေးသောကြောင့် ဖြစ်သည်။ သိုင်မိုစ်ဆိုသည်မှာ စိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဂုဏ်သိက္ခာအသိအမှတ်ပြုခံလိုမှုကို မက်မောတောင့်တခြင်းဖြစ်ပါသည်။ နိုင်ငံရေးတွင် ‘သိုင်မိုစ်’ ကို ပုံသဏ္ဌာန်နှစ်မျိုးဖြင့် ဖော်ပြနိုင်သည်။ ‘အိုက်ဆိုသိုင်းမီယား’ (Isothymia) နှင့် ‘မက်ဂလိုသိုင်းမီယား'(Megalothymia) တို့ ဖြစ်သည်။ ‘အိုက်ဆိုသိုင်းမီယား’ က အခြားသူများနည်းတူ တန်းတူညီမျှစွာ အလေးထားလေးစားမှုကို တောင်းဆိုသည်။ ‘မက်ဂလိုသိုင်းမီယား’ က အထက်လွှာအဖြစ် သိမှတ်လက်ခံလိုသည့်ဆန္ဒကို ညွှန်းသည်။

ခေတ်သစ်လစ်ဘရယ်ဒီမိုကရေစီက အနိမ့်ဆုံးအားဖြင့် တန်းတူညီမျှသော အလေးထားလေးစားမှုကို ကျယ်ကျယ်ပြန့်ပြန့်ပေးမည်ဟု ကတိကဝတ်ပြုသည်။ ဤအချက်ကို ပုဂ္ဂလိကပိုင်ခွင့်၊ တရားဥပဒေစိုးမိုးရေးနှင့် မဲဆန္ဒပေးပိုင်ခွင့်တို့ဖြင့် သရုပ်ထင်စေသည်။ ခေတ်သစ်လစ်ဘရယ်ဒီမိုကရေစီက အာမမခံနိုင်သည့်အချက်သည်ကား တကယ့်လက်တွေ့တွင် ဒီမိုကရေစီစနစ်ရှိလူအားလုံး တန်းတူညီမျှစွာ အလေးထားလေးစားဖို့ပင်ဖြစ်သည်။ အထူးသဖြင့် ဘေးဖယ်ထားခြင်းခံရသည့် သမိုင်းကြောင်းရှိသော လူမှုအုပ်စုများအရေးဖြစ်သည်။ ကြမ်းရှသော အမျိုးသားရေးဝါဒအောက်တွင် အဆိုပါလူမှုအုပ်စုများကို မလေးမစားဆက်ဆံကြသည်များ ရှိနိုင်သလို ဘာသာရေးယုံကြည်သူများအနေနှင့်လည်း မိမိတို့ ယုံကြည်မှုကို သိက္ခာချသည်ဟု ထင်မြင်ယူဆသည်များရှိလာတတ်သည်။ သို့အတွက်ကြောင့်ပင် ‘အိုက်ဆိုသိုင်းမီယား’ အနေနှင့် တန်းတူညီမျှစွာ အသိအမှတ်ပြုခံလိုသောဆန္ဒကို ဆက်လက်တောင်းဆိုနေရခြင်းဖြစ်ပါသည်။ သို့တစေ အဆိုပါတောင်းဆိုချက် အပြည့်အဝရရှိဖို့အရေးမှာ ဖြစ်နိုင်ခြေ မရှိလှဟု ဆိုရပါလိမ့်မည်။

နောက်ထပ် ပြဿနာကြီးတစ်ခုကား ‘မက်ဂလိုသိုင်းမီယား’ ပင်ဖြစ်ပါသည်။ လစ်ဘရယ်ဒီမိုကရေစီမှာ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းပေးနိုင်သည်ဖြစ်ရာ အပျံစား ‘ဖလား’ ဟု ဆိုနိုင်ပါသည်။ (သို့တိုင် မကြာလှသေးသောနှစ်များတွင်ကား ဤမျှ မဟုတ်ပါ။) ဤသို့ချမ်းသာကြွယ်ဝပြီး လုံခြုံစိတ်ချရသော လူ့အဖွဲ့အစည်းမျိုးမှာ နစ်ရှေး၏ ‘နောက်ဆုံးလူ’ ကြီးစိုးရာနယ်ပယ်ဖြစ်သည်။ ‘ရင်ဘတ်မဲ့လူသားများ’ (Men without chests) ဟုခေါ်ကြသည်။ သူတို့တစ်တွေမှာ စားသုံးကုန်ပစ္စည်းမှလာသော စိတ်ကျေနပ်ပျော်ရွှင်မှုကို အဆုံးအစမဲ့ လိုက်လံရှာဖွေရင်း ဘ၀ကို ကုန်ဆုံးစေသူများဖြစ်သည်။ သို့တိုင် … သူတို့၏ ဗဟိုအူတိုင်တွင်မူ ဘာမှမရှိ။ သူတို့ကြိုးပမ်းရှာဖွေခဲ့ကြ သော သူတို့စွန့်လွှတ်အနစ်နာခံခဲ့ကြသော မြင့်မြင့်မားမား ရည်မှန်းချက်များ၊ အကောင်းဆုံး အသင့်ဆုံး စံပြနမူနာများလည်း ဘာမှမရှိ။ ဤလိုဘ၀မျိုးကို ဘယ်သူမှ ကျေနပ်ကြမည်မဟုတ်ပါချေ။

သို့နှင့်တိုင် ‘မက်ဂလိုသိုင်းမီးယား’ ကား ခြွင်းချက်ဖြစ်သည်။ ကြီးကျယ်သော စွန့်စားခန်းများကို လုပ်သည်။ အလွန်အရေးကြီးသော တိုက်ပွဲများကို ဆင်နွှဲသည်။ ကြီးမားသော ကြိုးပမ်းမှုများကို ရှာဖွေဖော်ထုတ်သည်။ ဤအရာအားလုံးကို သူလုပ်ခဲ့သည်မှာ သူများထက် ကြီးကျယ်မြင့်မြတ်ကြောင်း သူ့ကိုယ်သူ သိမှတ်လက်ခံလို၍ဖြစ်သည်။ အချို့နေရာများတွင် ဤအပြုအမူက သူရဲကောင်းခေါင်းဆောင်တစ်ယောက်သို့ ဦးတည်သွားစေသည်။ ဥပမာ – လင်ကွန်း၊ ချာချီ၊ နယ်လဆင် မင်ဒဲလား စသည်မျိုး …။ အချို့နေရာတွင်ကား အာဏာရှင်ခေါင်းဆောင် ဖြစ်သွားစေသည်။ ဥပမာ – ဆီဆာ၊ ဟစ်တလာ၊ မော် … စသည်မျိုး။ သူတို့တစ်တွေကား သူတို့လူ့အဖွဲ့အစည်းကို အာဏာရှင်စနစ်နှင့် အုပ်ချုပ်ပြီး ဘေးအန္တရာယ်ကြားထဲသို့ ဆွဲခေါ်သွားတတ်ကြသည်။

သမိုင်းအရ ‘မက်ဂလိုသိုင်းမီယား’ မှာ လူ့အဖွဲ့အစည်းတိုင်းတွင်ရှိသော်လည်း ၎င်းကို ကျော်လွှားအနိုင်ယူနိုင်သည်မျိုးကားမရှိခဲ့ပါ။ လမ်းကြောင်းဖော်ပေးခြင်း သို့မဟုတ် အလွန်အကျွံမဖြစ်အောင် ထိန်းပေးခြင်းတို့သာ လုပ်နိုင်ခဲ့ပါသည်။ ‘သမိုင်းနိဂုံးနှင့် နောက်ဆုံးလူ’ စာအုပ်၏ နောက်ဆုံးအခန်းတွင် ကျွန်တော်တင်ပြခဲ့သော မေးခွန်းတစ်ခု ရှိသည်။ ယခုလိုဖြစ်ပါသည်။ “ခေတ်သစ်စနစ်တစ်ခုဖြစ်သော ဈေးကွက် စီးပွားရေးနှင့် ချိတ်ဆက်ထားသည့် လစ်ဘရယ်ဒီမိုကရေစီအနေနှင့် ‘မက်ဂလိုသိုင်းမီယား’ အတွက် လုံလောက်သော ထွက်ပေါက်ဖန်တီးမပေး နိုင်ပါသလော …။” အဆိုပါပြဿနာကို ‘အမေရိကန်ပြည်ထောင်စုကြီး ကနဦးထူထောင်ခဲ့ကြသော ခေါင်းဆောင်များ’ (American Founding  Fathers) အနေနှင့် ကျကျနန လက်ခံခဲ့ကြဟန်ရှိပါသည်။ မြောက်အမေရိကတွင် ရီပတ်ဘလီကင်အစိုးရတစ်ရပ်ထူထောင်ရေး ကြိုးပမ်းကြရာတွင် အဆိုပါခေါင်းဆောင်ကြီးများအနေနှင့် ရောမအင်ပါယာကျဆုံးရသည့် သမိုင်းကြောင်းကို သတိမူမိကြပြီး သူတို့အဓိကစိုးရိမ်မကင်းဖြစ်ကြရသည်မှာ ရောမဧကရာဇ်ဘွဲ့နှင့် ပတ်သက်ပါသည်။ သူတို့ပေးသော ဖြေရှင်းနည်းကား အထိန်းနှင့် အထေများဖန်တီးပေးသော ဖွဲ့စည်းပုံဆိုင်ရာစနစ်ပင်ဖြစ်သည်။ ဆိုခဲ့ပါ အထိန်းအထေများဖြင့် လုပ်ပိုင်ခွင့်အာဏာကို ခွဲဝေဖြန့်ဖြူးပျံ့နှံ့စေသည်။ ခေါင်းဆောင်တစ်ယောက်လက်ထဲတွင် အာဏာအားလုံးစုမနေအောင် တားမြစ်ကန့်သတ်ပေးသည်။

၁၉၉၂ လောက်ကလည်း ကျွန်တော့်အနေနှင့် ဈေးကွက်စီးပွားရေး စနစ်မှာ ‘မက်ဂလိုသိုင်းမီးယား’ အတွက် ထွက်ပေါက်ဖန်တီးပေးနိုင် စရာရှိသည်ဟု အဆိုပြုခဲ့ဖူးသည်။ ‘အဲန်ထရာပရာနောစီးပွားရေး’ ဖြစ်ပါသည်။ အဲန်ထရာပရာနောစီးပွားရေးသမား (စွန့်ဦးတီထွင်လုပ်ငန်း ရှင်ဟုလည်း ဘာသာပြန်ကြသည်။) တစ်ယောက်အနေနှင့် ထူးထူးကဲကဲ ချမ်းသာကြွယ်ဝလာနေစဉ် တစ်ပြိုင်နက်တည်းမှာပင် တိုင်းပြည်တစ်ပြည်လုံး၏ ယေဘုယျချမ်းသာကြွယ်ဝမှုအတွက်လည်း ဖြည့်ဆည်းပေးနိုင်ပါသည်။ ဤသို့သော ပုဂ္ဂိုလ်များအနေနှင့် လူသန်ကြီးများ၏ ဖြစ်စဉ် ဖြစ်ရပ်များကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါလိမ့်မည်။ သို့မဟုတ် သူတို့တက်ခဲ့ကြသော ဟိမဝန္တာတောင်ထိပ်များစွာထက် ပိုကောင်းမွန်သောစံချိန်များ တင်နိုင်ပါလိမ့်မည်။ သို့မဟုတ် ကမ္ဘာပေါ်ရှိ အဖိုးတန်ဆုံး အင်တာနက်ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်နိုင်ပါလိမ့်မည်။

သမိုင်းနိဂုံးစာအုပ်မှာပင် ကျွန်တော့်အနေနှင့် ‘ဒေါ်နယ်ထရမ့်’ လို လူမျိုးအကြောင်း ဖော်ပြခဲ့ဖူးပါသည်။ အလွန်အကျူး ရည်မှန်းချက်ကြီးမားသော ပုဂ္ဂိုလ်မျိုး၏ ဥပမာအနေနှင့်ဖြစ်သည်။ ထရမ့်မှာ သူ၏အသိအမှတ်ပြုခံလိုသောဆန္ဒကို ဘိဇနက်သမားတစ်ယောက်အဖြစ် (နောက်ပိုင်းတွင် ဖြေဖျော်ရေးသမား) အန္တရာယ်ကင်းစွာ လမ်းကြောင်းပေါ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သည်လိုနှင့် နှစ်ပေါင်း ၂၅ နှစ်ကြာသွားသောအခါ အောင်မြင်သော ဘိဇနက်သမားနှင့် ဆယ်လစ်ဘရစ်တီမျှလောက်နှင့် အားရကျေနပ်ဟန်မရှိတော့ပါ။ သို့ဖြင့် နိုင်ငံရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။ နောက် သမ္မတဖြစ်သွားသည်။ မူလဆိုလိုချက်နှင့် ဆက်စပ်စဉ်းစားလိုက်လျှင် ဤမျှလောက်နှင့် ရှေ့နောက်မညီဟုဆိုနိုင်သေးသည် မဟုတ်ပါ။ လစ်ဘရယ်ဒီမိုကရေစီအတွက် ဖြစ်တန်ရာအနာဂတ်ကို စဉ်းစားလိုက်တော့မှ အချက်အချာပြဿနာမှာ လစ်ဘရယ်လူ့အဖွဲ့အစည်းရှိ သိုင်မိုစ်နှင့် ဆက်စပ်နေသည်ကိုတွေ့ရသည်။

ပြောရလျှင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ သမိုင်းတွင်လည်း ရှိခဲ့သည်သာဖြစ်ပါသည်။ ဆီဆာ၊ ဟစ်တလာ၊ ဖာရွန် … စသည်တို့ဖြစ်သည်။ သူတို့က သက်ဆိုင်ရာလူ့အဖွဲ့အစည်းများကို ဒုက္ခပင်လယ်ဝေစေသော စစ်ပွဲတစ်ပွဲသို့ ဆွဲခေါ်သွားတတ်သည်။ သို့မဟုတ် စီးပွားရေးကျဆင်းမှုသို့ ဦးတည်သွားစေသည်။ သူတို့လိုလူမျိုးကို ရှေ့သို့တွန်းပို့ရန်မှာ သာမန်လူထု၏ မကျေနပ်မှုကို နားလည်သဘောပေါက်စေဖို့ဖြစ်ပါသည်။ သာမန်လူထု၏အမြင်တွင် သူတို့နိုင်ငံ၊ သူတို့ဘာသာရေးနှင့် သူတို့၏ဘ၀ပုံစံများကို မလေးမစား မရိုမသေလုပ်ခံနေရသည်ဟု ယူဆတတ်ကြသည်။ ဆိုခဲ့ပါပုဂ္ဂိုလ်များ၏ ‘မက်ဂလိုသိုင်းမီးယား’ ကို သာမန်လူထု၏ အများနည်းတူ အသိအမှတ်ပြုခံလိုသော ‘အိုက်ဆိုသိုင်းမီးယား’ နှင့် ချိတ်ဆက်ပေးဖို့ဖြစ်ပါသည်။

ယခုအတွဲတွင် ကျွန်တော့်အနေနှင့် ၁၉၉၂ ခုနှစ်က စတင်လေ့လာဖော်ထုတ်ခဲ့ပြီး ထိုစဉ်မှစ၍ ရေးသားပြုစုခဲ့သောအကြောင်းအရာများ သို့ ပြန်သွားပါမည်။ သိုင်မိုစ် အသိအမှတ်ပြုခံလိုမှု၊ ဂုဏ်သိက္ခာ၊ အမှတ်အသားသရုပ်၊ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်ခြင်း၊ အမျိုးသားရေးဝါဒ၊ ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့များအကြောင်း ဖြစ်ပါသည်။ အထူးသဖြင့် ၂၀၀၅ ခုနှစ်လောက်က ကျွန်တော်ပို့ချခဲ့သော ရေကြည်ရာ မြက်နုရာရွှေ့ပြောင်းနေထိုင်ခြင်းနှင့် အမှတ်အသားသရုပ်ဆိုင်ရာ Lipset Memorial Lecture နှင့် ၂၀၁၁ ခုနှစ်က ဂျီနီဗာတွင် ကျွန်တော်ပို့ချခဲ့သော ရေကြည်ရာ မြက်နုရာရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ဥရောပအမှတ်အသားသရုပ်ဆိုင်ရာ Latsis Foundation Lecture တို့ဖြစ်သည်။ ယခုအတွဲ၏ အချို့နေရာများမှာဆိုလျှင် အစောပိုင်းရေးသားချက်များထဲမှ ကောက်နုတ်ချက်အချို့ကို အနည်းနှင့်အများ ဆိုသလို တွေ့ပါလိမ့်မည်။ ဤသို့ ငြီးငွေ့စရာ အပ်ကြောင်းထပ်နေသည်များပါခဲ့လျှင် တောင်းပန်အပ်ပါသည်။ သို့တစေ … ဆိုခဲ့ပါအကြောင်းအရာများအတွက် အချိန်ယူပြီး လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်စပ် ကာ ရှေ့နောက် ညီ မညီ ချိန်ဆမည့်သူဆို၍ မရှိသလောက်ရှားလိမ့်မည်ဟူ၍တော့ ကျွန်တော်ထင်သည်။

လူတစ်ယောက်၏ အမှတ်အသားသရုပ်ကို အသိအမှတ်ပြုရန်တောင်းဆိုမှုမှာ အရေးကြီးသော အကောက်အယူတစ်ခုဖြစ်သည်။ ဤကိစ္စမှာ မျက်မှောက်ခေတ်ကမ္ဘာ့နိုင်ငံရေးတွင်ဖြစ်ပေါ်နေသော ပြဿနာအများစုနှင့်လည်း ဆက်စပ်နေဟန်ရှိသည်။ ဤသည်ကို တက္ကသိုလ် ပရဝုဏ်များတွင် တွေ့ရလေ့ရှိသော အမှတ်အသားသရုပ်နိုင်ငံရေးနှင့် ကန့်သတ်၍ မရပါ။ ရန်စသလို ဆွပေးသလိုရှိသော လူဖြူအမျိုးသား ရေးဝါဒလောက်နှင့်လည်း ဘောင်ခတ်၍မရပါ။ ခေါင်းထောင်ထလာသော ပုံစံဟောင်းအမျိုးသားရေးဝါဒလို နိုင်ငံရေးသဘောသက်ဝင်လာသောအစ္စလာမ်လို ကျယ်ပြန့်သော အခြင်းအရာများအထိ ဆွဲဆန့်ထားဖို့ လိုပါသည်။ ပြောကြစတမ်းဆိုလျှင် စီးပွားရေး၏ အရင်းခံအကြောင်းသည်ပင် အသိအမှတ်ပြုခံလိုသောဆန္ဒတွင် မြစ်ဖျားခံနိုင်ရာ စီးပွားရေးနည်းနာမျှဖြင့် ကျေနပ်ဖွယ်ရာမရှိလောက်ပါ။ ဤကိစ္စမှာ မျက်မှောက် ခေတ် ‘ပေါ်ပြူလာဝါဒ’ (သာမန်လူထု၏ အကျိုးကို ရည်မျှော်သည်ဆိုသောဝါဒ) ကို မည်သို့ရင်ဆိုင်ကြမည်နည်းဆိုသော ပြဿနာနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟုဆိုရပါလိမ့်မည်။

ဟေဂယ်၏အလိုအရ လူ့သမိုင်းကိုအသိအမှတ်ပြုခံလိုမှုအတွက် ရုန်းကန်မှုများဖြင့် မောင်းနှင်ပုံဖော်သည်ဟုဆိုပါသည်။ အဆိုပါ အသိ အမှတ်ပြုခံလိုသည့်ဆန္ဒအတွက် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့်ဖြေရှင်းနည်းမှာ လူသားတိုင်း၏ ဂုဏ်သိက္ခာကို သိမှတ်လက်ခံပေးသော ‘လောကလုံးဆိုင်ရာ အသိအမှတ်ပြုမှု’ သာဖြစ်သည်ဟုလည်း ဟေဂယ်က အခိုင်အမာဖော်ထုတ်ခဲ့သည်။ ထိုစဉ်မှစ၍ လောကလုံးဆိုင်ရာ အသိအမှတ်ပြုမှုကို နိုင်ငံ၊ ဘာသာရေး၊ ဂိုဏ်း၊ လူမျိုး၊ လူမျိုးစု သို့မဟုတ် လိင် (ကျား/မ) သို့မဟုတ် မိမိကိုယ်ကိုယ် သူများထက် ခေါင်းတစ်လုံးမြင့်သည်ဟု အသိအမှတ်ပြုခံလိုသူများ … စသည် … စသည်တို့၏ တစ်ဝက်တစ်ပျက် သိမှတ်လက်ခံကြသော ပုံစံများ၏ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်လာရတော့သည်။ ခေတ်သစ်လစ်ဘရယ် ဒီမိုကရေစီ၏ အမှတ်အသားသရုပ် နိုင်ငံရေးကြီးထွားအားကောင်းလာခြင်းမှာ အဆိုပါ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများ ရင်ဆိုင်နေကြရသည့် အဓိကစိန်ခေါ်ချက်များထဲမှ တစ်ခုဖြစ်ပေသည်။ ကျွန်တော်တို့အနေနှင့် လူ့ဂုဏ်သိက္ခာကို ပိုမိုလောကလုံးသဘောဆောင်သော သိမှတ်နားလည် မှုမျိုးရရှိအောင် အားမထုတ်နိုင်လျှင် ပဋိပက္ခမှုများထဲတွင် ကျွန်တော်တို့ကိုယ်တိုင် ပျက်ကိန်းကြုံဖို့ရှိပါလိမ့်မည်။

× × ×

ယခုစာမူနှင့်ပတ်သက်ပြီး ဝေဖန်အကြံပြုကြသော မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကို ကျွန်တော့်အနေနှင့် ကျေးဇူးတင်စကား ပြောလိုပါသည်။ Sheri Berman, Gerhard Casper, Patrick Chamorel, Mark Cordover, Katherine Cramer, Larry Diamond, Bob Faulkner, Jim Fearon, David Fukuyama, Sam Gill, Anna Gryzmala-Busse, Margaret Levi, Mark Lilla, Kate McNamara, Yascha Mounk, Marc Plattner, Lee Ross, Susan Shell, Steve Stedman နှင့် Kathryn Stoner တို့ ဖြစ်ပါသည်။

အထူးကျေးဇူးတင်ရမည့်တစ်ယောက်မှာ ကျွန်တော်၏ အယ်ဒီတာဖြစ်သူ Eric Chin ski ပင်ဖြစ်သည်။ ယခုစာအုပ်အပါအဝင် စာအုပ် ပေါင်းများစွာကို ကျွန်တော်နှင့်အတူ မမောမပန်း အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ သူ၏ ယုတ္တိဗေဒနှင့် ဘာသာစကား အသိ၊ ခြေခြမြစ်မြစ် ရှိသော ပြဿနာများနှင့်ပတ်သက်သည့် သူ၏ကျယ်ပြန့်သော ဗဟုသုတတို့မှာ ယခုအတွဲအတွက် ကြီးစွာသောအထောက်အပံ့ဖြစ်စေပါ သည်။ ယခုစာအုပ်နှင့် ယခင်စာအုပ်များအတွက် တစေ့တစောင်းလေ့လာချက်များရေးပေးသော Andrew Franklin ကို ကျေးဇူးတင် ကြောင်း မပြောလျှင်လည်း ကျွန်တော့်ဘက်မှ တာဝန်ကျေမည်မထင်ပါ။

ထုံးစံအတိုင်းပင် ကျွန်တော်၏ စာပေကိုယ်စားလှယ်များကိုလည်း ကျေးဇူးစကားဆိုရပါဦးမည်။ International Management မှ Esther Newberg နှင့် Curtis Brown မှ Sophie Baker ၊ သူတို့နှစ်ယောက်ကို ကူညီကြသူအားလုံး ဖြစ်ပါသည်။ သူတို့တစ်တွေမှာ ကျွန်တော်၏စာအုပ်များကို အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့နိုင်ငံများတွင် ပုံနှိပ်ထုတ်ဝေနိုင်ရန် မယုံကြည်နိုင်စရာကောင်းလောက်အောင် ကျေးဇူးပြုခဲ့သူများဖြစ်သည်။

ကျွန်တော်၏ သုတေသနအကူများဖြစ်ကြသော Ana Urgiles, Eric Gilliam, Russell Clarida နှင့် Nicole Southard တို့ကိုလည်း ကျေးဇူးတင်ပါသည်။ ဤစာအုပ်အတွက် အခြေခံရသော အဖိုးတန်ကုန်ကြမ်းများကို သူတို့တစ်တွေက ရှာဖွေပေးပါသည်။

ကျွန်တော့်မိသားစု အထူးသဖြင့် ကျွန်တော့်ဇနီးသည် ‘Laura’ ကိုလည်း မမေ့မလျော့ ကျေးဇူးတင်ရပါလိမ့်မည်။ ကျွန်တော့်စာအုပ် အားလုံးအတွက် ဇနီးသည်မှာ ဂရုတစိုက်ဖတ်ပေးသူနှင့် ဝေဖန်ထောက်ပြသူမဟုတ်ပါလော …။               

ဆက်လက်ဖော်ပြပါမည်။

 

ကျော်ဝင်း
၁၈ အောက်တိုဘာ၊ ၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *