ပျောက်ကွယ်လာသော မြေဖြူခဲလေးများ

“မြေဖြူခဲလေးတွေ မြင်ရင်တောင် ရင်တွေခုန်လွန်းလို့ နည်းနည်းလောက်တော့ ပေးချစ်ပါ ဆရာမ”

လူမှုကွန်ရက်တွင် ကျော်ရဲအောင်အမည်ရှိ အကောင့်ပိုင်ရှင်တင်ထားသည့် ကဗျာတစ်ပုဒ်ထဲမှ စာသားအချို့ဖြစ်သည်။

ကျောင်းဆရာ၊ ဆရာမဆိုလျှင် မြေဖြူနှင့်တွဲဖက်၍ မြင်တတ်ကြပြီး မိမိချစ်သူဆရာမလေးကို ချစ်ခွင့်မရသေးသော်လည်း မြေဖြူခဲများ မြင်တွေ့လျှင်ပင် ရင်ခုန်ရသည်ဟုတင်စား၍ ရေးဖွဲ့ထားခြင်း ဖြစ်သည်။

သို့သော် ဆရာ၊ ဆရာမများတွင် မြေဖြူအသုံးပြု စာသင်ကြားခြင်းမှာ တစ်စထက်တစ်စ နည်းပါးလာနေပြီ။ မြေဖြူအစား မာကာပဲန် (Whiteboard  Marker) များကို အစားထိုးသုံးစွဲနေသည်မှာ အနည်းဆုံး သုံးနှစ်ခန့်ရှိပြီဖြစ်သည်။

“ကျောင်းမှာတော့ မြေဖြူပဲ သုံးပါတယ်။ အပြင်ဘော်ဒါဆောင်တချို့မှာတော့ သုံးသေးတယ်။ အများအားဖြင့် မသုံးတော့ဘူး။ ဝှိုက်ဘုတ်နဲ့ မာကာနဲ့ ဖြစ်သွားပြီ” ဟု ကလေးတက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက်ကထိက ဆရာဦးအောင်ဆန်းလင်းက ပြောကြားသည်။

ကျောင်းများ၊ စာသင်ခန်းများတွင် မြေဖြူနှင့် သင်ပုန်း(Blackboard)မသုံးရဟု ညွှန်ကြားထားခြင်းမျိုးမရှိသော်လည်း ခေတ်စနစ်အရ ယခုနှစ်ပိုင်း စာသင်ခန်းများတွင် Whiteboard နှင့် Marker Pen များကိုသာ သုံးစွဲမှုများပြားလာသည်။ စာသင်ခန်းအချို့ကလည်း ကိုယ့်အစီအစဉ်နှင့်ကိုယ် ပြောင်းလဲသုံးစွဲကြသည်။

“မြေဖြူသုံးတာ ကျန်းမာရေးထိခိုက်တယ်ဆိုတာမျိုးကြောင့်တော့ မဟုတ်ပါဘူး။ သန့်ရှင်းသပ်ရပ်တယ်။ ခေတ်မီတယ်ဆိုပြီး ဝှိုက်ဘုတ်သုံးကြတာ ထင်ပါတယ်” ဟု ဦးအောင်ဆန်းလင်းကဆိုသည်။

ထုံးဓာတ်ပါသည့် မြေဖြူသုံးသည့်အခါ ထွက်ပေါ်လာသည့် အမှုန်အမွှားများသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်အဆုတ်အတွင်းသို့ ရောက်ရှိပြီး ရောဂါရရှိနိုင်သည်ဟု ဆိုတတ်ကြသော်လည်း မြေဖြူကြောင့် ကျန်းမာရေးထိခိုက်ပါသည်ဟု ဆိုလာသည့် ကျောင်းဆရာ၊ ဆရာမများ မရှိသေးပါ။

“အမှုန်အမွှားတွေက အသက်ရှူလမ်းကြောင်းကိုတော့ ဒုက္ခပေးတာ အနည်းနဲ့အများတော့ ရှိမှာပဲ။ ကိုယ်ခံအားကောင်းတဲ့ ဆရာ၊ ဆရာမတွေ ဘာမှမဖြစ်ပေမယ့် ကျန်းမာရေးအားနည်းတဲ့သူဆို ဖြစ်နိုင်တယ်လေ” ဟု ပုဂ္ဂလိကကျောင်းဆရာတစ်ဦးဖြစ်သည့် ဦးထိန်လင်းဦးက ပြောသည်။

သူက ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ရှိ ပုဂ္ဂလိက အထက်တန်းကျောင်းတစ်ခုတွင် သင်ကြားပေးနေသူဖြစ်သည်။

အချို့ အဆုတ်အားနည်းသူ၊ ကျန်းမာရေးအားနည်းသူများဆိုလျှင် သင်ပုန်းကိုဖျက်ရင်း ချောင်းတဟွတ်ဟွတ်ဆိုးနေသူများလည်းရှိသည်။ အချို့ ကလည်း နှာခေါင်းကိုလက်ဖြင့်အသာပိတ်၍ သင်ပုန်းဖျက်လေ့ရှိကြသည်။

ဆယ်စုနှစ်များစွာ သင်ပုန်းနှင့် မြေဖြူသုံးစွဲခဲ့ရာမှ မာကာပဲန်များကို ပြောင်းလဲသုံးစွဲလာမှုတွင် အသားမကျသဖြင့် ကိုင်တွယ်ရခက်ခဲသော်လည်း မြေဖြူသုံးစွဲမှုထက် များစွာသန့်ရှင်းသပ်ရပ်သည်ကိုတော့ ထောက်ခံကြသည်။

“မြေဖြူဆို ဖျက်ရင် အင်္ကျီ၊ ပုဆိုးအစိမ်းတွေပေါ် ပေလို့လေ။ လက်တွေမှာကော ပေလို့။ မာကာကျတော့ အဲဒါတွေ မရှိတော့ဘူး” ဦးထိန်လင်းဦးက မာကာပဲန်သုံးစွဲခြင်း အားသာချက်ကို ပြောပြသည်။

သို့သော် မာကာပဲန်သုံးစွဲခြင်းက မြေဖြူထက် ကုန်ကျစရိတ်ပိုများသည်ဟု ဆိုသည်။ ဝှိုက်ဘုတ်ကိုဖျက်သည့် အဝတ် စသည်တို့ကို ပုံမှန်ရေလျှော်ပေးရန် လိုအပ်ပြီး မလျှော်ဘဲသုံးစွဲလျှင် ဝှိုက်ဘုတ်ပြာလာတတ်ခြင်း၊ မာကာပဲန် ပုံမှန်မလဲလှယ်လျှင် ရေးသည့်အခါ ထိပ်ဖွာလာခြင်းမျိုးရှိကာ ဝန်ဆောင်မှုအမြဲပေးနေရသည့် ပြဿနာတို့လည်း ရှိသည်။

သင်ပုန်းနှင့် မြေဖြူတွင်တော့ ထိုသို့ မဟုတ်။ သင်ပုန်းဖျက်ဖြင့်ဖျက်လျှင် မပျက်သည့်စာမရှိ။ သင်ပုန်းဖျက်မှာလည်း တစ်ခုဝယ်ထားလျှင် အနည်းဆုံး တစ်နှစ်ခန့်သုံးစွဲနိုင်သည်။

“မြေဖြူက ကွာလတီကောင်းတယ်။ ကလေးတွေ အမြင်မှာရှင်းအောင် ရေးလို့ရတယ်” ဟု မြေဖြူ၏ အားသာချက်ကို ဦးထိန်လင်းဦးက ပြောသည်။

မြေဖြူဖြင့် ရေးသားရသည်မှာ ပိုင်ပိုင်စီးစီးရှိပြီး ကိုယ်နှင့်လည်း အကျွမ်းဝင်ပြီးသားဖြစ်နေကြောင်း၊ စာလုံးထုထည်လည်း ကြီးမားသလို ထင်းကနဲ မြင်သာထင်သာရှိစေကြောင်း ဦးအောင်ဆန်းလင်းကလည်း မြေဖြူ၏ အားသာချက်ကို ပြောပြသည်။

“အစဉ်အဆက်ကတော့ ဒါကိုပဲ ကြိုက်ခဲ့၊ ဒါကိုပဲလက်ခံခဲ့တာကိုး။ ဝှိုက်ဘုတ်သုံးရတာကျတော့ မာကာပဲန်ရဲ့အခြေအနေကို မူတည်ပြီးတော့ စာလုံးသေးသွားတာမျိုးတွေ၊ အသားမကျတာမျိုးတွေ ရှိတယ်” ဟု ၎င်းကဆိုသည်။

မည်သို့ဆိုစေ မြေဖြူကို သုံးစွဲမှုကတော့နည်းပါးနေပြီဖြစ်ပါသည်။ ကျေးလက်ဒေသများနှင့် နွမ်းပါးသည့် စာသင်ကျောင်းများတွင်တော့ သုံးစွဲနေသေးသည်။

ကျေးလက်ကျောင်းဖြစ်၍ ဝှိုက်ဘုတ်နှင့် မာကာပဲန်များ မသုံးစွဲရသေးဘဲ မြေဖြူကိုသာ သုံးရမြဲဖြစ်ကြောင်း၊ မြေဖြူကုန်လျှင် ကျောင်းအုပ်က ဝယ်ပေးကြောင်း စစ်ကိုင်းတိုင်း ကလေး-တမူး ကားလမ်းပေါ်ရှိ ကျေးရွာတစ်ခုမှ မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။

“မြေဖြူက မသုံးလို့ မရဘူး။ နေ့စဉ် နှာခေါင်းစည်းကြီးအုပ်ပြီး စာသင်လို့လည်း မရဘူးလေ။ ဒါကြောင့် ဒီတိုင်းသွားရတယ်” ဟု ၎င်းကဆိုသည်။

ဆရာ၊ ဆရာမဆိုလျှင် မြေဖြူကိုင်သည့်လက်ဟူ၍ တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ပုခက်လွှဲသည့်လက် ကမ္ဘာကိုအုပ်စိုးနိုင်သည်ဟု သားသည်မိခင်များကို တင်စားကြသလို မြေဖြူကိုင်သောလက် ကမ္ဘာကိုတည်ဆောက်နိုင်သည်ဟူ၍လည်း ဆရာမများကို တင်စားခဲ့ကြသည်။ယခုမူ မြေဖြူကိုင်သည့်လက်က နည်းပါးလာပြီ ဖြစ်သည်။

မြေဖြူအစား မာကာပဲန်များရောက်လာသည်။ မြေဖြူခေတ်က ကုန်ဆုံးတော့မည်လား။

“ပျောက်မှာပဲဗျ၊ ပျောက်မယ်လို့ပဲ ထင်တယ်” ဟု မြေဖြူကော၊ မာကာပဲန်ကော နှစ်မျိုးစလုံးဖြင့် စာသင်ကြားလေ့ရှိသည့် ဆရာ ဦးအောင်ဆန်းလင်းက ပြောသည်။

“နောက်ပိုင်းကျ မာကာပန်တွေတောင်မှ တကယ်ခေတ်မီပြီဆိုရင် ကွန်ပျူတာနဲ့ ပရိုဂျက်တာနဲ့ စာသင်ခန်းတွေကို ပြောင်းလိုက်ပြီဆိုရင် မာကာတောင်မှ သုံးတော့မှာမဟုတ်တော့ဘူး။ အရန်လောက်ပဲ ဖြစ်တော့မယ်။ အခုကို တချို့တော့ တက္ကသိုလ်စာသင်ခန်းတွေမှာ ကွန်ပျူတာနဲ့ ပရိုဂျက်တာနဲ့ သုံးနေကြပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင်လည်း စာသင်ခန်းတွင် မြေဖြူနှင့် သင်ပုန်း သို့မဟုတ် မာကာပဲန်နှင့် ဝှိုက်ဘုတ်ရှိသော်လည်း စာတစ်လုံးမှမရေးဘဲ သင်ကြားတတ်သည့် ဆရာ၊ ဆရာမများလည်း ရှိသည်။ Assigment စာရွက်များပေးကာရှင်းပြပြီး မဖြစ်မနေမှသာ သင်ပုန်းပေါ်စာရေးတတ်ကြသည်။

သို့သော် မည်သည့်နည်းနှင့် စာသင်ကြားသည်ဖြစ်စေ အဓိကမှာ သင်ကြားသူ၏ စိတ်စေတနာပင်ဖြစ်သည်ဟု ဆရာဦးထိန်လင်းဦးက ပြောသည်။

“မြေဖြူကိုင်ကိုင်၊ မာကာကိုင်ကိုင် သူတို့ရေးတဲ့လက်က ကလေးတွေရဲ့ အနာဂတ်လမ်းကြောင်းကို ရေးတာပဲ။ မြေဖြူ၊ မာကာကို ကိုယ်စားမပြုပါဘူး” ဟု ၎င်းကဆိုသည်။

အဖြူနှင့် အစိမ်းသည် ပညာရေးကို ရည်ညွှန်းသည်။ စာသင်ကြားသူနှင့် သင်ကြားပေးရသူတို့သည် အင်္ကျီအဖြူနှင့် လုံခြည်အစိမ်းကို ဝတ်ကာ သင်ကြားကြရသည်။ စာသင်ခန်းထဲတွင် အစိမ်းရောင်သင်ပုန်းနှင့် မြေဖြူကို အသုံးပြု၍ စာသင်ကြားသည်။

ဝှိုက်ဘုတ်နှင့် မာကာပဲန်သုံးစွဲသဖြင့် အဖြူနှင့် အစိမ်းသင်္ကေတကတော့ မပျောက်ကွယ်နိုင်ဟု ဦးအောင်ဆန်းလင်းက ပြောသည်။

“မာကာကောင်းရင်တော့ မာကာပဲ သုံးချင်ပါတယ်။ သူက ပိုသွက်တယ်” ဟု စာသင်နှစ် ၁၀ နှစ် ခန့်ရှိပြီဖြစ်သည့် ဆရာဦးထိန်လင်းဦးက သူ့ဆန္ဒကို ပွင့်ပွင့်လင်းလင်း ပြောသည်။

ခေတ်က ပြောင်းလဲနေသည်။ တိုးတက်လာသည့် နည်းပညာများကြောင့် အရာဝတ္ထုတို့ကတည်မြဲမနေ၊ တစ်နေ့ချင်း ပြောင်းလဲလာသည်။ ခေတ်နှင့် ဖက်ရှင်က တစ်ဖန်ပြန်လည်လေ့ရှိသည်ဟု ဆိုကြသည်။ မြေဖြူခေတ်ကကော ပြန်လာနိုင်ဦးမည်လား။ ပြန်လည်မလာနိုင်ဟု ဦးအောင်ဆန်းလင်းက ယုံကြည်နေသည်။

ထို့ကြောင့် သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်ပါအတိုင်း စာတိုတစ်ခုတင်ခဲ့သည်။ ရွှေမန်းအမှတ်တံဆိပ်မြေဖြူဘူးနှင့် စာသင်ခန်းတစ်ခု၏ မြင်ကွင်းပါသည့် ဓာတ်ပုံနှင့်အတူ ဖြစ်သည်။

“ရွှေမန်းဟာ ခေတ်တစ်ခေတ်ဖြစ်ခဲ့ဖူးပြီး မကြာခင် ခေတ်ကဖယ်ထုတ်တဲ့အထဲ ပါတော့မယ်”

 
မြေဖြူကိုင်ရင်း စာသင်ခန်းဝင်ရသည့်အရသာကတော့ လွမ်းစရာကောင်းနေဦးတော့မည် ဖြစ်သည်။ 

 

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *