ချက်ကောင်းထိသွားသည့် ဖုယွင်လုပ်သားသပိတ်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ဂိတ်တံခါးအဝများသည် သပိတ်တိုက်ပွဲဝင်မည့်နေရာ ဖြစ်လာဖွယ်ရှိသည်။

၇၂ ရက် ကြာနေပြီဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်သမားသပိတ်မှောက်မှုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသို့ ဝင်ထွက်သည့် ဂိတ်အမှတ် (၄)  တံခါးအပေါက်ဝတွင် သပိတ်စခန်းဖွင့်ပြီးမှ ပြေလည်မှု ရသွားသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ကြားဝင်ဖြေရှင်းရသည့်အဆင့် ရောက်သွားသည်။

အလုပ်သမား ၃၀ ဦးကို အလုပ်ထုတ်ရာမှ စတင်ခဲ့သည့် ယင်းသပိတ်မှောက်မှုကို အစောပိုင်းကာလကပင် ပြဿနာမကြီးထွားခင် တိုင်းအစိုးရက ဖြေရှင်းသင့်ပြီး လက်ရှိအခြေအနေမှာ အပ်နှင့်ထွင်းရမည့်အရာကို ပုဆိန်ဖြင့်ထွင်းရသည့်အဆင့်သို့ ရောက်သွားခြင်းဟု ဝေဖန်သံများ ရှိနေသည်။

တိုင်းအစိုးရအဖွဲ့ရုံးရှေ့တွင် သပိတ်စခန်းဖွင့်မှ ပြဿနာပြေလည်သည်ဆိုလျှင် ပုဆိန်ဖြင့်ထွင်းရမှု အစဉ်အလာဖြစ်သွားမည်ကို စိုးရိမ်သူများလည်း ရှိသည်။

သပိတ်အရှိန် မြှင့်ခြင်း

စက်ရုံရှေ့ကို ပိတ်ဆို့ဆန္ဒပြမှု ၅၆  ရက်အကြာတွင် စက်ရုံဝင်ပေါက်များကို  လိုက်လံပိတ်ဆို့သဖြင့် စက်ရုံပိုင်ရှင်က လူမိုက်ငှားရမ်းကာ ခေါ်ရိုက်သည်ဟု အလုပ်သမားများက ပြောဆိုကြသည်။ ထို့ကြောင့် အလုပ်သမား ၂၄ ဦး ဒဏ်ရာရရှိသည်။

အရိုက်ခံရပြီး ငါးရက်အကြာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် အလုပ်သမားများက ကြေညာချက်ထုတ်သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနှင့် အောက်တိုဘာလ ၂၅ ရက်နေ့  မတိုင်ခင် ဖုယွင်သပိတ်စခန်းပြဿနာကို ဖြေရှင်းပေးရန်ဖြစ်သည်။

ဖြေရှင်းပေးခြင်းမရှိသဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ အလုပ်သမားအရေးဆောင်ရွက်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ သပိတ်အရှိန် မြှင့်မည်ဟု အလုပ်သမားများက ကြေညာသည်။

ယင်းနောက် သုံးရက်အကြာတွင် ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံတွင် လူထုအစည်းအဝေးပွဲလုပ်ကာ ယင်းမှတစ်ဆင့် အင်အားတစ်ရာကျော်ဖြင့် တိုင်းအစိုးရအဖွဲ့ရုံးသို့ ခြေလျင်ချီတက်ကြသည်။  နံနက် ၁၁ နာရီခန့်တွင် တိုင်းအစိုးရရုံးရှေ့သို့ရောက်ပြီး အလုပ်သမားများက ဝန်ကြီးချုပ်နှင့် တွေ့ခွင့်တောင်းသည်။

တွေ့ဆုံခွင့်တောင်းဆိုပြီး လေးနာရီခန့်အကြာတွင် ဝန်ကြီးချုပ်အစား အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်နှင့်သာ  အလုပ်သမားကိုယ်စားလှယ်ငါးဦးတို့ ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌  တွေ့ခွင့်ရသည်။

နှစ်နာရီကျော်ကြာတွေ့ဆုံညှိနှိုင်းမှုမှာ မပြေလည်ခဲ့ပေ။ ဦးဇော်အေးမောင်နှင့် အလုပ်သမားများအကြား စကားအပြန်အလှန်အချင်းများခြင်းဖြင့် ပြီးဆုံးခဲ့သည်ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော သပိတ်မှောက်အလုပ်သမားခေါင်းဆောင် မသက်ထားဆွေက ပြောဆိုသည်။

ဝန်ကြီးကမ်းလှမ်းသည့် အချက်နှစ်ချက်ကို အလုပ်သမားက လက်မခံကြပေ။

တွေ့ဆုံညှိနှိုင်းရာတွင် ဦးဇော်အေးမောင်က အလုပ်ထုတ်ခံရသူများကို တခြားစက်ရုံများတွင် အလုပ်သွင်းပေးမည်၊ ဖုယွင်လုပ်ငန်းရှင်ကိုလည်း အလုပ်ပြန်ခန့်ရန် ယင်းစက်ရုံသို့ အထည်အပ်နှံသည့် ကုမ္ပဏီမှတစ်ဆင့် ဖိအားပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးဇော်အေးမောင်က ၎င်းကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်လျှင် ဆိုးသွမ်းပြီး လုပ်ငန်းရှင်အား တွန်းလှန်မည့်သူများကို အလုပ်ခန့်မည်မဟုတ်ဟု ပြောဆိုကြောင်း တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မသက်ထားဆွေက မီဒီယာများကို ပြောဆိုသည်။

တွေ့ဆုံဆွေးနွေးသူများ ပြန်မရောက်ခင် သပိတ်စခန်းဖွင့်ရန် ဝါးများ၊ အသုံးအဆောင်ပစ္စည်းများ ကားတစ်စီးဖြင့် ရောက်လာသည်။ ယင်းနောက် အလုပ်ထုတ်ခံရသူများကို အခြားစက်ရုံတွင် အလုပ်ခန့်ပေးမည်ဟု အစိုးရကမ်းလှမ်းချက်ကို လက်မခံနိုင်ဟုဆိုကာ သပိတ်စခန်းဖွင့်ကြသည်။

အစိုးရအဖွဲ့ရုံးရှေ့ သပိတ်စခန်းဖွင့်ကာ အလုပ်သမားအချို့အိပ်နေကြချိန် ည ၁၀ နာရီခန့်တွင် အလုပ်သမားများကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အစိုးရအဖွဲ့ရုံးသို့ ခေါ်ယူကာ တွေ့ဆုံသည်။ ယင်းနေ့ည တွေ့ဆုံမှုတွင် ပြဿနာဖြေရှင်းခြင်းမဟုတ်ဘဲ နောက်နေ့တွင် အလုပ်ရှင်နှင့် တွေ့ဆုံ ညှိနှိုင်းပေးမည်ဟုကတိပေးကာ စက်ရုံရှေ့သို့ပြန်သွားရန် အစိုးရကညှိနှိုင်းခြင်း ဖြစ်သည်။

ယင်းနောက် အလုပ်သမားများနှင့်  ဝိုင်းရံသူများကို YBS ယာဉ်စီစဉ်ပေးကာ ဖုယွင်စက်ရုံရှေ့သို့ ပြန်ပို့ပေးခဲ့သည်။ နောက်နေ့ မွန်းလွဲ ၁ နာရီတွင် ယင်း YBS ယာဉ်များဖြင့် အလုပ်သမားများကို တိုင်းအစိုးရရုံးသို့ ပြန်ခေါ်လာသည်။

တိုင်းအစိုးရ၊ တရုတ်သံရုံး၊ တရုတ်ကုန်သည်အသင်းက တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားတို့ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် အလုပ်ထုတ်ခံရသည့် သပိတ်မှောက်အလုပ်သမား ၃၀ ဦး ကို အလုပ်ပြန်ခန့်ရန် သဘောတူခဲ့ကြသည်။

ယင်းနောက် စက်ရုံတွင်ရှိသည့် အလုပ်သမားများနှင့် ညှိနှိုင်းပေးရန် စက်ရုံသို့ အပြန်ခရီးတွင် ဝန်ကြီးချုပ်ကိုယ်တိုင်လိုက်ပါကာ သုံးနာရီခန့်ကြာ ဖြေရှင်းပေးခဲ့ရသေးသည်။ သပိတ်မှောက်အလုပ်သမားများကို အလုပ်ပြန်ခန့်မည်ကို ကန့်ကွက်သည့်အလုပ်သမားများကြောင့် ယင်းသို့ ကြာမြင့်ခဲ့ခြင်းဖြစ်သည်။

ဖုယွင်သပိတ်မှာ ဝန်ကြီးချုပ်ကိုယ်တိုင် ကြားဝင်ရောက်ဖြေရှင်းရသည့် ပထမဆုံးသပိတ်စခန်းဖြစ်လာသည်။

ပြေလည်မှုသည် အဆင့်ဆင့်သော ဆွေးနွေးမှုများ၊ ဝန်းရံပြည်သူများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂအဖွဲ့အစည်းအသီးသီး၏ ဝန်းရံမှုများကြောင့် ပြေလည်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်မှောက်အလုပ်သမားခေါင်းဆောင် မသက်ထားဆွေက ပြောဆိုသည်။

တွေ့ဆုံညှိနှိုင်းမှုတွင် တိုင်းဝန်ကြီးချုပ်၊ တရုတ်သံရုံး၊ တရုတ်လုပ်ငန်းရှင်များအသင်းပါ ပါဝင်လာပြီး ဖုယွင်စက်ရုံပိုင်ရှင်၏ သဘောထားမှာလည်း ချက်ချင်းပြောင်းလဲသွားသည်ကို တွေ့ရကြောင်း  မသက်ထားဆွေက ဆိုသည်။

အလုပ်ပြန်လည်ခန့်အပ်ရေး၊ ကျွမ်းကျင်ကြေး၊ အချိန်ပိုလုပ်အားခများကို အခြားစက်ရုံများကဲ့သို့ သတ်မှတ်ထား သည့်နှုန်းထားအတိုင်း ပေးဆောင်မည်ဟု သဘောတူညီချက်ရရှိခဲ့သည်။ ယင်းအပြင် သပိတ်မှောက်မှုကြောင့် အလုပ်သမားများအပေါ် တရားစွဲဆိုမှုများကိုလည်း ရုပ်သိမ်းပေးမည်ဟု တိုင်းအစိုးရက ကတိပေးထားသည်။

နိုင်ငံရေး ကစားကွက်လား

နှစ်လကျော်ကြာ ပြေလည်မှုမရသော ဖုယွင်သပိတ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က တစ်ရက်အတွင်း ဖြေရှင်းနိုင်ခဲ့သည်။

သို့သော် သပိတ်စတင်ဖြစ်ပွားခဲ့စဉ်ကပင် မည်သည့်အတွက်ကြောင့် မဖြေရှင်းနိုင်ခဲ့သနည်းဟုလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် သပိတ်မှောက်မှုအများအပြားကို ယခင်က ဖြေရှင်းမပေးခဲ့ကြောင်း ဖုယွင်သပိတ် ကိုဝန်းရံခဲ့သော အလုပ်သမားအရေးဆောင်ရွက်သူ၊ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်တည်ထောင်သူ ဒေါ်မျိုးမျိုးအေး က ပြောဆိုသည်။

“ဒါကတော့ လှပတဲ့နိုင်ငံရေးကစားကွက်ပေါ့။ ကြားဖြတ်နီးနေတဲ့အချိန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ အကျပ်အတည်းကာလတစ်ခုမှာ ဒါသူ့အတွက် ထွက်ပေါက်တစ်ခုပေါ့” ဟု ၎င်းကသုံးသပ်သည်။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း ယင်းရှုမြင်ချက်ကို ထောက်ခံသည်။

Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်အပါအဝင် သုံးဦးကို ဖမ်းဆီးတရားစွဲဆိုမှု၊ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ တွေ့ရှိချက်များကြောင့် ကောင်းကွက်များ မရှိချိန်၊ အမှတ်နည်းနေချိန် ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အချိန်ကာလ ရှိတယ်လေဗျာ။  ကြားဖြတ်ရွေးကောက်ပွဲက ရန်ကုန်ပုံရိပ်ကို ကျလို့မရဘူး” ဟု ဦးကျော်ဇေယျက မှတ်ချက်ပေးသည်။

အလုပ်သမားများ ယင်းသို့ကြားဖြတ်ရွေးကောက်ပွဲရှိနေသည့်အချိန်ကောင်းပေါ်မူတည်၍ အချိန်ကောင်းကို ရွေးပြီး တိုက်ပွဲဝင်သွားခြင်းကို ချီးကျူးသည်ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

သပိတ်မှောက်မှု စဖြစ်ချိန်က ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက စက်ရုံသို့သွားရောက်စစ်ဆေးရာတွင် အလုပ်သမား ၃၀ ကိုပြန်ခန့်ပါက လုံးဝလက်ခံလိုသည့်   ပုံစံမတွေ့ရကြောင်း ယင်းကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးကျော်ဇေယျ က ပြောဆိုသည်။

“အလုပ်ရှင်က လုံးဝလက်ခံချင်ပုံ မပေါ်ဘူး။ ဒါကို ဘယ်လိုအပေးအယူနဲ့ ဖြေရှင်းတယ်ဆိုတာက ဝန်ကြီးချုပ်ရဲ့  လျှို့ဝှက်ချက်ပဲ။ ကျွန်တော်လည်း မသိဘူး” ဟု ၎င်းကဆိုသည်။

ဖြေရှင်းပုံ မှန်ကန်ပါ၏လော

အလုပ်သမားသပိတ်သည် အဆင့်ဆင့်သော ညှိနှိုင်းဆွေးနွေးမှုများအပြီး နှစ်လကျော်အကြာ ရက်ပေါင်း ၇၂ ရက် တွင် ပြီးဆုံးသည်။

ထိုသို့ ပြီးဆုံးခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်ရှိသော အလုပ်သမားများအတွက် အစဉ်အလာဖြစ်သွားနိုင်သည်။ အစိုးရအဖွဲ့ရုံးကို ပိတ်ဆို့ဆန္ဒပြ၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံလျှင် အလုပ်သမားပြဿနာ အမြန်ဆုံး ဖြေရှင်းနိုင်မည်ဆိုသော အစဉ်အလာဖြစ်သည်။

အလုပ်သမား၏အတွေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်တောင်းလျှင် အလုပ်သမားများ တောင်းဆိုချက်ရသည်ဟု အတွေးဝင်သွားမည်ကို စိုးရိမ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။

လက်ရှိအချိန်တွင် အထည်ချုပ်စက်ရုံလုပ်ငန်းရှင်များအနေနှင့် အခက်အခဲများစွာရှိနေကြောင်း ၎င်းကဆိုသည်။

အလုပ်သမားများ စက်ရုံတံခါးပေါက် ပိတ်ဆို့ဆန္ဒပြမှုများကြောင့် အထည်ထုတ်လုပ်မှုပြည့်သည်အထိ မဆောင်ရွက်နိုင်ခြင်းအပါအဝင် ချုပ်လုပ်ပြီးအထည်များကို နိုင်ငံခြားသို့မတင်ပို့နိုင်ခြင်း စသည့်အခက်အခဲများ ကြုံနေရကြောင်း အထည်ချုပ်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြေရှင်းခဲ့သော လမ်းစဉ်သည် ကောင်းသောဖြေရှင်း ချက်ဖြစ်ကြောင်း၊ အလုပ်သမားများကို အစီအစဉ်တကျ တစ်ပတ်တစ်ခါ စက်ရုံသို့ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဟုလည်း ကတိပေးခဲ့ကြောင်း ဒေါ်မျိုးမျိုးအေး က ဆိုသည်။

“ထပ်မံဖြစ်ပေါ်လာတဲ့သပိတ်များကို ဖြေရှင်းပေးနိုင်မလားဆိုတာကတော့ သူ့ရဲ့စိတ်ဝင်စားမှုအပေါ်ပဲ မူတည်တယ်”  ဟု ၎င်းကပြောဆိုသည်။

ဝန်ကြီးချုပ်ရုံးရှေ့သို့ လာရောက်တောင်းဆိုခြင်းသည် နောက်ဆုံးအဆင့်ဖြစ်ကြောင်း၊ နောက်ပိုင်းသပိတ်မှောက်သူများအနေနှင့် ထိုလမ်းစဉ်ကိုလိုက်နိုင်ကြောင်း ဒေါ်မျိုးမျိုးအေးက ထပ်မံပြောဆိုသည်။

အလုပ်ရှင် အလုပ်သမားပြဿနာကို ဥပဒေအရ မြို့နယ်အဆင့်ညှိနှိုင်းဖျန်ဖြေရေး၊ တိုင်းနှင့် ပြည်နယ်အဆင့် ခုံသမာဓိအဖွဲ့၊ ဗဟိုအဆင့် ခုံသမာဓိကောင်စီ၊ နောက်ဆုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့်သွားနိုင်သည်။ သို့သော်လည်း ယင်းဖြေရှင်းနည်းမှာ ကြန့်ကြာပြီး မထိရောက်ဟု အလုပ်သမား များက ယူဆကာ သပိတ်တိုက်ပွဲ ဆင်နွှဲကြခြင်းဖြစ်သည်။

နဂိုကပင် မသုံးလိုသည့်အခြေအနေတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြေရှင်းခြင်းကြောင့် အောင်မြင်သွားရာ ယင်းယန္တရားများကို အားကိုးမှု ပိုနည်းသွားနိုင်သည်ဟု ယူဆချက်များလည်းရှိနေသည်။

ဖုယွင်သပိတ်ပြဿနာသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထပ်မံဖြစ်ပေါ်လာမည့် အလုပ်သမားသပိတ်များ၏ ရန်ကုန်တိုင်းဝန်ကြီးချုပ် အစိုးရရုံးရှေ့တွင် ဝန်ကြီးချုပ်ဖြေရှင်းပေးရန်တောင်းဆိုလာလျှင် မည်သို့လုပ်ဆောင်မည်နည်း။

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ဝန်ကြီးဆီရောက်ရင် အလုပ်ရှင်က လျှော့ပေးတယ်။ အလုပ်သမားက ဆန္ဒပြရင်ရတယ်ဆိုတဲ့အတွေး ခေါင်းထဲဝင်သွားရင် နိုင်ငံအတွက် မကောင်းတဲ့လက္ခဏာပဲ။ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် မကောင်းဘူး” 

 

မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *