တပ်မတော်ထောက်ခံပွဲများသည် တပ်နှင့်ပြည်သူ တစ်သားတည်းရှိသည့်ပြယုဂ်ဟု တပ်ချုပ်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂

တပ်မတော်ဆောင်ရွက်ချက်များအပေါ် ထောက်ခံသည့်ပွဲများသည် တပ်မတော်နှင့် ပြည်သူ တစ်သားတည်းရှိသည်ဆိုသည့် ပြယုဂ်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ ထောက်ခံပွဲများသည် နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်၏ စစ်မှန်သော သဘောထားများကို သိရှိစေကြောင်း နေပြည်တော်တွင်ကျင်းပသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ ဒုတိယနေ့ဖြစ်သည့် အောက်တိုဘာလ ၃၁ ရက်နေ့က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံအချို့နှင့် အဖွဲ့အစည်း အချို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသည်။

ယင်းသို့ ဝင်ရောက်စွက်ဖက်ကာ တစ်ဖက်သတ်ပုတ်ခတ်မှုများကို အမြို့မြို့အနယ်နယ်တွင်ရှိသည့် အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများက နိုင်ငံ၏အချုပ်အခြာအာဏာထိပါးမှုကို ဆန့်ကျင်ပြီး တပ်မတော်အပေါ် ထောက်ခံပွဲများပြုလုပ်နေသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့၏ အပြုအမူအပြောအဆိုများသည် ၎င်းတို့၏အဖွဲ့အစည်းနှင့် တစ်ဆက် တစ်စပ်တည်းဖြစ်သည့် တပ်မတော်ကိုပါ တိုက်ရိုက်အကျိုးသက်ရောက်စေသည်ကို နှလုံးသွင်းထားကြရန် လိုအပ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

အချုပ်အခြာအာဏာကိုထိပါးရန်  မြန်မာ့တပ်မတော်ကို ဖိအားပေးနေသည့် နိုင်ငံများ၊ အဖွဲ့အစည်းများကို ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်၏ လုပ်ဆောင်ချက်ကို ထောက်ခံသည့်ပွဲများကို ရန်ကုန်အပါ အဝင် မြို့အများအပြားတွင် လုပ်ဆောင်နေကြသည်။

တပ်မတော်ထောက်ခံပွဲတွင် သံဃာတော်များလည်း ပါဝင်ကြပြီး အောက်တို ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင်ပြုလုပ်သည့်  ထောက်ခံပွဲတွင် ဆရာတော်ဦးဝီရသူက သေနတ်ကိုင်မည်ဟု ထောင်ချီသည့်လူအုပ်ကို ဟောပြောခဲ့သဖြင့် ဝေဖန်မှုများ ရှိနေသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *