ငြိမ်းချမ်းရေး မဝေးလိုလျှင်

ဝေးလိုက်နီးလိုက်ဖြစ်နေသော ငြိမ်းချမ်းရေးလိုသည်ထက် မဝေးစေရန် မြင်သလောက်ကို ခုနစ်ချက်ခွဲပြီး ပြောလိုသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဝေးလည်းမဝေး၊ နီးလည်းမနီး မလှမ်းမကမ်းမှ ကြည့်နေရသူတစ်ဦး၏အမြင်ဟု ဆိုနိုင်သည်။

(၁) ရည်မှန်းချက် ရှာပါ

ဆရာဝန်လည်းဖြစ်ချင်၊ စိုက်ပျိုးရေးသမားလည်းဖြစ်ချင်၊ ကုန်သည်လည်းဖြစ်ချင် စသည်ဖြင့် ဟိုဟာလည်းဖြစ်ချင်၊ ဒီဟာလည်းဖြစ်ချင်သူသည် ဘာမှ မဖြစ်နိုင်ပါ။ သူ့တွင် ရည်မှန်းချက်များနေလွန်းသည့်အတွက် ရည်မှန်းချက်မရှိသည့်သဘော သက်ရောက်သွားသည်။ ငြိမ်းချမ်းရေးတွင်လည်း ရည်မှန်းချက်များ သိပ်များနေသည်ဟု ကျွန်တော်မြင်သည်။ တကယ့်တကယ်တွင် လူအင်အား၊ အချိန်အကန့်အသတ်ရှိသည်။

လက်ရှိ အစိုးရသက်တမ်း ၂ နှစ်ခွဲခန့်သာ ကျန်တော့သည်။ ထိုအချိန်တွင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်မှ အလိုချင်ဆုံးအရာသည် အဘယ်နည်း။ ထိုတစ်ခု သို့မဟုတ် အလွန်ဆုံးနှစ်ခုလောက်ကိုသာ ပစ်မှတ်ထားပြီး ကုန်းရုန်းလုပ်ရန်လိုသည်။ လက်တွေ့ကျရန်လိုသည်။

(၂) ရပ်တည်ချက်ကို မကြည့်ပါနှင့်၊ အကျိုးစီးပွားကို ကြည့်ပါ

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်ဖက်နှင့်တစ်ဖက် တောင်းဆိုချက်များ၊ ရပ်တည်ချက်များ၊ ကြေညာချက်များကိုကြည့်ပါက ရုတ်တရက်ဆိုလျှင် ကြမ်းလှချည်လားဟု လန့်ဖျပ်သွားနိုင်သည်၊ ငြိမ်းချမ်းရေးမရနိုင်တော့ဟု စိတ်ကုန်သွားနိုင်သည်။ သို့သော် သေသေချာချာကြည့်လျှင်၊ မေးလျှင်မြန်းလျှင် အကျိုးစီးပွားများကို မြင်လာရမည်။ စီးပွားရေးလား၊ လုံခြုံရေးလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လား၊ ပြည်ထောင်စုတည်တံ့ရေးလား စသည်တို့ကို တွေ့လာရမည်။ ထို့ကြောင့် ရပ်တည်ချက်များနှင့်တင် ရပ်မထားဘဲ အကျိုးစီးပွားတို့ကို လက်ကုန်နှိုက်ကြည့်သင့်သည်။

(၃) အလွတ်သဘော များများတွေ့ပါ

များများတွေ့လျှင် များများသိသည်၊ များများရင်းနှီးသည်။ အလွတ်သဘောဖြစ်လျှင် ပိုကောင်းသည်။ ပွဲကြီးလမ်းကြီးများနှင့် ခမ်းခမ်းနားနား မတွေ့ဆုံမီတွင် အလွတ်သဘော များများတွေ့ရန်လိုသည်။ ပွဲကြီးလမ်းကြီးများရောက်မှ လူရှေ့သူရှေ့ ညှိရနှိုင်းရလျှင် အောင်မြင်နိုင်ခြေနည်းပါသည်။ ရပြီးသားများပင် ပြန်နောက်လျှောသွားတတ်သည်။

(၄) အဓိကလူသုံးဦး သို့မဟုတ် လေးဦးတွေ့ပါ

ငြိမ်းချမ်းရေးတွင် ပါတီများ၊ လက်နက်ကိုင်အဖွဲ့များ၊ အစိုးရ၊ တပ်မတော်၊ အရပ်ဘက်လူအဖွဲ့အစည်း စသည်ဖြင့် ပါဝင်ပတ်သက်သူ အားလုံးသည် အရေးပါကြသော်လည်း ထိုအထဲတွင်မှ အရေးကြီးဆုံး လူသုံးဦး သို့မဟုတ် လေးဦးရှိသည်ကို လက်မခံချင်လျှင်ပင် လက်ခံရမည်သာဖြစ်သည်။ ထိုသူ သုံးဦး သို့မဟုတ် လေးဦးသည် အဘယ်သူများနည်း။ ထိုသူများ ထိပ်တိုက်ဆွေးနွေးနိုင်လျှင် အဖြေမြန်မြန်ထွက်မည်။ သို့မဟုတ် အဖြေထွက်မည့်လမ်းကြောင်းပေါ်သို့ မြန်မြန်ရောက်နိုင်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသည် ထိုလမ်းကြောင်းသို့ သွားနေသည်ဟု မြင်ပါသည်။ နောက်ထပ် ထိုသို့ဆွေးနွေးပွဲများကျင်းပလျှင် အဓိက လူသုံးလေးဦးတွေ့နိုင်မည်။ ပထမဆုံးမှာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန် အရေးကြီးဆုံးပုဂ္ဂိုလ်များ Key  Persons ကို ရွေးထုတ်ယူရမည်ဖြစ်သည်။ ထိုသို့ရွေးထုတ်ရာတွင် ချစ်ခြင်း၊ မုန်းခြင်း၊ နောက်ကြောင်းရာဇဝင်များကို အသာထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးဆုံးသူဟူသော ပေတံဖြင့်သာ တိုင်းတာရမည်ဖြစ်သည်။

(၅) လက်ရှိအချိန်သည် အကောင်းဆုံး

If  not now, when ‘အခုမလုပ်ရင် ဘယ်အချိန်လုပ်မလဲ’ ဆိုသော စကားရှိသည်။ စာရေးသူအမြင် လက်ရှိအချိန်သည် အကောင်းဆုံးဖြစ်သည်။ ဗုဒ္ဓတရားတော်နှင့်အညီ ပစ္စုပ္ပန်ကို မျက်မှောက်ပြုပြီး ပြောခြင်းမဟုတ်ပါ။ လက်ရှိ တပ်မတော်၊ အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့ များ၊ ပါတီများမှ ဆွေးနွေးဖက်များသည် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးလာသည်မှာ အချိန်အတန့်အသင့်ရှိပြီဖြစ်သဖြင့် တစ်ယောက်အကြောင်း တစ်ယောက် သိလာကြပြီ။ ဥပမာ – အဓိကပုဂ္ဂိုလ်ကြီးများဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် တစ်ဦးနှင့်တစ်ဦး အကြောင်းသိလာကြပြီ။ လူသစ်များဝင်လာလျှင် ဆက်ဆံရေးပြန်တည်ဆောက်ရမည်၊ တစ်ယောက်အကြောင်း တစ်ယောက်သိရန် အချိန်ပြန်ယူရဦးမည်။ နောက်ထပ်အရေးကြီးသည့်အချက် ရှိသေးသည်။ လက်ရှိအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြည်သူလူထုထောက်ခံမှု အရဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဩဇာနှင့် အာဏာ တစ်တွဲတည်းရထားသည့်ပုဂ္ဂိုလ် လုပ်နိုင်ကိုင်နိုင်တုန်းတွင် ငြိမ်းချမ်းရေးရယူခြင်းသည် ရှားပါးသည့်အခွင့်အလမ်းဟု မြင်သည်။

(၆) ပွင့်လွန်းခြင်း၊ လျှိုလွန်းခြင်း အစွန်းရှောင်

ငြိမ်းချမ်းရေးတွင် ပွင့်လွန်းခြင်း၊ လျှိုလွန်းခြင်း အစွန်းနှစ်ခုကို ရှောင်ရန်လိုသည်။ လုပ်ရပ်များ၊ ရည်မှန်းချက်များကို အလုံးစုံ သိုဝှက်ထားပြီး ပြည်သူလူထုကို အသိမပေးဘဲထားခြင်းသည် မကောင်းပါ။ ဒီမိုကရေစီခေတ်ဖြစ်သည်နှင့်အညီ ပြည်သူလူထုမြင်သာအောင် တင်ပြရန်လိုသည်။ သို့မှသာ လမ်းကြောင်းမှန်ပေါ် ရောက်သည်၊ မရောက်သည်ကို ပြည်သူလူထုက မြင်နိုင်မည်။ တစ်ဖက်တွင် ငြိမ်းချမ်းရေးကို လူပုံ အလယ်တွင် ဆွေးနွေးသည့်အခါ ဆွေးနွေးသည့်အဖွဲ့များသည် သဘောတူညီချက်ရရှိရေးထက် မိမိလက်ခုပ်သံရရေး၊ မိမိအဖွဲ့သားများက မိမိကိုထောက်ခံရေး စသည်တို့ကို ဦးစားပေးသွားသည့် သဘောလည်းရှိသည်။ ထို့ကြောင့် အထက်ပါ အစွန်းနှစ်ပါးကို ရှောင်ရှားသင့်သည်။

(၇) တကယ့်ပြိုင်ဘက်

ယနေ့ကမ္ဘာသည် ရေကြောမြေကြော ရှုံ့သွားပြီဖြစ်ရာ ပြိုင်ဘက်အဓိပ္ပာယ်ပြောင်းသွားပြီဖြစ်သည်။ မကွေးမြို့နေသူသည် ဘားအံမှသူနှင့် ပြိုင်နေခြင်းထက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှသူနှင့် ပြိုင်နေရသည်။ ကိုယ့်ပြိုင်ဘက်များသည် ကိုယ့်ပြည်တွင်းမှသူများမဟုတ်တော့ဘဲ နိုင်ငံခြားတိုင်းပြည်များမှသူများဖြစ်လာသည်။ ကိုယ့်နိုင်ငံက များများရောင်းနိုင်၊ များများထုတ်နိုင်ပါမှ ကိုယ့်ဘ၀အဆင်ပြေမည်။ မြန်မာနိုင်ငံနေသူအချင်းချင်း မတည့်ကြလျှင် ဘေးလူများ စားသွားမည်သာ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသူများအနေနှင့် တကယ့်ပြိုင်ဘက်ကို ရှာကြပါဟုသာ တိုက်တွန်းလိုသည်။

ငြိမ်းချမ်းရေးသည် တကယ်လုပ်လျှင် တကယ်ဖြစ်မည်ဟု ယခုထက်ထိ ယုံကြည်နေဆဲဖြစ်သည့်အတွက် မြင်သမျှကို တင်ပြခြင်းဖြစ်သည်။

 

ဇေယျသူ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *