ဖွံ့ဖြိုးရေး မြန်မာစတိုင်

မြန်မာတို့သည် ဖွံ့ဖြိုးတိုးတက်ရေး ခရီးလမ်းတွင် ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်သည်။ ရှေ့ခပ်လှမ်းလှမ်းသို့ ရောက်နေသော နိုင်ငံများကို အမီလိုက်ရန် မြန်မာတို့ တကုပ်ကုပ် ကြိုးစားနေကြခြင်းသည် ကောင်းသည်၊ မွန်မြတ်သည်၊ စိတ်တက်ကြွဖွယ် ကောင်းသည်။ သို့သော် မြန်မာတို့သွားနေသော ဖွံ့ဖြိုးရေးသည် မြန်မာတို့နှင့်ကိုက်ညီသည့် ဖွံ့ဖြိုးရေး ဖြစ်ပါ၏လော။

ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် လုပ်ဆောင်ကြသည့် ဖွံ့ ဖြိုးရေးသည် အင်္ဂလိပ်၊ အမေရိကန်တို့နှင့် တူအောင် လိုက်လုပ်ခြင်းသာ ဖြစ်သည်။ ၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုလိုနီနိုင်ငံကြီးများသည် စစ်နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ စစ်ဒဏ်ကြောင့် ချည့်နဲ့သွားသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ကြရသည်။ ကိုယ်လွတ်ရုန်းရမည်ဖြစ်သောကြောင့် ကိုလိုနီနယ်များကို ဖြေလွှတ်လိုက်သည့်အတွက် အာဖရိက၊ အာရှမှ ကိုလိုနီတို့ လွတ်လပ်ရေးရလာကြသည်။ ပေါ်ထွန်းလာသော နိုင်ငံသစ်များသည် ဖွံ့ဖြိုးတိုးတက်ရန် ကြံလာကြသည်။ သူတို့၏ ဖွံ့ဖြိုးတိုးတက်ရန် ဗျူဟာမှာ ရိုးရှင်းသည်။ သူတို့၏ အရှင်သခင်ဟောင်းများကို အမီလိုက်ရန်။ အရှင်သခင်ဟောင်းတို့ နှစ် ၁၀၀ တည်ဆောက်မှရသည့် ရည်မှန်းချက်တို့ကို ၁၀ နှစ်နှင့်ရအောင်လုပ်မည်ဟု တော်လှန်ရေး ခေါင်းဆောင်တစ်ဖြစ်လဲ သမ္မတ၊ ဝန်ကြီးချုပ်တို့က ကြုံးဝါးကြသည်။ သူတို့၏ ကြုံးဝါးချက်ကို သေချာဆန်းစစ်လိုက်သည့်အခါ အရှင်သခင်ဟောင်းတို့ကို အတုယူလိုခြင်းသာ ဖြစ်သည်။ လွတ်လပ်စနိုင်ငံတို့သည် ကိုယ့်မြေကိုယ်ရေတွင် အရှင်သခင်ပြန်ဖြစ်လာသော်လည်း အောက်ကျနောက်ကျစိတ်က ကြီးစိုးနေသည်။ အရှင်သခင်ဟောင်းတို့ကြိုက်သောအရာများသည် ကောင်းသည်၊ အရှင်သခင်ဟောင်းတို့ ဆောင်ရွက်သမျှသည် အတုခိုးသင့်သည်ဟူသောစိတ်သည် ထုတ်မပြောသော်လည်း ကိန်းအောင်းနေသည်။

ထိုသို့ အတုခိုးလုပ်ဆောင်ကြသော ဖွံ့ဖြိုးရေးသည် အင်္ဂလိပ်၊ အမေရိကန်တို့ကဲ့သို့ လိုက်လံဖွံ့ဖြိုးရေးပင် ဖြစ်လာသည်။ ကမ္ဘာပေါ်တွင် မည်သည့်လူနေမှုပုံစံ အကောင်းဆုံးလဲ၊ အင်္ဂလိပ်၊ အမေရိကန်တို့၏ လူနေမှုပုံစံ ဖြစ်သည်။ ခေတ်မီ တိုးတက်ရေးသည် အင်္ဂလိပ်၊ အမေရိကန်တွေနှင့်တူအောင်လုပ်ရေး။ သူတို့နှင့် မတူသေးသမျှ မဖွံ့ဖြိုးသေး။ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး Modernization သည် အနောက်တိုင်းနှင့်တူအောင်လုပ်ခြင်း Westernization ဖြစ်လာသည်။ အနောက်တိုင်းတွင်မှ အနောက်တိုင်း၏ထိပ်သီး မည်သူနည်း။ ယခင်က အနောက်တိုင်း၏ ခေါင်းဆောင်သည် နေမဝင်အင်ပါယာအရှင် အင်္ဂလိပ်၊ ဒုတိယကမ္ဘာစစ်အပြီးတွင်မူ အမေရိကန်။ ထိုကြောင့် Westernization သည်လည်း Americanization အမေရိကန်နှင့်တူအောင်လုပ်ခြင်း ဖြစ်လာသည်။

ဖွံ့ဖြိုးရေး ပုံစံတို့တွင်လည်း အမေရိကန်ဖွံ့ဖြိုးရေးကို အတုယူထားသည့်မော်ဒယ်လ်က ကြီးစိုးလာသည်။ အမေရိကန်မော်ဒယ်လ် မဟုတ်လျှင်လည်း အခြားနိုင်ငံများ၏ ဖွံ့ဖြိုးရေးကို အမေရိကန်တို့က အဓိပ္ပာယ်ဖွင့်ကြသည်။ ကမ္ဘာနှင့်ချီသည့်ဖွံ့ ဖြိုးရေးအေဂျင်စီကြီးများ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂတို့ကိုလည်း အမေရိကန်က ကြီးစိုးလျှင် ကြီးစိုး၊ မကြီးစိုးလျှင်လည်း သြဇာညောင်းသည့်အတွက် ဖွံ့ဖြိုးရေးသည် အမေရိကန်အလိုကျဖွံ့ဖြိုးရေး ဖြစ်လာသည်။ သြဇာကြီးမားသည့် ဥာဏ်ကြီးရှင်အဖွဲ့များ Think Tank များသည်လည်း အမေရိကန်တွင် အခြေစိုက်ကြသည့်အတွက် တစ်ကမ္ဘာလုံးတွင် အမေရိကန် အတွေးအခေါ်များသာ အရာရောက်ကြသည်။

တစ်နေရာမှတစ်နေရာ သတင်းအချက်အလက်တို့ အမြန်ရောက်သည့်ခေတ်ဖြစ်လာသည့်အတွက် ယဉ်ကျေးမှုပိုင်းနှင့် အိုင်ဒီယာပိုင်းတွင်လည်း နိုင်သူအကုန်ယူကြေး ဖြစ်သည်။ အမေရိကန် ဟောလိဝုဒ်သည် ကမ္ဘာ့ရုပ်ရှင်လောကကို ကြီးစိုးသည့်အတွက် ဟောလိဝုဒ်ရုပ်ရှင်များသည် ဖွံ့ဖြိုးရေးအိပ်မက် ဖြစ်လာသည်။ ကိုကာကိုလာသောက်၊ ကြက်ကြော်စား၊ ဂျင်းဘောင်းဘီဝတ်လိုက်လျှင် တစ်စုံတစ်ခုပြည့်စုံသလို ခံစားလာကြရသည်။ အမေရိကန်သို့ တစ်ခါမျှမရောက်ဖူးဘဲနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူအများသည် အမေရိကန် ဖြစ်လာကြသည်။ အမေရိကန် ရုပ်သံ၊ သတင်းစာများသည် တစ်ကမ္ဘာလုံးသို့ ရောက်သည့်အတွက် အမေရိကန်တို့ မျက်စိဖြင့်ကြည့်သည့် သတင်းအာဘော်များအတိုင်း လူတို့ လိုက်လံ စဉ်းစားကြကုန်သည်။ မှန်သည် မမှန်သည် အပထား၊ အမေရိကန်တို့ မြင်သလို လူတို့ မြင်ကုန်ကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရန် ယခုမှရုန်းကန်ထရသော နိုင်ငံငယ်လေးဖြစ်သည့်အတွက် အင်အားကြီးမားသောနိုင်ငံကြီးများပင် မလွန်ဆန်နိုင်သည့် နိယာမကို ကျော်လွန်နိုင်ခြင်း မရှိပါ။ အခြားနိုင်ငံများကို သက်ရောက်သော အင်အားစုကြီးများသည် မြန်မာနိုင်ငံကိုလည်း လာရောက်သြဇာလွှမ်းမိုးလျက်ရှိသည်။ ထိုသို့ လွှမ်းမိုးကြီးစိုးခြင်းသည် သဘာဝသာဖြစ်သောကြောင့် တမင်တကာ ရုန်းကန်တွန်းလှန်ရန် မလို။ ကိုယ်နှင့် ကိုက်သည်ကိုသာယူပြီး မကိုက်သည့်အရာကို ပယ်ရန်သာ လိုသည်။

ကိုယ့်နည်းကိုယ်ဟန်သုံးကာ ဖွံ့ဖြိုးတိုးတက်သွားသော ဖွံ့ဖြိုးဆဲနိုင်ငံဟောင်းများကို လေ့လာခြင်းသည် မြန်မာနိုင်ငံအတွက် အကျိုးများမည်။ ဖွံ့ဖြိုးဆဲဘဝမှ တက်လာသော အောင်မြင်ဖွံ့ဖြိုးနိုင်ငံများသည် အခြားသူတို့၏ ဖွံ့ဖြိုးရေးအကြံဥာဏ်ကို ရနိုင်သလောက်ယူခဲ့သော်လည်း ဆုံးဖြတ်ချက်များကို ကိုယ်တိုင်သာ ချမှတ်ခဲ့သည်။ ကွဲလွဲရမည်ကို မကြောက်ဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ကိုယ့်နိုင်ငံအတွက်သာ ကြည့်ပြီး ဆုံးဖြတ်သောကြောင့် ထိုနိုင်ငံများ ယနေ့သူတို့ရထားသောနေရာများသို့ ရောက်ခဲ့ကြသည်။ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံကိုယ် မည်သို့ပင် စေတနာရှိသည် ဆိုငြားသော်လည်း သူတို့တွင် ကိုယ်ပိုင်အကျိုးစီးပွားများ၊ အကြံအစည်များရှိတတ်ရာ ကိုယ့်နိုင်ငံအကျိုးစီးပွားကိုသာကြည့်ပြီး အားမနာဘဲ ဆောင်ရွက်ရမည် ဖြစ်သည်။

အမှန်တကယ်တော့ ဖွံ့ဖြိုးရေးကို လူတို့က အဓိပ္ပာယ်ဖွင့်သည်။ လူတို့ကပင် ဖော်ဆောင်တည်ဆောက်ကြပါသည်။ ထို့ကြောင့် တစ်ခေတ် တစ်ခါတွင် လွှမ်းမိုးအင်အားကောင်းသော အင်အားစုတို့၏ အတွေးအကြံများနောက် အတုယူမိ၊ လိုက်ပါမိသည်မှာလည်း သဘာဝဖြစ်သည်။ သတိထားရမည့် တစ်ခုတည်းသောအရာမှာ “သူ့အိုး သူ့ဆန်”နှင့် “သူ့အရပ်နှင့် သူ့ဇာတ်” ဖြစ်သည်။ ကမ္ဘာလုံးချီ ဖွံ့ဖြိုးမှုရေစီးကို ဆန့်ကျင်ကူးခတ်လျှင် လူမိုက်။ သို့သော် ရေစီးတွင် ရောက်လိုရာရောက် စိတ်နှလုံး ဒုံးဒုံးချကာ မျှောလိုက်ခြင်းသည်လည်း လူမိုက်ပင်။ ရေစီးကို အလိုက်သင့်လိုက်ကာ လိုရာရောက်နိုင်ရန် ကျွမ်းကျင်လိမ္မာရမည်။

မြန်မာနိုင်ငံသည် ကာလရှည်ကြာသော သမိုင်းကြောင်း၊ ယဉ်ကျေးမှုရှိသည့်အတွက် ကိုယ်နှင့်လိုက်ဖက်သော ဖွံ့ဖြိုးရေးကိုသာ ဖော်ဆောင်ရမည်ဖြစ်သည်။ သူတစ်ပါးကိုသာ အတုခိုးလျှင် တစ်ပတ်နွမ်းဖွံ့ဖြိုးရေးနှင့်သာ နှစ်ပါးသွားရလိမ့်မည်။ ယူသင့်သည်ကိုယူ၊ ပယ်သင့်သည်ကို ပယ်ပြီး ချီတက်ရလိမ့်မည်။

ဖွံ့ဖြိုးရေးသည် အရန်သင့်ဝတ်အင်္ကျီ Ready-made မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးသည် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးရေးနှင့် တစ်ထပ်တည်းတူရန် မလို။ လုံးဝ လုံးဝ မလိုပါ။ မြန်မာ့ဖွံ့ဖြိုးရေးသည် မြန်မာနိုင်ငံနှင့် ကိုက်ညီသော၊ မြန်မာ့ရေမြေနှင့် အစပ်အဟပ်တည့်သော ဖွံ့ဖြိုးရေးသာဖြစ်ရန် လိုပါသည်။ မြန်မာလူနာကြီး နာလန်ထရန်အတွက် ယနေ့ လာရောက်ညွှန်းဆိုကြသော ဆေးအညွှန်းမျိုးစုံတို့သည် အခြားလူနာတို့နှင့် ကိုက်ညီသည့် ပွဲတွေ့ဆေးများဖြစ်နိုင်သော်လည်း မြန်မာလူနာကို သက်သာပျောက်ကင်းစေမည်ဟု တစ်ထစ်ချ ပြောနိုင်မည် မဟုတ်ပါ။

မြန်မာနိုင်ငံ ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာတွင် အခြားနိုင်ငံများနှင့် ပုံစံတူရန် မလိုပါ။ ပုံစံကွဲလွဲ၊ သီးသီးသန့်သန့် ဖြစ်နေရန်လည်း မလိုပါ။ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာတို့နှင့် ကိုက်ညီရန်သာ လိုသည်။

 

ဇေယျသူ

(ယခင်ဖော်ပြပြီးသော ဆောင်းပါးကို ခေတ်ကာလအခြေအနေတို့ နှင့် ကိုက်ညီနေသဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *