အောင်ရဲထွေးအသတ်ခံရမှု ကျေအေးပေးရန် မိသားစုကို ကျပ်သိန်း ၁၅၀၀ ပေးသည်ဟု ကော်မရှင်ဆို

ရန်ကုန်၊ နိုဝင်ဘာ ၂

အောင်ရဲထွေးအသတ်ခံရမှုတွင် စွပ်စွဲခံထားရသူ သန်းထွဋ်အောင် (ခေါ်) သားကြီးဖခင်က အမှုကျေအေးပေးရန်  အောင်ရဲထွေးမိသားစုဝင်များကို ကျပ်သိန်း  ၁၅၀၀ ပေးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က တရားခွင်တွင် ထွက်ဆိုသည်။

အဆိုပါအမှုကို ရုပ်သိမ်းပေးရာတွင် လာဘ်စားခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦး တရားစွဲဆိုထားသည့်အမှုတွင် တရားလို ဦးမိုးနိုင်ကို နိုဝင်ဘာလ ၂ ရက်နေ့က  စစ်ဆေးရာတွင် ယင်းသို့ထွက်ဆိုခြင်း ဖြစ်သည်။

အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်ပြီး အောင်ရဲထွေးဖခင်ကို ကျပ်သိန်း ၁၃၀၀၊ အစ်ကိုနှင့် ဦးလေးတို့ကို ကျပ်သိန်း  ၁၀၀ စီ စုစုပေါင်းကျပ်သိန်း ၁၅၀၀ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးနိုင်က ပြောဆိုသည်။

ထို့အပြင် အောင်ရဲထွေးအသတ်ခံရမှုတွင် စွပ်စွဲခံထားရသူ သန်းထွဋ်အောင်၊  ပြည့်ဖြိုးအောင်နှင့် ကျော်ဇော်ဟန်တို့ သုံးဦးသည် အောင်ရဲထွေးကို ရိုက်နှက်ခဲ့သည်ဟု ၎င်းတို့သုံးဦး၏ သူငယ်ချင်းဖြစ်သူကို ပြန်လည်ပြောဆိုထားကြောင်း ဦးမိုးနိုင်က ထွက်ဆိုသည်။

ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ  ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ  ဦးကိုကိုလေး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်  ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ  ဒေါ်သစ်သစ်ခင်၊ အမှုကိုစစ်ဆေးသည့်  ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရဲအုပ်ချစ်ကိုကိုတို့ကို အဂတိလိုက်စားမှုဥပဒေဖြင့် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားသည်။

နိုဝင်ဘာလ ၂ ရက်နေ့ရုံးချိန်းတွင်  တရားလိုဦးမိုးနိုင်က လာဘ်စားသည့်ငွေကြေးနှင့် အမည်များကို ထွက်ဆိုချိန် တွင် စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေ ငါးဦးလုံးက ကန့်ကွက်ကြသည်။

ဒေါ်သစ်သစ်ခင် ကျပ်သိန်း ၃၀ ရယူသည်ဟုပြောဆိုပြီး ဦးအောင်ကြည်နှင့်ပတ်သက်၍ ပြောဆိုမည့်အချိန်တွင်  ဦးအောင်ကြည်၏ ရှေ့နေဖြစ်သူက  ကန့်ကွက်ခြင်းဖြစ်သည်။ ယင်းနောက် အကျိုးဆောင်ရှေ့နေ ငါးဦးစလုံး မတ်တတ်ရပ် ကန့်ကွက်ခြင်းဖြစ်သည်။

“အဲလိုမျိုးဟာတွေ ခဏခဏမြင်နေတော့ တရားသူကြီးက အစွဲအလမ်းဖြစ်ပြီး အမိန့်ချမှတ်သလို ဖြစ်မှာစိုးလို့ ကန့်ကွက်တာပါ” ဟု ဦးအောင်ကြည်အတွက် လိုက်ပါဆောင်ရွက်ပေးနေသည့်  ရှေ့နေ ဦးစိုးလွင်ပြောဆိုသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုတွင် တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦး လာဘ်စားမှုပေါ် ပေါက်သည့်တိုင်ကြားစာကို နိုင်ငံတော်ဘက်က သက်သေခံအဖြစ် တင်သွင်းထားသည်။

ဇူလိုင်လ ၂၅ ရက်နေ့က အောင်ရဲထွေးအမှုကို ရုတ်သိမ်းခွင့်ပေးသည့်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသူ သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက်မတင်မီ  တရားရှင်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ 

ယင်းသို့လွှတ်ပေးခဲ့ခြင်းကြောင့်  လာဘ်စားမှုများရှိနိုင်သည်ဟု ဝေဖန်သံများထွက်လာပြီးနောက် အဂတိလိုက်စားမှု ရှိ မရှိ ပြန်စစ်ရန် နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို  ညွှန်ကြားခဲ့သည်။     

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *