၂၀၁၈ စည်ပင်ဥပဒေသစ်ဖြင့် အမှု ၃၀ ခန့် အရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၂

အသစ်ထွက်ရှိထားသော ထောင်ဒဏ်နှင့် ငွေဒဏ်များပါဝင်သည့် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေဖြင့် တရားဆွဲဆိုထားသည့် အမှုပေါင်း ၃၀ ဝန်းကျင်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်  ဒေါ်မေမေသွယ်က ပြောကြားသည်။

အဆိုပါဥပဒေသစ်သည် ပြီးခဲ့သည့်  အောက်တိုဘာလ ၁ ရက်မှ စတင်အသက်ဝင်ခဲ့ခြင်းဖြစ်သည်။

“သူက ထပ်ခါထပ်ခါတွေ တရားစွဲရမယ့်ဟာတွေ ရှိတယ်လေ။ ပိုပြီးသင့်လျော်တာက နိုဝင်ဘာလကုန်လောက်ဆို (အမှု အမျိုးအစားများကို) ခိုင်ခိုင်မာမာ ပြောနိုင်မယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက စွဲလို့ပါ” ဟု  YCDC မှ အမည်မဖော်လိုသော  တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဥပဒေကိုချိုးဖောက်သူများကို ပထမအကြိမ် တရားစွဲပြီးနောက် ထပ်မံကျူးလွန်ပါကလည်း ထပ်မံတရားစွဲဆိုနိုင်ခွင့်ရှိကာ ပြစ်ဒဏ်မှာလည်း ပိုမိုပြင်းထန်လာကြောင်း အသစ်ထွက်ရှိထားသော ၂၀၁၈  ခုနှစ် စည်ပင်ဥပဒေအရ သိရသည်။

“(တရား) စွဲလိုက်တယ်။ သူ ထပ်မလုပ်ဘူးဆိုရင်တော့ ပြီးပြီပေါ့။ ထပ်လုပ်နေရင်တော့ နောက်ထပ် ထပ်စွဲရမှာပေါ့” ဟု အဆိုပါ YCDC တာဝန်ရှိသူက  ဆက်လက်ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ၂၀၁၈ ခုနှစ် စည်ပင်ဥပဒေတွင်  စည်းကမ်းချိုးဖောက်သူများကို အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်ကျပ်သိန်း  ၅၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စည်ပင်ဥပဒေတွင် ထောင်ဒဏ်များသတ်မှတ်ပြဋ္ဌာန်းထားသောကြောင့် ဩဂုတ်လမှ နိုဝင်ဘာလအထိ ပညာပေးကာလသတ်မှတ်ကာ ပညာပေးလက်ကမ်းစာရွက်များကို မြို့တော်စည်ပင်က ဖြန့်ဝေခြင်း၊ မြို့နယ်များသို့ စည်ပင်ဝန်ထမ်းများ သွားရောက်၍ ရှင်းပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း YCDC ဥပဒေစိစစ်ရေး ကော်မတီအဖွဲ့ဝင် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက  ဆိုသည်။

၂၀၁၈ ခုနှစ် စည်ပင်ဥပဒေသစ်အရ စည်ကမ်းမဲ့ကွမ်းတံတွေးထွေးလျှင် ဒဏ်ငွေ ကျပ်သုံးသောင်းမှ ငါးသောင်းအထိ ကျခံရမည်ဖြစ်ပြီး စည်ပင်ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ်ရပ်နားခကောက်ခံလျှင်  ဒဏ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိနှင့် ထောင်ဒဏ်ခြောက်လအထိ ကျခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် YCDC ၏ ရေဆိုးသန့်စင်သည့် စနစ်ကိုပျက်စီးအောင် ဆောင်ရွက်လျှင် ဒဏ်ငွေကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ အထိနှင့် ထောင်ဒဏ်ခြောက်လမှ  တစ်နှစ်အထိ ကျခံရနိုင်ကြောင်း အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *