တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ပြန်ဆိုတေးသီချင်းများ တေးသံရှင်စည်သူလွင် အဓိကသီဆိုမည်

ရန်ကုန်၊ နိုဝင်ဘာ ၂

လေးနှစ်ကျော်အကြာမှ A Part Of Me အမည်ဖြင့် ကျင်းပမည့် တေးသံရှင်စည်သူလွင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ပြန်ဆိုတေးသီချင်းများသာ အဓိကပြန်လည်သီဆိုဖျော်ဖြေသွားမည်ဟု ၎င်းက ပြောကြားသည်။

“အရင် ကျွန်တော်ဖျော်ဖြေပွဲတွေမှာတော့ ကိုယ်ပိုင်သီချင်းတွေမဟုတ်တဲ့  အတွက်ကြောင့် ပြန်ဆိုတေးတွေ ပြန်ဆိုတာနည်းပါတယ်။ အခုဒီပွဲမှာတော့ ပရိသတ်တွေအတွက် ခံစားမှုအသစ်ဖြစ်အောင် ပြန်ဆိုတေးသီချင်းတွေကိုပဲ အဓိကသီဆိုသွားမယ်။ မပါမဖြစ်ဆိုရင် ကိုယ်ပိုင်သီချင်း ငါးပုဒ်လောက်ပဲ ဆိုသွားမယ်”ဟု တေးသံရှင်စည်သူလွင်က ဆက်လက်ပြောသည်။

အဆိုပါဖျော်ဖြေပွဲတွင် သီချင်းအပုဒ်ရေ ၃၀ နီးပါးပြန်လည်သီဆိုသွားမည် ဖြစ်ပြီး တေးသံရှင်ဟေမာနေဝင်း၊ ဂျူဝယ်လ်တို့နှင့် တွဲဖက်သီဆိုသွားမည် ဖြစ်သည်။

“မူရင်းဆိုခဲ့တဲ့ အဆိုတော်တွေရဲ့ရသတွေလည်း မပျောက်အောင် လုပ်သွားမှာပါ။ ပြီးတော့ ပရိသတ်နဲ့ ကိုစည်လည်း အပေးအယူမျှအောင် မူရင်းသီချင်းတွေကိုလည်း ပရိသတ်နဲ့တစ်သားတည်းဖြစ်အောင် ပြုလုပ်သွားမယ်”ဟု Plus Three  Band ဝိုင်းဖြင့် တီးခတ်ပေးမည့် ဥက္ကာဦးသာက ဆိုသည်။

A Part Of Me ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၀ရက်နေ့ည ၇နာရီ Hexagon  Complex  ရွှေထွဋ်တင်ကွင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ၃၀,၀၀၀ ကျပ်၊ ၅၀,၀၀၀ ကျပ်နှင့် ၁၀၀,၀၀၀ကျပ်တို့ဖြစ်ကာ လက်မှတ်များကို မန်းသီရိတေးသံသွင်းနှင့် Myan-pwel အွန်လိုင်းတို့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။   

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *