အသတ်ခံခဲ့ရသည့် ဆော်ဒီဂျာနယ်လစ်မှာ အန္တရာယ်ကြီးသော အစ္စလာမ်မစ်ဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသားပြောကြား

ရီယာ့ဒ်၊ နိုင်ဝင်ဘာ ၂

တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် အသတ်ခံခဲ့ရသော ဆော်ဒီဂျာနယ်လစ်ခါရှိုဂီမှာ အန္တရာယ်ရှိသော  အစ္စလာမ်မစ်တစ်ဦးဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် က ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ဆော်ဒီဂျာနယ်လစ်ကိုသတ်ကြောင်း ဆော်ဒီအစိုးရက တရားဝင်ဝန်ခံမပြောကြားမီအချိန်က ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သားမက် ခွတ်ရှနာ၊ အမေရိကန်သမ္မတ၏  လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်တို့နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောရာတွင် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ခါရှိုဂီမှာ IS အစ္စလာမ်မစ်အဖွဲ့၏  ရှေ့ပြေးအဖွဲ့ဖြစ်သော မွတ်ဆလင်ညီနောင်များအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် က ပြောကြားသည်။

ဝါရှင်တန်ပို့စ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင်ဖြစ်သော ခါရှိုဂီမှာ အိမ်ရှေ့မင်းသားကို ဝေဖန်လေ့ရှိသူဖြစ်ပြီး ၎င်းအသတ်ခံရရသည့်ကိစ္စတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်မှာ  အဓိကစေခိုင်းသူဖြစ်ကြောင်း စွပ်စွဲထားသည်။

ခါရှိုဂီသေဆုံးမှုကို ဆော်ဒီအစိုးရက အစောပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် တူရကီရှိကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သော်လည်း ခါရှိုဂီ၏  ရုပ်အလောင်းကိုမူ ယခုချိန်ထိ ရှာဖွေနေဆဲဖြစ်သည်။

ယခုကိစ္စတွင် ဆော်ဒီတော်ဝင်မိသားစု ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်များကို ငြင်းဆိုထားပြီး  ဆော်ဒီအစိုးရက သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးထားပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် တရားစီရင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ဖြေရှင်းချက်အပေါ် ကျေနပ်မှုမရှိသော်လည်း ဆော်ဒီနှင့် သဘောတူထားသော လက်နက်အရောင်းအဝယ်ကိုမူ ပယ်ဖျက်မည်မဟုတ်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားသည်။

ခါရှိုဂီအသတ်ခံရမှုသည် ရာဇဝတ်မှုဖြစ်သလို ဆိုးဝါးသည့်လုပ်ရပ်ဖြစ်ကြောင်း ပြင်သစ်ကပြောကြားထားပြီး ဆော်ဒီအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လာဒရီယွန်က အောက်တိုဘာ  ၃၁ ရက်နေ့တွင် ပြောကြားသည်။          

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *